မလေးရှားလေယာဉ်သေတ္တာနက်မှ ထုတ်လွှင့်ခြင်းဖြစ်နိုင်သည့် သံသယဖြစ်ဖွယ်အချက်ပြမှုများ သြစတြေးလျရှာဖွေရေးအဖွဲ့ ခြေရာခံမိ
မလေးရှား MH 370 လေယာဉ်ရှာဖွေမှုအတွင်း အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း တွင် ရေအောက်ရှာဖွေမှု လုပ်နေသည့် ကိရိယာမှပေးပို့သည့် အချက်ပြမှုများအား စောင့်ကြည့်နေသည့် သြစတြေးလျတော်ဝင်ရေ တပ်ဗိုလ်မှူး ဂျိမ်းလီဘရန့်ကို ရှာဖွေရေးသမားတစ်ဦးဖြစ်သည့် မိုက်အန်ဇစ်ကာနှင့်အတူ ဧပြီ ၇ ရက် က တွေ့ရစဉ် (Australian Defence Force/REUTERS)
ပျောက်ဆုံးနေသည့် မလေးရှားလေယာဉ် MH 370 ကို ရေအောက်ရှာဖွေမှုများ လုပ် ဆောင်နေသော သြစတြေးလျ ရေတပ်သင်္ဘော အိုးရှင်းရှီးလ် သည် လေယာဉ်ပျံသန်းမှုမှတ် တမ်း သေတ္တာနက်မှ ထုတ်လွှင့် ခြင်းဖြစ်နိုင်သည့် သံသယဖြစ်ဖွယ် အချက်ပြမှုများကို တနင်္လာနေ့ တွင် ခြေရာခံမိခဲ့သည်။
‘‘သြစတြေးလျစစ်သင်္ဘော အိုးရှင်းရှီးလ်မှာ တပ်ဆင်ထားတဲ့ ရှာဖွေရေးကိရိယာက လေယာဉ် သေတ္တာ နက်တွေက ထုတ်လွှင့် တတ်တဲ့ အချက်ပြမှုမျိုးတွေကို ခြေရာခံနေမိပါတယ်’’ဟု လေ ယာဉ်ရှာဖွေရေး အတွက် ဖွဲ့စည်း ထားသည့် ပူးပေါင်းရှာဖွေရေး ဌာန (JACC) အကြီးအကဲ သြစတြေးလျ ကာကွယ်ရေး ဝန်ကြီး ဟောင်း အန်းဂပ်စ်ဟောင်စတန်က ပြောသည်။
ထိုသို့ ခြေရာခံမှုအား အထူးအားရစရာ သဲလွန်စအဖြစ် သတ်မှတ်ခဲ့ပြီး နောက်ဆုံးပန်းတိုင်သို့ မရောက် မချင်း တာဝန်ရှိစွာ၊ သတိကြီးစွာ ရှာဖွေသွားရမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
သံသယဖြစ်ဖွယ်အချက်ပြမှုများ စစ်ဆေးပြီးနောက် တည်နေရာကို သတ်မှတ်ခြေရာခံရဦးမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။
‘‘ကျွန်တော်တို့ လေယာဉ် ပျက်ကို ရှာမတွေ့မချင်း အတည် ပြုလို့တော့မရပါဘူး’’ဟု ဟောက် စတန်က ဆိုခဲ့ပြီး လေယာဉ်အပိုင်း အစများ ရှာတွေ့နိုင်ရန် ရက်များစွာ အချိန်ယူရဦးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အချက်ပြမှုအသစ်များ ဖမ်းယူရခဲ့သည့် ရေပြင်နေရာမှာ ရေအောက်အနက် မီတာ ၄,၅၀၀ တွင် ရှိပြီး သေတ္တာနက်ကို ပြန်ဆယ်ယူရန် ခက်ခဲနိုင်သည့် နေရာဖြစ်ကြောင်း ပြောကြားသည်။
ဟောက်စတန်က သေတ္တာ နက်မှ ဖြစ်နိုင်သည့် သံသယဖြစ် ဖွယ် အချက်ပြမှုများကို တွေ့ခဲ့ သည့်နေရာမှာ ရှာဖွေရေးဧရိယာ အတွင်း တရုတ်သင်္ဘော ဟိုင်ရှန်-၀၁ ၏ တည်နေရာမှ မြောက်ဘက် ဖြစ်ကြောင်း ထိုနေရာနှင့် အချက် ပြမှုများရသည့် နေရာအကွာအ ဝေးကို အတိအကျမသိရသေး ကြောင်း ပြောသည်။
—Ref: AP/Xinhua
7Day Daily
No.349 Tuesday, April 8, 2014