ဆရာ့သမိုင်းရေးနေကြသူများ


တစ်နေ့ကိုးတန်းကျောင်းသားကလေးတစ်ယောက်၏ တစ်လတစ်ပုဒ်ကိုယ်ပိုင်ဟန်ဖြင့်ရေးနေရသော စာစီစာကုံးစာအုပ်ကို ယူကြည့်မိပါသည်။ ဦးစွာပထမရေးထားသော 'ကျောင်းဖွင့်ချိန်' စာစီစာကုံးကို စ၊ လယ်၊ ဆုံး ဖတ်ကြည့်သည်။ နိဒါန်းတွင် ကျောင်းနှင့်ဝန်းကျင်ကို ခံစားမှုပြုထားပြီး ရက်ပေါင်းတစ်ရာနီး ပါးကင်းကွာနေခဲ့သော သူငယ်ချင်းများပြန်ဆုံရ၍ ဝမ်းသာပီတိဖြစ်ရပုံကို ဖွဲ့သီထားသည်။ ပြီးလျှင် ဆရာမတစ်ဦးစီ၏ ပုံရိပ်ကို သွက်သွက်လက်လက်ရေးပြသွားသည်။
တစ်တန်းလုံး ဆူညံနေပါသည်။ အတန်းပိုင်ဆရာမသည် ပထမနေ့ဖြစ်၍လားမသိ ပြစ်တင်ဆူပူခြင်း အလျဉ်းမရှိဘဲ ပကတိတည်ငြိမ်သော မျက်နှာဖြင့်ကျွန်တော်တို့ လိုက်နာရမည့်စည်းကမ်းများကို တစ် ချက်ချင်းပြောပြပါသည်။ မြန်မာစာဆရာမ ဝင်လာပါသည်။ ဆရာမသည် နှယ်နှယ်ရရမဟုတ်။ ထူထဲ သောမျက်ခုံး၊ စူးရှသော မျက်လုံး၊ မဟာနဖူးကြီးနှင့်အတော်ခန့်ညားသော ဆရာမဖြစ်သည်။ ထိုနေ့က ဆရာမသည် မြကန်သာကဗျာကို သင်ပါသည်။ မြကန်သာ၏ သာယာလှပပုံကို ဆရာမသာရှင်းပြလျှင် နားလည်နိုင်စွမ်းမရှိပါ။ ဓာတုဗေဒဆရာမသည် ကြိမ်လုံးတရမ်းရမ်းနှင့် တည့်တည့်ကြီးဝင်လာလေ သည်။ ကျွန်တော်တို့ မင်္ဂလာပါဆရာမဟုထ၍ နှုတ်ဆက်ကြသောအခါ ဆရာမက (A) ခန်းလည်း ရိုက်မှာနော်ဟု ပြန်ပြောပါသည်။ ထိုစကားက ကျွန်တော်တို့တစ်ကိုယ်လုံးကို ကျိန်းသွားစေပါသည်။ ဆရာမက သဘောအင်မတန်ကောင်း၍ ရယ်စရာများကိုအရွှန်းဖောက်၍ သင်ကြားသူတည်းဟု ကောက်ချက်ချမိပါသည်။ ထိုဆရာမမျိုးရှိနေသမျှ ကာလပတ်လုံး ကျောင်းနေပျော်ကလေးများ မရှား ဟုတွေးမိပါသည်။ ထို့နောက်တွင်မူကား သင်္ချာဆရာမ အလှည့်ဖြစ်၏။ ဆရာမသည် အတန်းထဲသို့ ပြုံးရွှင်စွာဝင်လာပါသည်။ စကားပြောဆိုရာတွင်သော် လည်းကောင်း၊ စာပေသင်ကြားရာတွင်သော် လည်းကောင်း ကရုဏာသံဖြင့်ပြောပါသည်။ သို့ငြားလည်းစည်းကမ်းမလိုက်နာသော ကျောင်း သား၊ ကျောင်းသူများကိုတွေ့က အရိုးစွဲအောင် ဆုံးမလေ့ရှိပါသည်။ ထိုကဲ့သို့သောဆရာမမျိုးရှိနေသမျှ ကာလပတ်လုံး စည်းကမ်း လိုက်နာသော ကျောင်း သားကောင်းများ မရှားဟုထင်ပါသည်။ ဇီဝဗေဒျ ဆရာမဝင်လာပါသည်။ ဆရာမသည် ကိုယ်လုံးကိုယ်ထည်ပြည့်ဖြိုးပါသည်။ လမ်းလျှောက်ရာတွင်၊ စာရှင်းရာတွင်၊ စာရေးရာတွင် ဖြည်းညင်း စွာရေးလေ့ရှိသောကြောင့် အများကနှေးလွန်းသည်ဟု ထင်ကြပါသည်။ ကျွန်တော်ကတော့ ထိုသို့မထင်ပါ။ မိမိ၏ဘာသာရပ်နှင့် ကျောင်းသား၊ ကျောင်းသူ များ စိတ်ပါဝင်စားမှု တိုးတက်ရေးတို့အတွက် မမြဲတွေးတောကြံဆကာ ဈာန်ဝင်နေသည်ဟု ထင်ပါ သည်။ ရူပဗေဒဆရာမဝင်လာပါသည်။ ဆရာမသည် အရေး၊ အပြော၊ အကြား၊ အဖတ်ဟူသော သင် ကြားနည်းလေးမျိုးတွင် အရေးအတတ်၌ အတန်ပင် ကျွမ်းကျင်ပါသည်။ ရောက်ရောက်ချင်းပင်စာများ ကို ကျောက်သင်ပုန်းပေါ်တွင် မရပ်မနားရေးချ သွားပါသည်။ ဆရာမ၏လက်ရေးမှာ ရှင်းလင်းကျစ်လျစ် ပါသည်။ လှလည်းလှပါသည်။ ထိုဆရာမမျိုး ရှိနေသမျှကာလပတ်လုံး လက်ရေးလှသော ကျောင်း သား၊ ကျောင်းသူများ ပေါ်ထွက်လာမည်ဟု ယူဆမိပါသည်။

ဆရာမတစ်ဦးချင်းစီအပေါ်တွင်လည်း သူ့အမြင်ကို ခံစားရေးပြထားပါသေးသည်။ "ကျွန်တော် သည် ပေါ့ပေါ့ပါးပါးနေတတ်သော်လည်း ရင့်ကျက်မှုကိုလိုလားသောကြောင့် အင်္ဂလိပ်ဆရာမကိုကြိုက်ပါ သည်။ ကိုယ့်ယဉ်ကျေးမှုကို ဖော်ထုတ်ရှင်း လင်းပေးသော မြန်မာစာဆရာမကို လည်း နှစ်ခြိုက်ပါသည်။ တပည့်များကို ကရုဏာအပြည့်ဖြင့် ဆုံးမတတ်သောသင်္ချာဆရာမကိုလည်း မမုန်းပါ။ လက်ရေးသန့် သော ရူပဗေဒဆရာမကိုလည်း နှစ်သက်ပါသည်။ အေးဆေးတည်ငြိမ်သော ဇီဝဗေဒဆရာမကိုလည်း သဘောတွေ့ပါသည်။ အရွှန်းဖောက်တတ်သော ဓာတုဗေဒဆရာမကိုလည်း မနောခွေ့ပါ သည်။ ကျောင်းဖွင့် ချိန် ဆရာ့မေတ္တာကြောင့် မိုးရာသီပင်ဖြစ်လင့်ကစား နွေးထွေးနေပါသည်။ ဆရာဆိုသည် ပူချိန်တွင်အေး၍ အေးချိန်တွင်နွေးသော မေတ္တာရိပ်ကိုပေးစွမ်းနိုင်သည့် ဥယျာဉ်မှူးများ မဟုတ်ပါ လော" ဟူ၍ "ကျောင်းဖွင့်ချိန်" ကိုနိဂုံးချုပ်ပေးထားပါသည်။

မိမိတို့ဆရာများသည် သင်ခန်းစာတစ်ခုပြီးတိုင်း အခန်းဆုံးစစ်ဆေးကာ ကလေးများအားစဉ်ဆက်မ ပြတ် အကဲဖြတ်အမှတ်ပေး အတန်းတင်ပေးနေသလို မိမိတို့ရှေ့မှာထိုင်လျက် သင်ကြားသင်ယူပြုနေ ကြသောဤကလေးများသည်လည်း ဆရာများပြောဆိုပြုမူသမျှ စဉ်ဆက်မပြတ် အကဲခတ်ကာ နှလုံး သားမှာ မှတ်တမ်းရေးသမိုင်းတင်ပေးနေကြသူများ၊ တစ်နည်းဆရာ့ဘဝဆရာ့သမိုင်းကို သေစေ၊ ရှင်စေ အဆုံးအဖြတ်ပေးနိုင်ကြသူများဖြစ်ကြောင်း မိမိတို့ဆရာများအလေးထားသင့်၊ ဆင်ခြင်သင့် သောအကြောင်းများပင်ဖြစ်ပေသည်။

ကြေးမုံသတင်းစာ
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...