ယဉ်ကျေးသော လူမျိုး၊ ယဉ်ကျေးသော နှလုံးသား



ယဉ်ကျေးခြင်းကိုလူတိုင်း မြတ်နိုးကြသည်။ လူတိုင်းတန်ဖိုးထား ကြသည်။ ယဉ်ကျေးခြင်းဆိုရာ၌ ကိုယ်အမူ အရာ ယဉ်ကျေးခြင်း၊ နှုတ်အမူအရာ ယဉ်ကျေးခြင်း၊ စိတ်အမူအရာယဉ်ကျေးခြင်းဟူ၍ သုံးမျိုးခွဲခြားနိုင်သည် ဟု ဆိုချင် ပါသည်။ ‘‘လူလိမ္မာသားယဉ်ပါး၊ လူမိုက်သား ရမ်းကား’’ဟူသော စကားမှာ ယဉ်ကျေးခြင်း၏ တန် ဖိုးကို ဖော်ပြနေသော စကားဖြစ် ပါသည်။ ယဉ်ကျေးသောလူမျိုး၊ ယဉ်ကျေးသော နှလုံးသားပိုင်ရှင် ဖြစ်ရန် လူတိုင်းကြိုးပမ်းသင့်ပါသည်။

လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ (၁၇-၄-၂၀၁၄) က တောင်ကိုရီး ယားနိုင်ငံ အနောက်တောင်ပိုင်း ဂျွန်ဒိုကျွန်း ကမ်းလွန် ပင်လယ်ပြင်တွင် တောင်ကိုရီးယားကူးတို့ သင်္ဘောတစ်စီး မတော်တဆ နစ်မြုပ်သွားသည့် သတင်းကို အားလုံးဖတ်မိကြမည် ထင်ပါသည်။ ထိုကူးတို့သင်္ဘောနစ်မြုပ်မှုတွင် တောင်ကိုရီးယားလူမျိုးတို့၏ ယဉ် ကျေးသော နှလုံးသားကို အထင်း သားတွေ့မြင်လိုက်ရသည်။

‘‘ကျေးဇူးပြုပြီး နောက်ဆုံး အချိန်အထိ လက်မလျှော့လိုက် ကြပါနဲ့’’ဟူ၍ သင်္ဘောနစ်မြုပ် သည့် ဗုဒ္ဓဟူးနေ့ တွင် ဆိုးလ်မြို့ရှိ သဘာဝကပ်ဘေးကယ်ဆယ်ရေး ဌာနသို့ လာရောက်ပြီး သင်္ဘော နစ်မြုပ်မှုအခြေအနေကို နား ထောင်ခဲ့သော တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးက ကယ် ဆယ်ရေးအဖွဲ့အား ၀မ်းနည်းစွာ တိုက်တွန်းပြောကြားခဲ့ကြောင်း တွေ့ရသည်။

ထို့ပြင် နစ်မြုပ်သွားသော ကူးတို့ရေယာဉ်ပေါ်မှ ပျောက်ဆုံး နေသော ခရီးသည်များ၏ မိသား စုဝင်များ ကို တောင်ကိုရီးယား သမ္မတက နှစ်သိမ့်ပြောကြားနေ သည့် သတင်းဓာတ်ပုံတွင် သမ္မတ၏ မျက်နှာပေါ်၌ ၀မ်းနည်းကြေကွဲမှု ပုံရိပ်များကို အထင်းသားတွေ့မြင်ရသည်။ လူယဉ်ကျေးတို့၏ ကိုယ်ချင်းစာနာမှု၊ သနားကြင်နာမှု ပြယုဂ်ကိုပေါ်လွင်စွာဖြင့် ယဉ်ကျေးသော လူမျိုး၊ ယဉ်ကျေးသော နှလုံးသားပိုင်ရှင် များ ဖြစ်ကြောင်း အခိုင်အမာသက်သေထူလိုက်ခြင်း ဖြစ်ပါသည်။

နစ်မြုပ်သွားသော တောင် ကိုရီးယား ကူးတို့သင်္ဘောပေါ် တွင် အထက်တန်းကျောင်းသူ ၃၇၅ ဦး အပါအ၀င် လူပေါင်း ၄၇၆ ဦးပါဝင်ကြောင်း သိရသည်။ ယခုဆောင်းပါးရေးနေသည့် ဧပြီ ၂၄ ရက်အထိ ၁၇၄ ဦးကိုသာ အ သက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ ပြီး သေဆုံးသူအလောင်း ၁၇၁ လောင်းနှင့် ပျောက်ဆုံးနေသူ ၁၃၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။ သင်္ဘောနစ်မြုပ်မှုနှင့် စပ်လျဉ်းသည့် ရင်နင့်ဖွယ်ရာဖြစ်ရပ် တစ်ခုမှာ နစ်မြုပ်သွားသည့် တောင်ကိုရီးယားကူးတို့ သင်္ဘောမှ အသက်ရှင်လျက် လွတ်မြောက်လာသူ အထက်တန်း ဒုတိယကျောင်းအုပ်တစ်ဦးသည် ဧပြီ ၈ ရက်က မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည် ဟူသော သတင်းပင် ဖြစ်သည်။

၎င်းကို မိသားစုဝင်များ နေထိုင်ရာ ဂျွန်ဒိုကျွန်းရှိ အားကစားခန်းမတစ်ခုအနီး တောင်ကုန်းပေါ် ရှိ သစ်ပင် တွင် ဆွဲကြိုးချသေဆုံး နေကြောင်း တွေ့ရခြင်းဖြစ်သည်။

‘‘လူနှစ်ရာပျောက်နေတဲ့ အချိန်မှာ ကိုယ်က အသက်ရှင်နေရတာ မခံစားနိုင်အောင် နာကျင်ရတယ်။ ဒီအဖြစ် ဆိုးကြီးအတွက် ကျွန်တော့်မှာ အပြည့်အ၀ တာဝန်ရှိပါတယ်။ဒီကျောင်းလေ့လာရေး ခရီးကို ကျွန်တော်ပဲ တိုက်တွန်းခဲ့တာပါ။ နောင်တမလွန်ဘ၀မှာလည်း (အလောင်းပြန်မတွေ့ရသေးတဲ့) သူတို့လေးတွေ ရဲ့ ကျောင်းဆရာတစ်ယောက် ကျွန်တော်ပြန်ဖြစ်ပါရစေ’’ဟူ၍ သူ၏ပိုက်ဆံအိတ်အတွင်း၌ စာတစ်စောင် ရေးသားထားခဲ့ကြောင်း သိရသည်။သူ၏ ခံစားချက်ကိုပေါ်လွင်စေသော သေတမ်းစာဖြစ်ပြီး ယဉ်ကျေးသော နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော ကျောင်းဆရာတစ်ဦးအဖြစ် အခိုင်အမာ သက်သေပြ သွားခဲ့ခြင်း ဖြစ်ပါသည်။

ကူးတို့သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်ပြီး တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးများသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က နစ်မြုပ်ခဲ့ သော ကူးတို့သင်္ဘောမှ အသက် ရှင်ကျန်ရစ်သူ သင်္ဘောကပ္ပတိန် လီဂျွန်ဆွတ်နှင့် အပေါင်းပါ နှစ် ဦးတို့အား စနေနေ့က ဖမ်းဆီး ထားသည်။ မော့ပိုမြို့ တရားရုံး တွင် စစ်ဆေးမေးမြန်း ပြီးနောက် သင်္ဘောကပ္ပတိန်နှင့် အပေါင်းပါ နှစ်ဦးတို့ တရားရုံးမှ ပြန်ထွက်လာသည့် သတင်းဓာတ်ပုံတွင် တရားခံသုံးဦးတို့အား လက်ထိတ်ခတ်ထားသော်လည်း လက်ထိတ်များကို အများပြည်သူ မမြင်နိုင်စေရန် မျက်နှာသုတ်ပ၀ါများဖြင့် ဖုံးအုပ်ပေးထားကြောင်း တွေ့ရသည်။ ဤပြယုဂ်သည်လည်း ယဉ်ကျေးသော လူမျိုးတို့၏ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားသော အပြုအမူကို ပြသနေခြင်း ဖြစ်ကြောင်း သိနိုင်ပါသည်။ ဤသတင်းဓာတ်ပုံကို ကြည့်ပြီး စာရေးသူတို့ နိုင်ငံတွင် တွေ့ခဲ့ဖူးသော တရားခံများကို လက်ထိတ် တန်း လန်းဖြင့် ခေါ်ဆောင်သွားပုံ၊ တစ်ခါတစ်ရံ လက်ထိတ်မလောက်၍လားမသိ။ တရားခံ လေး ငါးခြောက် ယောက်ကို ကြိုးတစ်ချောင်းဖြင့် ပေါင်းချည်ပြီး ကျွဲ၊ နွားမောင်းသလို အတွဲလိုက် ခေါ်ဆောင်သွား ပုံများကို တွေ့ခဲ့ဖူးရာ အလွန်ရှက်ဖွယ် ခံစားမိပါသည်။

လူ့ဂုဏ်သိက္ခာကို တန်ဖိုး ထားသည်ဆိုလျှင် ဤသို့သော အ ပြုအမူမျိုးကို သတိထားရှောင် ကြဉ်သင့် လှပါသည်။ သူတို့ဆီမှာ တော့ သိသာသိစေ မမြင်စေနှင့် ဟူသော သဘောကိုနှလုံးပိုက် လျက် တရားခံ များအပေါ် လူ သားချင်းစာနာ ထောက်ထားမှု ဖြင့် ယဉ်ကျေးသော လက္ခဏာ များကို ပြသလျက် ရှိကြောင်း တွေ့ရပါသည်။

အပြစ်ရှိသူကို အပြစ်အ လျောက် ဥပဒေနှင့်အညီ အရေး ယူအပြစ်ပေးခြင်းသည် မှန်ကန် သင့်မြတ်သော လုပ်ရပ်ဖြစ်ပါ သည်။ သို့ရာတွင် အပြစ်ပေး အရေးယူသည်ဆိုရာ၌ လူ့ဂုဏ် သိက္ခာကို ညှိုးနွမ်းစေသော အ ပြစ်ပေးခြင်းမျိုးကိုမူ ရှောင်ကြဉ် သင့်ကြောင်း ဥပဒေသဘော တရားများတွင် ပါရှိကြောင်း လေ့ လာဖူးပါ သည်။ ဥပဒေပြဋ္ဌာန်း ချက်တွင် လူသားချင်းစာနာ ထောက်ထားရန် ပါရှိသော်လည်း လက်တွေ့ကျင့်သုံးရာ တွင် လိုက် နာမှု မရှိပါက စည်းကမ်းရှိသော ယဉ်ကျေးသော နိုင်ငံ၊ ယဉ်ကျေး သော လူမျိုးဖြစ်လာနိုင်မည် မဟုတ်ပါ။

ယဉ်ကျေးသော လူမျိုး၊ ယဉ်ကျေးသော နှလုံးသားပိုင်ရှင် ဟူသည်မှာ လူကိုလူလိုမြင်၍ လူ့ ဂုဏ်သိက္ခာကို တန်ဖိုးထားသော၊ လူလူချင်းစာနာထောက်ထား သော နှလုံးသားမျိုးရှိရန် အထူး အရေးကြီးပါသည်။ မြတ် ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာ၍ ဘုရား တရားတော်များအတိုင်း ကျင့်ကြံ အားထုတ်နေထိုင် လိုကြသော မြန် မာပြည်သား ဗုဒ္ဓဘာသာဝင် များအနေဖြင့် အမှန်တကယ် လိုက်နာနေထိုင်နိုင်မည်ဆိုပါက ယဉ်ကျေးသော လူမျိုး၊ ယဉ်ကျေး သော နှလုံးသားပိုင်ရှင်များ မလွဲ မသွေဖြစ်လာနိုင်ပါကြောင်း ရေး သားတင်ပြအပ်ပါသည်။

7Day Daily
No.360 Saturday, April 26,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...