ပြည်တွင်း၌ Master Card များ ထုတ်ယူအသုံးပြုနိုင်ရန် စတင်စီစဉ်


ပြည်တွင်း၌ Master Card များ ထုတ်ယူအသုံးပြုနိုင်ရန် စတင်စီစဉ်လိုက်ကြောင်း သိရသည်။ ယခင်က Master Card များကို ပြည်ပနိုင်ငံများမှ ပြည်တွင်းသို့ ယူဆောင်အသုံးပြုလာနိုင်ရန် စီစဉ်ခဲ့ကြောင်း၊ အဆိုပါ ဆောင်ရွက်ချက်ကို လာမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမီ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်းရှိ Master Card အသုံးပြုလိုသူများအတွက် Master Card အကောင့်ဖွင့်၍ ရရှိနိုင်ရန် သမဝါယမဘဏ်မှ စီစဉ်လိုက်ခြင်း ဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များသို့ ခရီးသွားသောအခါ ငွေကြေးကိုင်ဆောင်ရန် မလိုဘဲ အလွယ်တကူ အသုံးပြုနိုင်ရန်အတွက် Easi Travel အမည်ဖြင့် Master Card, Prepaid Card များကို ၂၄.၉.၂၀၁၃ ရက်နေ့မှစ၍ သမဝါယမဘဏ်တွင် ကြိုတင် စာရင်း ပေးသွင်းနိုင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်မှ ကြေညာသည်။

“Master Card အသုံးပြုလိုတဲ့ သူတွေအတွက် အသုံးပြုခွင့်ရတဲ့အခါ အလွယ်တကူ ဆောင်ရွက်ပေး
နိုင်အောင် ကြိုတင်စာရင်း ရယူထားတာ ဖြစ်ပါတယ်” ဟု သမဝါယမဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Master Card ပြုလုပ်လိုသူများ အနေဖြင့် သမဝါယမဘဏ်၏ Master Card Pre Order Form တွင် ဖြည့်စွက်ကာ စာရင်းပေးသွင်းနိုင်မည် ဖြစ်ကြောင်း အဆိုပါဘဏ်၏ ဖေ့စ်ဘုတ်စာမျက်နှာမှ တစ်ဆင့် ကြေညာထားသည်။ Form တွင် အမည်၊ မှတ်ပုံတင်အမှတ်၊ လိင်၊ အိမ်ထောင်ရေးအခြေအနေ၊ မွေးသက္ကရာဇ်၊ လူမျိုး၊ နိုင်ငံသား၊ အဖအမည်တို့ကို ဖြည့်စွက်ရမည် ဖြစ်သည်။ ၄င်းအပြင် နေရပ်လိပ်စာ၊ လုပ်ငန်းလိပ်စာ၊ ဖုန်းနံပါတ်၊ မိုဘိုင်းဖုန်းနံပါတ်၊ Email လိပ်စာ၊ လျှောက်ထားလိုသည့် ဘဏ်ခွဲအမည်တို့ကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ကာ စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Master Card များကို ပြည်တွင်းဘဏ်အချို့တွင် စတင်အသုံးပြုနိုင်မည် ဖြစ်သော်လည်း လောလောဆယ်တွင် ကတ်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ပြည်တွင်းမှ Master Card အသုံးပြုလိုသူများ အနေဖြင့် နောင်လာမည့်နှစ်တွင် အသုံးပြုနိုင်မည်ဖြစ် ကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

Khit Lu Nge

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...