ပေါ်ပေါ့ပေါ် သင်္ကြန်

သင်္ကြန်ကာလက မဏ္ဍပ်ပေါ်တွင် အမျိုးသမီးများ မပေါ့်တပေါ် အဝတ်အစားများဖြင့် ကနေကြ သည်။ အောက်ခံ ဘောင်းဘီတိုလေးတွေနှင့် ဖြစ်သည်။ အမျိုးသားများ အားပါးတရ ကြည့်ကြသည်။ ကြည့်လို့ မဝသဖြင့် ဖုန်းကင်မရာများဖြင့် ဓာတ်ပုံရိုက်လိုက်ကြသေးသည်။ ဖုန်းရေစိုမည်ကိုပင် ဂရုမစိုက်။



ထိုပုံများ အွန်လိုင်းပေါ်သို့ တက်လာသည်။ အမျိုးသားများ သဘောကျကြသည်။ အချို့ သွားရည်တွေပင် ကျကုန်သည်။ ထိုမဏ္ဍပ်ကို မရောက်ခဲ့သည်ကိုပင် အားမလိုအားမရ ဖြစ်ကုန်ကြသည်။ နောက်နေ့ ထိုမဏ္ဍပ်ကို အရောက်သွားရန်ပင် စိတ်ကူးကြသေးသည်။

ထိုအွန်လိုင်းပေါ်သို့ တက်လာသည့် ပုံများကို ကိုယ့်သူငယ်ချင်းများကိုလည်း မြင်စေချင်သည်။ ထို့ကြောင့် ဖြန့်ဝေကြသည်။ သို့သော် ဒီအတိုင်း ဖြန့်လို့မဖြစ်။ ကိုယ့်ကိုနှာဘူးဟု အထင်ခံရနိုင်သည်။ အွန်လိုင်းပေါ်တွင် ဂုဏ်သိက္ခာရှိသူများ ဖြစ်သဖြင့် နှာဘူးဟု အထင်ခံရလို့ မဖြစ်။

ဒါကြောင့် ထိုပုံများကို ဖြန့်ဝေရာတွင် “ရိုးရာယဉ်ကျေးမှုကို ဖျက်ဆီးသူတွေ”၊ “ရွံစရာကောင်းလိုက်တာ”၊ “အစိုးရက ဒီအတိုင်း ကြည့်နေမှာလား၊ အရေးမယူဘူးလား”၊ “အရှက်မရှိဘူး” စသည့် စာများရေး ကာ ဖြန့်ကြသည်။ ယင်းသို့ ဖြန့်သဖြင့် ပျံ့ကုန်သည်။ ပျံ့ကုန်သဖြင့် လူသိများသွားသည်။

အချို့လည်း ထိုပုံအောက်တွင် သွားဆဲကြသည်။ မအေ နှမ အပျက်မ စုံအောင် ဆဲကြသည်။ ဆဲတာတွေက ကြမ်းလွန်းသဖြင့် အချို့မေတ္တာရှင်ကြီးများက ထိုမပေါ့်တပေါ်ဝတ် အမျိုးသမီးများကို သနားသွားကြ သည်။ ပြတာကနည်းနည်း ဆဲတာက များများတွေ ဖြစ်ကုန်သည်။

တကယ်တော့ ဆဲသူ အမျိုးသားများလည်း အားရအောင် ကြည့်ပြီးမှ ဆဲကြခြင်း ဖြစ်သည်။ စိတ်ထဲက သဘောကျသော်လည်း သူများတွေ ဆဲတာမြင်သဖြင့် ကိုယ်မှ မဆဲလျှင် ခေတ်မမီဟု ထင်ကာ ခေတ် မီအောင် ဆဲကြသည်။

အမျိုးသမီးများကတော့ ထိုကဲ့သို့ ဝတ်စားမှုအပေါ်တွင် မှတ်ချက်မပေးရဲပေ။ မှတ်ချက်ပေးလိုက်လျှင် ကိုယ့်ပါ ရောယောင်ကာ အဆဲခံရနိုင်သည် မဟုတ်ပါလား။ သူတို့ကတော့ အမျိုးသမီး အခွင့်အရေး ဆုံးရှုံးသည်ဟု ခံစားနေရနိုင်သည်။

အချို့ကလည်း ဒီမိုကရေစီကို အပြစ်တင်ကြသည်။ ဒီမိုကရေစီခေတ်မို့ ဒီလိုဖြစ်လာတာဟု ဆိုကြသည်။ ဦးသန်းရွှေ ခေတ်တုန်းကဆို ဒီလို ဘယ်လုပ်ရဲမလဲဟု မှတ်ချက်ပြုကြပြန်သည်။ အချို့လည်း တိုးတက် လာသဖြင့် ဒါတွေကို လက်ခံဖို့ လိုသည်ဟု ပြောကြပြန်သည်။ ဒီလိုနှင့် ဖော်တာချွတ်တာ ကောင်းတယ် မကောင်းဘူး အငြင်းအခုံတွေ ဖြစ်ကုန်သည်။

ထိုသို ကြည့်ကြ ရှုကြ ဖြန့်ကြ ဝေကြ ဆဲကြ ဆိုကြ ပြီးသောအခါတွင်တော့ သတင်းတစ်ခု တက်လာသည်။ ထိုအကမယ်တွေသည် မြန်မာပြည်က မဟုတ်ဘဲ ထိုင်းနိုင်ငံက အခြောက်တွေလည်း ပါသည်ဟု စီစဉ် သူကြီးက ဆိုလာသည်။ အမျိုးသမီးထင်၍ အားရပါးရ ငမ်းပြီးမှ အခြောက်တွေဟု သိသွားသောအခါ အမျိုးသားအချို့ စိတ်ပျက်သွားကြသည်။

ဒါကြောင့် ထပ်ဆဲကြပြန်သည်။ မြန်မာယဉ်ကျေးမှုကို လာဖျက်ဆီးတာ၊ မြန်မာအကမယ်တွေကို သက် သက်နှိမ်တာ၊ နိုင်ငံခြားက ခေါ်သဖြင့် နိုင်ငံခြားငွေတွေ ကုန်တယ်၊ ဒါ မြန်မာတွေကို လူရာ မသွင်းတာ စသည်ဖြင့် ပြောဆိုကြသည်။

ပြဿနာက သင်္ကြန်ပြီးသည်အထိ အဆုံးမသတ်နိုင်သေး။ ထိုပွဲစီစဉ်သူကြီးက ပြန်ပြီး ခွန်းတုံ့ပြန်လိုက် သည်။ မြန်မာတွေ ထိုင်ဝေဖန်မနေဘဲ အလုပ်လုပ်လျှင် မြန်မာပြည် ပိုတိုးတက်နိုင်မည်ဟု အဓိပ္ပာယ်ပါသော စကားနှင့်ဖြစ်သည်။ ဝေဖန်သူတွေ ဟတ်ကော့ကြီး ဖြစ်သွားသည်။ သို့သော် အလုပ်လုပ်တာက ပင်ပန်း သည်။ ဆဲတာက လွယ်သည်ဟု တွက်ပုံရသည်။ ထပ်ဆဲကြပြန်သည်။

ထိုသို့ ဆဲဆိုဝေဖန်သည့် အကျိုးဆက်များအရ ထိုမဏ္ဍပ်ကို Black List သွင်းလိုက်လေသည်။ နောက်နှစ် မဏ္ဍပ်ဆောက်ခွင့် မပြုတော့ဟု အစိုးရအဖွဲ့က ကြေညာလိုက်သည်။

အမျိုးသားများ စိတ်ညစ်သွားကြသည်။ နောက်နှစ်ဆို မပေါ့်တပေါ် ပုံများကို မမြင်ရတော့ဘူး ဟုလည်း တိုးတိုးတိတ်တိတ် ညည်းကြသည်။ စိတ်ထဲက မပါဘဲ နှာဘူးဟု အထင်ခံရမည် စိုးသဖြင့် ဆဲခဲ့ ဝေဖန်ခဲ့ သည်များအတွက် နောင်တရကြလေသည်။

ထိုမဏ္ဍပ်ရှင်ကတော့ ဝမ်းသာနေသည်။ မဏ္ဍပ်မဆောက်၊ အကအဖွဲ့ မငှားရတော့သဖြင့် အလုပ်မရှုပ်၊ ပိုက်ဆံ မကုန်သောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ထိုပွဲကို စီစဉ်သူနှင့် မဏ္ဍပ်ဆောက်သည့် အရက်ကုမ္ပဏီကတော့ ဆဲကြ၊ ဖြန့်ကြသူအပေါ် တို့ကို ကျေးဇူးတင်နေပေလိမ့်မည်။ ထူးထူးထွေထွေ ကြော်ငြာစရာ မလိုဘဲ ကုန်ပစ္စည်း နာမည်ကြီး သွားသောကြောင့် ဖြစ်သည်။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...