အကယ်ဒမီစာရင်းဝင် ဇာတ်ကားခုနစ်ကား ဒုတိယအဆင့် အကဲဖြတ်မှု စက်တင်ဘာလကုန် စတင်မည်

28/Sep/2013

မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ဦးဆောင်ကျင်းပမည့် ၂၀၁၂ အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် နောက်ဆုံး ဆန်ခါတင် ဇာတ်ကားခုနစ်ကားအား ဒုတိယအဆင့် အကဲဖြတ် ကြည့်ရှုခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်၍ ပြုလုပ်မည်ဖြစ်ကြောင်း ဒုတိယအဆင့် အကယ်ဒမီ စိစစ်အကဲဖြတ်ရေး
အဖွဲ့ဝင်တစ်ဦးဖြစ်သူ စာရေးဆရာ ချစ်ဦးညိုက ပြောကြားသည်။

 “ဒီနှစ်က အရင်နှစ်တွေလို အကဲဖြတ်တဲ့အဆင့် သုံးဆင့် မဟုတ်တော့ဘူး။ နှစ်ဆင့်ပဲ ရှိတော့တယ်။ ကိုယ်တို့ ဒုတိယအဆင့်အတွက် ကြည့်ရမယ့် လူတွေက ပထမအဆင့်က အကဲဖြတ် အဖွဲ့ဝင်တွေရဲ့ မှတ်ချက်တွေ၊ အကြံပြုချက်တွေပေါ် မူတည်ပြီး ဇာတ်ကားတွေကို အကဲဖြတ်ကြမယ်။ ဒီနှစ်မှာတော့ အရင်နှစ်ကလို မှီငြမ်းဇာတ်ကားကို အကယ်ဒမီ ပေးမိတာမျိုး မဖြစ်အောင်၊ အတတ်နိုင်ဆုံး အပြစ်အနာအဆာ ကင်းကင်းနဲ့ ပြည့်စုံတဲ့ အကဲဖြတ်မှုမျိုး ဖြစ်အောင် ကိုယ်တို့သတိထားပါမယ်။ ဇာတ်ကားတစ်ကားက ထူးချွန်ဆုတွေ အများကြီး ရဖို့ရှိတယ်ဆိုရင် ဒီဇာတ်ကားက ကိုယ်ပိုင်ဇာတ်လမ်း ဟုတ်မဟုတ်ဆိုတာ ကိုယ်တို့ သေချာလေ့လာ သုံးသပ်မယ်” ဟု အကယ်ဒမီ အကဲဖြတ်မှု အဆင့်များနှင့် ပတ်သက်၍ ၎င်းက ထပ်လောင်း ပြောကြားသည်။

ဒုတိယအဆင့် အကယ်ဒမီ စိစစ်အကဲဖြတ်ရေး အဖွဲ့တွင် အနုပညာရှင်၊ အတတ်ပညာရှင် ၁၆ ဦး ပါဝင်ပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တစ်ဦးသာ ပါရှိသည်။ ပထမအဆင့် အကယ်ဒမီ စိစစ်အကဲဖြတ်ရေး အဖွဲ့မှနေ၍ ၂၀၁၂ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကား ၁၇ ကားမှ လက်ပံ၊ မော်ကင်းဥဒါန်း၊ ဥ၊ ကယန်းအလှ၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ အမုန်းမီးတောက်၊ အမွေခံထိုက်သူ ဖြစ်ပါစေ စသော ဇာတ်ကားများကို အကယ်ဒမီ ထူးချွန်ဆုအတွက် ဆန်ခါတင် ဇာတ်ကားများအဖြစ် ရွေးချယ်ပေးခဲ့သည်။

“အကယ်ဒမီဆိုတာက နတ်ကြီးတဲ့အတွက် မမှန်းရဲပါဘူး။ ဒီဇာတ်ကားက ကျွန်တော့် အတွက် အမှတ်တရတွေ အများကြီးပါပဲ။ ဇာတ်ကားစရိုက်တဲ့ အချိန်မှာပဲ ကျွန်တော့်အမေ ဆုံးသွားခဲ့တယ်။ နေပူခံ၊ မိုးရွာခံပြီးတော့လည်း ခက်ခက်ခဲခဲ ရိုက်ခဲ့ရပါတယ်။ ဒီဇာတ်ကားထဲမှာ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတဲ့ နဝရတ်၊ မခင်မို့မို့အေးနဲ့ ကလေးသရုပ်ဆောင် ယွန်းယွန်းတို့ကတော့ အကယ်ဒမီ ရသွားနိုင်ပါတယ်” ဟု နောက်ဆုံး ဆန်ခါတင် စာရင်းဝင် တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာနေပိုင်က ပြောကြားသည်။

ယမန်နှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် တရုတ်ရုပ်ရှင်ဇာတ်ကား The Road Home ကို မှီငြမ်း ရိုက်ကူးထားသည်ဟု ဆိုသည့် ထာဝရအလင်းတန်းများ ဇာတ်ကား ထူးချွန်ဆု အများအပြား ရရှိသွားသည့်အပေါ် ဝေဖန်သံများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် The Voice Saturday သတင်းစာတွင် ဖော်ပြထားပါသည်။

Khit Lu Nge

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...