Diprosopus...
Diprosopus ဆိုတာ ဂရိဘာသာက မျက်နှာ၂ခု ဆိုတဲ့ အဓိပ္ပါယ်က ဆင်းသက် လာပြီး မွေးရာပါ မျက်နှာ ၂ခု ဖြစ်နေခြင်း ကို ဆိုလိုပါတယ်။

တချို့ သိပ်မဆိုးဝါးတဲ့ အခြေအနေမှာ သန္ဓေသားဟာ နှာခေါင်းနှစ်ခုနဲ့ မျက်လုံး ၂လုံးက ကွာဝေးစွာ ရှိနေ တတ်ပါတယ်။ အရမ်း ဆိုးဝါးတဲ့ အခါ မှာတော့ မျက်နှာ ၂ခု ဖြစ်နေတတ် တာကို တွေ့နိုင်ပါတယ်။ ဘာကြောင့် ဖြစ်ရသလဲမေးရင် အမြွှာကိုယ်ဝန်တွေမှာ အမြွှာ နှစ်ယောက် ဖြစ်လာတဲ့ အချိန်မှာ သေသေ ချာချာ မကွဲထွက် နိုင်တာ ကြောင့် ဖြစ်ပါတယ်။ ဒါဟာ sonic hedgehog homolog (SHH) လို့ခေါ်တဲ့ သန္ဓေ သားရဲ့ ဦးခေါင်းနဲ့ မျက်နှာ ဖြစ်ပေါ်ရာမှာ အကူအညီပေးတဲ့ ပရိုတင်းတစ်မျိုး ပိုနေတာ ကြောင့်ပါ။ ဘယ်သူ တွေမှာ ဖြစ်သလဲ ဆိုတော့ လူတွေ မှာကော၊ ကြောင်၊ သိုး၊ မြွေ အစရှိတဲ့ တိရစ္ဆာန်တွေ
မှာကော ဖြစ်တတ် ပါတယ်။ ဓါတ်ခွဲခန်း ထဲမှာ SHH တွေကို ကြက်သား လောင်း တွေကို ပေးလိုက်တဲ့ အခါ ကြက်လေး တွေက ခေါင်းနှစ်ခုနဲ့ ပေါက် လာတာ တွေ့ရပါသတဲ့။ Diprosopus ဖြစ်နေတဲ့ သန္ဓေ သားဟာ များသော အားဖြင့် ဦးနှောက် မပါတာ (anencephaly)၊ ဦးနှောက်နဲ့ အာရုံ ကြောမကြီး ဆက်တဲ့နေရာ မကောင်းတာ (neural tube defects) ပြီးတော့ နှလုံး မူမှန် မဟုတ် တာတွေ ဖြစ်နေ တတ် ပါတယ်။
ဦးနှောက်က ပါနေတာတောင်မှ ဦးနှောက် အစိတ်အပိုင်းတွေက နှစ်ခုစီ ဖြစ်နေပြန် ပါသေးတယ်။ ပြီးတော့ မျက်နှာပြင် ဆိုင်ရာ ကြွက်သားတွေ ပုံမှန်မရှိတာကြောင့် မျက်လုံးပိတ်လို့ မရတာနဲ့ နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲ စတာတွေလဲ ဖြစ်ပွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဟာ diprosopus ကလေးကို ကိုယ်ဝန်ဆောင် ထားမိတယ် ဆိုတာ ultrasound, computer tomography (CT) scanning, magnetic resonance imaging (MRI) နဲ့ MR angiography တို့ကတဆင့် သိနိုင်ပါတယ်။ နောက်တစ်မျိုး ကတော့ polyhydramnios လို့ခေါ်တဲ့ ရေမြွာရည် အလွန်များပြားနေမှု ကလည်း သိနိုင်ပြီး ကုသလို့ မရနိုင်ပါဘူး။ ဒီဖြစ်စဉ်ဟာ အလွန်တရာ ရှားပါးတာမို့ ခွဲစိတ်ဖို့ နည်းလမ်းတောင် နည်းနည်းပဲ ရှိပါတယ်။ တကယ်လို့များ မမွေးခင်မှာ ultrasounds ရိုက်ကြည့် လို့ သိခဲ့တယ်ဆိုရင် ဖျက်ချဖို့ အကြံပေးပါလိမ့်မယ်။ ကလေးတွေက သားအိမ် ထဲမှာရော၊ အပြင်မှာပါ အသက်ရှင်ဖို့ အခွင့်အလမ်း အလွန်နည်းပြီး မွေးလမ်းကြောင်း က မွေးဖွားလာ ခဲ့မယ်ဆို မိခင်ကိုပါ အသက်အန္တရာယ် ရှိနိုင်လို့ပါ။
အဲ့ဒီတော့ diprosopus ကလေးလေးတွေကို ကိုယ်ဝန်ရလာရင် ကလေးဟာ အသေမွေးတတ်ပြီး ၁၈၆၄ ခုနှစ်ကစလို့ မှတ်တမ်းအရ အယောက် ၅၀ပဲ ရှိပါတယ်။ ၂၀၀၁ နဲ့ ၂၀၀၂ မှာတော့ အရှင်မွေးတဲ့ ကလေး နှစ်ဦး ရှိပါတယ်။ မွေးမွေး ပြီးချင်းမှာ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ယောက်ဟာ အပေါ်မှာ ပြောခဲ့သလို သိပ်မဆိုးဝါးတဲ့ အခြေအနေမှာ မွေးလာတာပါ။ ၂၀၀၈ မှာတော့ အသက် နှစ်လ အထိ အသက်ရှင်သွားတဲ့ LaLi လို့ခေါ်တဲ့ diprosopus ကလေးမလေးတစ်ဦး India မှာပေါ်ပေါက် လာပါတယ်။ Lali ကိုလူဦးရေ ၁၀၀သာ ရှိတဲ့ နယူးဒေလီနဲ့ မိုင်လေးဆယ်ဝေးတဲ့ ရွာလေး တစ်ရွာ မှာ မွေးဖွားခဲ့ပါတယ်။ မိဘများဟာ လယ်သမားတွေဖြစ်ပြီး သူမက သမီးဦးလေးပါ။ India မှာလုံ လောက်တဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု စနစ်မရှိလို့ ကလေးမိခင်က ကလေး ကိုယ်ဝန်ဆောင် နေချိန်မှာ ကလေးဘာဖြစ်နေမှန်း မသိခဲ့ပါဘူး။ ကလေးကို ဆေးရုံမှာ မွေးရိုးမွေး စဉ် မွေးလမ်းကြောင်းကနေပဲ မွေးဖွားခဲ့ပါတယ်။
မိဘတွေဟာ ကလေး အတွက် အထူး ကျန်းမာရေး စောင့်ရှောက်မှု လိုတယ် ဆိုတာ မသိခဲ့ကြ တဲ့အပြင် ကလေးကို CT scan နဲ့ MRI ရိုက်ဖို့ တောင် ခွင့်မပြု ခဲ့ပါဘူး။ ဒါကြောင့် ခွဲစိတ်ပေး ဖို့ရာလည်း မဖြစ်နိုင် ခဲ့ပါဘူး။ ကလေးရဲ့ အတွင်းဘက် မျက်လုံး နှစ်လုံးဟာ မျက်နှာပြင်က ကြွက်သားတွေ ပုံမှန်မရှိ တာကြောင့် ပိတ်လို့ မရဘဲ corneal opacity လို့ ခေါ်တဲ့ အမြင်အာရုံ ချို့ယွင်းမှု ဖြစ်စဉ်ကို ခံစားခဲ့ ရပါတယ်။ မိဘတွေဟာ ဆေးရုံမှာထားဖို့ ငြင်းဆန်ခဲ့တာကြောင့် လုံလောက်တဲ့ ပြုစုမှုကို မရခဲ့ပါဘူး။ အာခေါင် ကွဲ နေတာကြောင့် အိမ်မှာ နို့ဘူးတိုက်တဲ့အခါ သူမရဲ့ ကွဲနေတဲ့ အာခေါင်ကြောင့် ကောင်းကောင်း မစုပ်ယူ နိုင်ခဲ့ပါဘူး။ ကလေးဟာ အားနည်းဖျော့တော့လာ၊ အန်လာပြီး infection ၀င်လာပါတယ်။ နောက်ပိုင်း မိဘတွေဟာ ကလေးဖျားလာတာ၊ ရေဓါတ် ချို့တဲ့လာတာမို့ ဆေးရုံကို ပို့လိုက်ပါတယ်။ antibiotic တွေ၊ saline drip တွေကြောင့် သူမအခြေအနေ သက်သာလာပေမယ့် ဆေးရုံရောက်ပြီး ခြောက်နာရီ အကြာ အသက်၂လ ပြည့်မှာ heart attack နဲ့သေဆုံး သွားခဲ့ပါတယ်။
Images from Thinktwice, wikipedia, formyhour.com, nydailynews, Source - Wisegeek, Wordpress, Embryo.asu.edu
AuthorMai Shine
MYMC