သီရိလင်္ကာ လူဝင်မှုကြီးကြပ်ရေး၏ ရိုက်ချက်
သီရိလင်္ကာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ တောင်ဘက်အဆုံးရှိ ကျွန်းနိုင်ငံလေး တစ်နိုင်ငံဖြစ်ပြီး မြေပုံတွင် ကျွန်းသဏ္ဌာန်က ကြွေဆင်းလာသော မျက်ရည် ပေါက်ကလေးနှင့် တူနေသောကြောင့် အချို့က Tear drop of India လို့လည်း တင်စားခဲ့ကြသည်။ ကမ္ဘာပေါ်တစ်ချိန်က သီဟိုဠ် Ceylon ဟု ထင်ရှားခဲ့ပြီး နောင်တွင် သီရိလင်္ကာအဖြစ် အမည်ပြောင်းခဲ့ကြသည်။
ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံများ စာရင်းတွင် သီရိလင်္ကာသည် အထင်ကရ ပါဝင်နေသော နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ယနေ့တိုင် ထင်ရှားသော ဗုဒ္ဓစွယ်တော်တစ်ဆူက အေးချမ်းလှပသည့် Kandy မြို့ကလေးရှိ စွယ်တော်တိုက်တွင် ကိန်းဝပ်လျက်ရှိနေကာ ယနေ့တိုင် ယင်းစွယ်တော်ဖွင့်သော နှစ်များ တွင် ရှေးထုံးတမ်းစဉ်လာအရ ဆင်မြင်းတို့ ခြံရံလျက် ရိုးရာအကမျိုးစုံဖြင့် စွယ်တော် လှည့်ပွဲကို ကျင်းပလေ့ ရှိနေဆဲ၊ စည်ကားနေဆဲပင် ဖြစ်သည်။
ဤစွယ်တော်ကို ဗုဒ္ဓ၏ စွယ်တော်များအနက် တတိယမြောက် စွယ်တော်တစ်ဆူ ဖြစ်သည်ဟု သူတို့ ဗုဒ္ဓသမိုင်းက ဆိုထားပါသည်။ သီရိလင်္ကာတို့က ဗုဒ္ဓဘုရားရှင်ကို ဘယ်မျှ ကြည်ညို လေးစားကြပါသနည်း။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်လောက် ကတည်းက သီရိလင်္ကာကို ရောက်စဉ်က အဲဒီမှာ မြန်မာဘုန်း ကြီးကျောင်း တစ်ကျောင်း ရှိခဲ့သည်။ ကျောင်းက ရှေးဟောင်း အဆောက်အအုံတစ်ခု ဖြစ်သလို ဆရာတော် ဦးဥတ္တမက သီတင်းသုံးနေချိန် ဖြစ်ပြီး သီရိလင်္ကာရောက် မြန်မာတိုင်းက ဆရာတော်ကို သွားရောက် ဖူးတတ်ကြသည်။ ဆရာတော်ကလည်း လိုသည့် အကူအညီကို ပေးလေ့ရှိတတ်သည်။ ကျောင်းရောက်လျှင် ဧည့်သည်တော် မှတ်တမ်း စာအုပ်ကြီးမှာ ဓာတ်ပုံကပ်၍ အမှတ်တရ လက်မှတ် ထိုးကြရသည်။ ဆရာတော် က ရောက်လာသည့် ဧည့်သည်တိုင်းကို အထူးသဖြင့် သင်္ဘောသားတိုင်းကို ယခုလို မိန့်ကြားတော် မူတတ်ပါသည်။
“ဒကာတို့ ဒီမှာက ဘုရားပုံတော်တွေ၊ ရုပ်တုတွေကအစ အလွန်လေးစား ကြည်ညို တတ်ကြပါတယ်။ သီရိလင်္ကာတွေက သတင်းစာ၊ မဂ္ဂဇင်းတွေက ဘုရားပုံတော်တွေကအစ ကြည်ညို တတ်ကြတယ်။ ဒါကြောင့် ဘုရားပုံတော်ပါတဲ့ သတင်းစာစက္ကူ၊ ပြက္ခဒိန်တွေကအစ ကြမ်းပြင်နဲ့ လမ်းဘေးကို အရောက်မခံ တတ်ကြဘူး။ တွေ့ရင်လည်း ကျော်လွှား မသွားတတ်ကြဘူး။ အမှိုက်ပုံပဲ ဖြစ်နေပါစေ ဆင်းကောက်ပြီး တရိုတသေသိမ်းလို့ သန့်ရှင်းတဲ့နေရာ သို့မဟုတ် ဘုန်းကြီးကျောင်းတွေကို ပို့တတ်ကြတယ်။ ဘုရားပုံတော် ပါတဲ့ စာရွက်တွေကိုလည်း မုန့်ပဲသရေစာ ထုပ်တာတို့ကို မလုပ်ကြဘူး။ ဈေးသည်တိုင်းကလည်း ထုပ်ပိုး စရာရှိရင် စက္ကူကို သေချာစစ်ဆေးပြီး ဘုရားပုံတော်တွေနဲ့ ကင်းမှ အသုံးပြုတတ်ကြတယ်။ ပြီးတော့ ဘုရားပုံတော်တွေကို ကိုယ်ခန္ဓာပေါ် ဆေးမင် ရေးထိုးတာကိုလည်း အလွန်မုန်းကြတယ်။ အဲလိုလူမျိုးကို မြို့ထဲမှာ တွေ့ရင် နီးစပ်တဲ့လူက ရဲကိုသတင်းပေး တတ်ကြတယ်။ သင်္ဘောသားတွေ အထူးသတိထားစရာ က လည်ပင်းမှာ ဘုရားပုံတော်တွေ ဆွဲပြီး Night Club တွေ၊ မကောင်းတဲ့ မိန်းမတွေနဲ့ ပျော်ပါးတဲ့ နေ ရာတွေကို မသွားကြနဲ့။ သွားရင် အဲဒီလည်ဆွဲတွေကို ချွတ်ထားခဲ့ကြပါ။ ပြီးတော့ ဘုရားရှင်ရဲ့ ရုပ်တုတွေ အရှေ့ကိုရောက်ရင် ဝတ်စား ဆင်ယင်မှုကို ဆင်ခြင်ရမယ်။
ဘုရားရှေ့မှာ ခါးဖက်ပြီး ဖြတ်သွားတာမျိုး၊ မိန်းကလေးတွေ မတော်တရော် ဝတ်စားဆင်ယင်မှု (Bikini) ဘီကနီ ဘောင်းဘီတိုတွေနဲ့ ဓာတ်ပုံ ရိုက်တာတွေကိုလည်း မြင်သူတွေက ကန့်ကွက် တတ်ကြတယ်။ ပြီးတော့ သီရိလင်္ကာတို့ ဘက်ကတော့ ဘာသာတရားရဲ့ အထွတ်အမြတ်ထားတဲ့ ကိုးကွယ်ရာ ဘုရား ပုံတော်တွေကို ယောက်ျား၊ မိန်းမတို့ရဲ့ ခန္ဓာပေါ်တွေမှာ ဆေးမင်ထိုးတာကိုတော့ မပြုအပ်ဘူး။ ဘာလို့ ဆိုတော့ ထိုသူဟာ အိမ်သာတက်မယ်၊ လင်မယား အတူအိပ်မယ်၊ မကောင်းတဲ့ မိန်းမတွေနဲ့ ဆက်ဆံမယ်၊ Night Club တက်မယ်၊ အရက်သေစာ သောက်မယ်၊ တချို့ သူတစ်ပါးသားမယားကို ပြစ်မှားမယ် ဆက်ဆံနေမယ်ဆိုရင် ထိုသို့ ပြုလုပ်မိကြသူတို့၏ ခန္ဓာ၌ အထွတ်အမြတ်ထားသော ဗုဒ္ဓ၏ပုံတော်ကို မတင်အပ်ဟု ယူဆထားကြသူတွေမို့ သီရိလင်္ကာသားတို့က ဗုဒ္ဓ၏ ပုံရိပ်များကို လူသားတို့၏ ခန္ဓာပေါ်တွင် Tattoo ဆေးမင်ကြောင် ထိုးခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက် ထားကြတယ်။ ပြီးတော့ မိန်းမတွေ မလုံမလဲ ဝတ်စားဆင်ယင် တာမျိုးတွေကို သီရိလင်္ကာတွေက မကြိုက်ဘူး။ သူတို့က ဒီလိုပြောကြတယ်၊ အင်္ဂလိပ်ခေတ်က အင်္ဂလိပ်အရာရှိ ရုံးခန်းထဲကို ဝင်ရင်တောင် စွပ်ကျယ်ဝတ်ပြီး ဝင်လို့မရသလို ညှပ်ဖိ နပ်စီးပြီးတောင် ဝင်လို့ မရပါဘူးတဲ့။ အဲလိုရုံးကို ဝင်လာရင် သူတို့အရာရှိကို အရိုသေ မတန်ပြုရာ ရောက် တယ်လို့ ပြောကြတယ်။ ဒီတော့ ကျွန်ုပ်တို့ရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ဘုရားရှင်ရှေ့မှာ ကျွန်ုပ်တို့က ဘယ်လိုကျင့်ဝတ်နဲ့ နေထိုင်သင့်တယ် ဆိုတာကို စဉ်းစားသင့်ပါတယ်လို့ သူတို့က ဆိုကြတယ်။ ဒါကြောင့် ဒကာ-ဒါယိကာမတို့  သီရိလင်္ကာမှာ ရောက်နေခိုက် ဘုန်းကြီး ပြောတာတွေကို မှတ်ပြီး ဆင်ခြင်နေထိုင် သင့်တယ်။ တခြားနိုင်ငံခြားသားတွေက သူတို့ရဲ့ စည်းကမ်းကို ဖောက်မိသွားတာက အကြောင်းမဟုတ် ဘူး။ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်တွေက သူတို့စည်းကမ်းကို ဖောက်မိသွားမှာကို ဘုန်းကြီး အကြောက်ဆုံး ပါပဲ။ ဒါကြောင့် ဒကာတို့ ဒီမှာနေနေခိုက် ဘုရားရှေ့ ရောက်ရင် ဘုန်းကြီး ပြောထားတာတွေ သတိထား ဆင်ခြင်စေလိုတာပါပဲ” လို့ ဆရာတော်က ကိုလန်ဘို Colombo ကို ရောက်လာတဲ့ မြန်မာတိုင်းကို သတိပေးလေ့ ရှိခဲ့ပါတယ်။ ဆရာတော် မိန့်ကြားခဲ့တာက နှစ်ပေါင်း ၃၀ ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ မနေ့တစ်နေ့ ကပဲ ဆရာတော် မိန့်သွားသလိုပဲ ခံစားလိုက်ရပါတယ်။
မနေ့ စာရေးသူက BBC သတင်းကို ဖတ်လိုက်တော့ လွန်ခဲ့တဲ့ တနင်္လာနေ့က သီရိလင်္ကာ Colombo ဘန္ဒရာ Bandaranaike လေဆိပ်မှ လူဝင်မှုကြီးကြပ်ရေး အရာရှိတို့၏ ဆန်းပြားသော ရိုက်ချက် တစ်ခုက ကမ္ဘာ့သတင်းစာ မျက်နှာပေါ်သို့ တက်လာခဲ့ပါသည်။
လန်ဒန်က ဗြိတိသျှ နွယ်ဖွား အသက် ၃၇ နှစ်အရွယ် Ms. Naomi Coleman တနင်္လာနေ့ ကိုလန်ဘို Bandaranaike International Airport လေဆိပ် အရောက်မှာ အားလုံး အဆင်ပြေနေခဲ့တာပါ။ သူမကို ပြည်ဝင်ခွင့် တံဆိပ်တုံးကိုလည်း သူမ Passport မှာ ထုပြီးသွားပါပြီတဲ့။ ဒါပေမဲ့ မိနစ်ပိုင်း အတွင်း မှာပဲ သူမဖမ်းချုပ် ခံရပါသတဲ့။ ဘာကြောင့် မှန်းမသိဘဲ ထိတ်လန့်သွားတဲ့ Ms. Naomi က ပုလိပ်ကို စောဒ က တက်လာတော့ ရဲအရာရှိက “ခင်ဗျားမှာ ဘာအပြစ်မှ မရှိပါဘူး။ ရှိတာက ခင်ဗျား အင်္ကျီလက်ပြတ် ဝတ်လာမိလို့ပါပဲ” လို့ ပြောလိုက်သတဲ့...။ ဒီတော့ Naomi က “အင်္ကျီလက်ပြတ်ဝတ်တာ အပြစ်လားရှင်။ တစ်ကမ္ဘာလုံး ဝတ်နေကြတာပဲလေ။ ဒီလေဆိပ်မှာတောင် အများကြီးပါ” လို့ စောဒက တက်လာပြန်တော့မှ ရဲအရာရှိက “ဒီလိုပါ။ ခင်ဗျားသာ လက်ရှည် သို့မဟုတ် လက်မောင်းအထိ ဖုံးကွယ်နေတဲ့ အင်္ကျီကို ဝတ်လာခဲ့မိရင် ကျွန်တော်တို့ ခင်ဗျား လက်မောင်းမှာ ထိုးထားတဲ့ ဗုဒ္ဓရဲ့ Tattoo ပုံရိပ်ကို မြင်မိမှာ မဟုတ်ပါဘူး။ ယခု ခင်ဗျားကို ဖမ်းရတာက အဲဒီလက်မောင်းမှာ ထိုးထားတဲ့ Tattoo ဆေး မင်ကြောင်ကြောင့်ပဲ ဖြစ်သလို ဒီနေ့ တစ်ညချုပ်ထားပြီး နောက်နေ့ ခင်ဗျားကို Deport လုပ်ပေးရုံပါပဲ” လို့ အရာရှိက ရှင်းပြလိုက်သတဲ့။ ဒီတော့ Ms. Naomi က “ကျွန်မ Maldives မော်ဒိုက်ကျွန်း ကို ဆက်သွားစရာ လက်မှတ် ရှိပြီးသာမို့ ကျွန်မကို Deport လုပ်စရာ မလိုဘူးလို့” စောဒက တက်လာတော့ “အရာရှိက ဒါကျွန်တော်တို့က အပြစ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် Deport ပဲ လုပ်ရမယ်” လို့ အဖြေပေးလိုက်တော့ ကာယကံရှင်က ခံပြင်းလာပြီး “ကိုယ့်ကိုယ်မှာ ကိုယ့်အသားအနာ ခံပြီး Tattoo ထိုးတာ ဒါက ဘယ်သူ့ကို ထိခိုက်လဲ။ ဒါကျွန်မရဲ့ Right ပဲ” လို့ ခံပြောလိုက်တော့မှ ရဲအရာရှိ က မပြောမပြီး-မတီးမမြည်း ဆိုသလို ယခုလို ရှင်းလိုက်သည်။
နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့ ရေးဆွဲထားတဲ့ Constitution နဲ့ ဥပဒေတွေကို ကုလသမဂ္ဂ အပါဝင် ကမ္ဘာ့ နိုင်ငံတိုင်းက လေးစားရပါတယ်။ ဒီလိုပါပဲ လူမျိုးတစ်မျိုးရဲ့ အထွတ်အထိပ်ဖြစ် တဲ့ ကိုးကွယ်ရာ ဘာသာကိုလည်း တခြားဘာသာတိုင်း အပြန်အလှန် လေးစားရပါတယ်။ ယနေ့ ခင်ဗျားက ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အထိတ် ပုံရိပ်ကို အရိုသေတန်မဲ့ လုပ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီလောက်တော့ အပြစ်ပေးရမှာ ဖြစ်ပါတယ်။ နားလည် ခွင့်လွှတ်ပေးပါလို့” အရာရှိကပြောပြီး ထွက်သွား သတဲ့။ ဒီအခြင်းအရာကို လှမ်းမြင်နေခဲ့တဲ့ ဂျာမန် တစ်ယောက်က အခန်းထဲ ဝင်ခွင့်တောင်းပြီး “မင်းမှာ မင်းရဲ့ Right ရှိနေသလို၊ သူတို့မှာလည်း သူတို့ဘာသာကို ကာကွယ်ဖို့ Right ရှိနေသလို ဒါသူ့နိုင်ငံ သူ့ဥပဒေပေမို့ ခင်ဗျား အေးအေးဆေးဆေး ဘာစောဒကမှ ဆက်မတက်ဘဲ မနက်ဖြန် Landon ကို ပြန် လိုက်ပါ” လို့ ဝင်ပြောပေးလိုက်တော့မှ Ms. Naomi က မာန်လျှော့ လိုက်ပါသတဲ့။
ဒါက ဒုတိယမ္ပိပါပဲ။ ဒီလေဆိပ်မှာပဲ မတ်လ ၁၅ ရက်၊ ၂၀၁၃ နေ့တုန်းကလည်း ဗြိတိန်နိုင်ငံသား Antony Ratcliffe က ပြည်ဝင်ဗီဇာ သက်တမ်း ရှိနေပါလျက်နဲ့ ယခုလိုပဲ လက်မောင်းမှာ ဗုဒ္ဓရဲ့ Tattoo ကို ထိုးထားတဲ့အတွက် တစ်ညချုပ်ထားပြီး London ကို Deport ခဲ့ကြပါသည်။
၂၀၁၀ လောက်ဆီကလည်း အမေရိကန် R&B star Akon ၏ Music Video မှာ ဗုဒ္ဓ၏ ဆင်းတုတော်ရှေ့မှာ မတော်တရော် ဝတ်ဆင်၍ ကနေသော ပုံများကို သီရိလင်္ကာ အပါအဝင် ဗုဒ္ဓဘာသာဝင် အချို့က အင်တာနက်ပေါ်မှ ကန့်ကွက် ခဲ့ကြဖူးသည်။ သို့ဖြစ်၍ သီရိလင်္ကာတို့က ထို R&B star ကိုလည်း ပြည်ဝင် ခွင့် ဗီဇာကို ပိတ်ထား ခဲ့ဖူးသည်။
တကယ်တော့ ဤပြဿနာသည် နိုင်ငံတကာနှင့် ဆက်ဆံနေကြရသော နိုင်ငံတို့အတွက် တားဆီးပိတ်ပင်ရန် ခက်ခဲသော ပြဿနာတစ်ခု ဖြစ်သော်လည်း သီရိလင်္ကာ လူဝင်မှုကြီးကြပ်ရေး အရာရှိတို့ဘက်က အပြုအမူက မှားသည်ဟုလည်း ပြောလို့မရပေ။ ဘာသာ၊ သာသနာကို အသေးစိတ် မိမိတို့ မြင်တွေ့ရသော ရှုထောင့်မှ ကာကွယ်ပေးခြင်းမျိုးပင် ဖြစ်သည်။ သို့သော် သီရိလင်္ကာ လူဝင်မှုကြီးကြပ်ရေးက လေဆိပ် ရောက်လာပြီးမှ Deport လုပ်နေတာမျိုးထက် သံရုံးကို ဗီဇာ လာယူကတည်းက ဗုဒ္ဓ Tattoo ထိုးထားသူတွေကို ဗီဇာ ပိတ်ထားတာမျိုး သို့မဟုတ် Tattoo ပါနေရင် သီရိလင်္ကာ ရောက်လျှင် လက်တိုအင်္ကျီ မဝတ်မိရန်တော့ သတိပေးထားသင့်သည် မဟုတ်ပါလား။
ကျွန်ုပ်တို့ လေဆိပ်မှာတော့ သီရိလင်္ကာ လူဝင်မှုလို ဆေးမင်ကြောင်ကြောင့် နိုင်ငံခြားသားတွေကို ပြည်ဝင် ခွင့်ပိတ်လို့ လေဆိပ် ရောက်ပြီးမှ Deport လုပ်လို့လည်း မဖြစ်နိုင်ပေ။၊ မိမိတို့ ဗုဒ္ဓဘာသာဝင် တိုင်းကသာ အသိစိတ်ဓာတ်ဖြင့် မိမိတို့ခန္ဓာပေါ်သို့  ဗုဒ္ဓပုံတော်များကို ဆေးမင် မထိုးမိစေရန်နှင့် ဆေးမင်ထိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း သူတို့က အသိစိတ်တစ်ခုဖြင့် မိမိတို့ ဆိုင်များတွင် ဗုဒ္ဓပုံတော်များကို မထားဘဲ သူတစ်ပါးခန္ဓာပေါ် ဗုဒ္ဓပုံတော်များကို ထိုးပေးခြင်းမှ ရှောင်ရှားရန်မျှကိုသာ မေတ္တာရပ်ခံပေးရန် ရှိပါသည်။
အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုး ချက်မပိုင် နောင်ပြင်ရန်ခက်သော အမျိုးပေမို့  ဆင်ခြင်အပ်သည့် အရာတွင် ဤအချက်လည်း အဓိက ပါဝင်နေပေသည်။
BBC သတင်းနှင့် လွန်ခဲ့သော အနှစ် ၃၀ က အတွေ့အကြုံအပြင် Current Bandaranaike International Airport သို့  စုံစမ်းမေးမြန်းချက်များနှင့် တန်ဆာဆင်ထားပါသည်။
The Voice Weekly
- (အရှေ့သို့) ဒီအပတ္ထဲမွာ တိတ်တဆိတ်လက်ထပ်မယ့် Kanye West နဲ့ Kim Kardashian တို့စုံတွဲ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) မန္တလေးတွင် ၁၅ ရက်အတွင်း GSM ဖုန်းလိုင်းပေါင်း နှစ်သိန်းကျော် ထပ်မံတိုးမြှင့်မည် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review