ထိုင်းသို့ ခိုးဝင်လာသော မြန်မာလုပ်သားများစီးသောကားကို ထိုင်းရဲပစ်ခတ်ဖမ်းဆီး
ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ခိုး ၀င်လာခဲ့သည့် မြန်မာလူမျိုး ၁၅ ဦးစီးလာသည့် ကားကို ထိုင်းရဲက သေနတ် ဖြင့်ပစ်၍ လိုက်ဖမ်းခဲ့ပြီး ထိုင်း နိုင်ငံတောင်ပိုင်း နခွန်ဆီထမရတ်ခရိုင် ရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအဖွဲ့မှ သတင်းရရှိသည်။
ဖမ်းဆီးခံထားရသည့် မြန်မာလူမျိုး ၁၅ ဦးမှာ ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းမြို့နှင့် ရနောင်းမြို့မှ တစ်ဆင့် ထိုင်းလူမျိုး ဒရိုင်ဘာမောင်းသည့် အနက်ရောင်တိုယိုတာကားဖြင့် ဧပြီ ၁၉ ရက်က ခိုးဝင် ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတောင်ပိုင်း နခွန်ဆီထမရတ် ခရိုင်ရှိ အမှတ် (၄) အဝေးပြေး လမ်းမကြီး လုံခြုံရေးရဲတပ်ဖွဲ့က အဆိုပါကားအား စစ်ဆေးရန် တားဆီးစဉ် ကားမောင်းထွက်ပြေး သွားသောကြောင့် သေနတ်ဖြင့် ကားဘီးအားပစ်၍ ဖမ်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ထိုင်းရဲတွေဆီက သိရတာ ကတော့ ဖမ်းမိတဲ့ ၁၅ ယောက် လုံး မလေးရှားကို ဆက်သွားမယ့် လူတွေလို့ သိရတယ်။ ပွဲစားကို ယုံပြီးအောက်လမ်းက ၀င်လို့ အခုလိုဖြစ်တာပါ။ သူတို့ကို လ၀ကဥပဒေနဲ့ အရေးယူထားတယ်လို့သိရတယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအဖွဲ့မှ ဦးအောင်စိုးက ပြောသည်။
ဖမ်းဆီးခံထားရသူများမှာ မြန်မာနိုင်ငံဒေသအနှံ့မှဖြစ်ပြီး အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး တစ်ဦးပါဝင်ကြောင်း သတင်းရရှိ သည်။ ကော့သောင်းမှ ထိုင်းနိုင်ငံ ဆုန်ခလာခရိုင်၊ ဆဒေါင်းမြို့နယ် အထိ တစ်ယောက်လျှင် ဘတ်ငွေ သုံးထောင်ဖြင့် ကားသမားက သယ်ဆောင်ပေးခြင်းဖြစ်ပြီး ၎င်း တို့ကို ပို့ခဲ့သည့် ပွဲစားကို စုံစမ်း၍ မရသေးကြောင်း ဦးအောင်စိုးက ဆိုသည်။
ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ ဖမ်းဆီးခံရပါက ထောင်ဒဏ် သုံး လ(သို့) လေးလခန့် အပြစ်ပေးခံ ရနိုင်ပြီး လွတ်မြောက်ပါက မြန်မာ-ထိုင်းနယ်စပ်မြို့ဂိတ်ပေါက်များ မှ တစ်ဆင့်နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းကာ ပြန်ပို့ပေးလေ့ရှိကြောင်း သတင်းရရှိသည်။
7 Day News