ဂျပန်တို့ကို လူမျိုးရေးခွဲခြားခဲ့သည် ဆိုခြင်းအား အက်ဗရာလက်ဂ်ဗင်း ငြင်းဆို



ဂျပန်နိုင်ငံသားများကို လူမျိုးရေးခွဲခြား စော်ကားခဲ့သည်ဆိုသော စွပ်စွဲချက်များကို အက်ဗရာလက်ဂ်ဗင်း က ငြင်းဆန်ပယ်ချသွားခဲ့သည်။ အသက်(၂၉)နှစ်ရှိ ကနေဒါ အဆိုတော်သည် အင်္ဂါနေ့က Hello Kitty အမည်ရှိ သီချင်းဗီဒီယိုကို စတင်ထုတ်လွှင်ခဲ့သည်။ အဆိုပါ ဗီဒီယိုတွင် ဂျပန်တို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့် ဆက်နွယ်သော နောက်ခံပုံရိပ်များ ပါရှိနေပြီး အက်ဗရာ အနေဖြင့် ဂျပန်တို့ကို စော်ကား ခဲ့ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာသည်။ အသက်(၂၉)နှစ်ရှိ အက်ဗရာက သူမသည် ဂျပန်တို့ကို ဖိနှိပ် ထားသည်ဆိုသော ပြောဆိုမှု အားလုံးကို ငြင်းဆန်ကြောင်း Twitterမှတစ်ဆင့် တုံ့ပြန်ခဲ့သည်။ ထို့အပြင် ယင်းကဲ့သို့ စွပ်စွဲသူများကိုလည်း အက်ဗရာက လှောင်ပြောင်ခဲ့သေးသည်။



သူမက “လူမျိုးရေးခွဲတယ် ဟုတ်လား။ LOL! ကျွန်မက ဂျပန်ယဉ်ကျေးမှုကို ချစ်တဲ့သူပါ”ဟု Micro Blogging ဝက်ဘ်ဆိုက်တွင် ရေးသားထားခဲ့သည်။ အက်ဗရာက “ကျွန်မရဲ့ အချိန်တစ်ဝက်လောက်ကို ဂျပန်မှာ ကုန်စေခဲ့တယ်။ ဒီဗီဒီယိုကိုလည်း တိုကျိုထိ သွားရိုက်ထားတာ။ ကျွန်မရဲ့ ဂျပန်ပရိသတ်တွေအတွက်တောင် အဓိက ရည်ရွယ်ထားတာ။ ဂျပန်စာတန်းထိုး၊ ဂျပန်ပုံရိပ်တွေ ပါဝင်တဲ့အပြင် ဂျပန်နိုင်ငံမှာ ဂျပန်ဒါရိုက်တာနဲ့ ရိုက်ထားခဲ့တာ ဖြစ်ပါတယ်”ဟုလည်း ပြောကြားခဲ့သေးသည်။ ထို့အပြင် အက်ဗရာက အဆိုပါ ဗီဒီယိုကို ကြည့်ဖြစ်အောင် ကြည့်ကြရန်ပင် ပရိသတ်များအား တိုက်တွန်းထားကြောင်း သိရှိရသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...