ကမ္ဘာရွာမှာ ပညာရှာရာဝယ်



ကမ္ဘာ့ကုလသမဂ္ဂမှ ရည်မှန်းချမှတ်ထားရှိသော ထောင်စုနှစ်ရည်မှန်းချက်များတွင် လာမည့် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ မူလတန်းပညာသင်အရွယ် ယောက်ျားလေးရော မိန်းကလေးပါမ ကျန်အားလုံး မူလတန်းပညာတတ်မြောက်ပြီးရေး (Ensuring Universal Primary Education For Boys and Girls) ဟူသော ရည်မှန်းချက်ကို မဖြစ်မနေ အကောင်အထည်ဖော်သွားရန်ဟူသော လုပ်ငန်းစဉ်တစ်ရပ် ဖော်ပြပါရှိသည်။ စာရေးသူတို့မြန်မာနိုင်ငံတွင် လာမည့်နှစ်မှစ၍ အခမဲ့အလယ် တန်းပညာသင်ကြားရေးစနစ်ကို စတင်အကောင်အထည် ဖော်ဆောင်နိုင်တော့မည်ဖြစ်ပါ၍ အလွန်ဝမ်း မြောက်ပီတိဖြစ်ရပါသည်။
ယနေ့ကမ္ဘာပေါ်တွင် ကျောင်းမနေနိုင်ကြသည့် ကလေးဦးရေ ၁၁၃ သန်းကျော်ရှိနေပြီး ထိုကျောင်း မနေနိုင်ကြသည့် ကလေးဦးရေတွင် ယောက်ျားလေး ၄၁ ရာခိုင်နှုန်း၊ မိန်းကလေး ၅၉ ရာခိုင်နှုန်းရှိနေ သည်ဟု သိရသည်။ ပညာလည်းမသင်ကြားနိုင်၊ အရွယ်လည်းမရောက်ဘဲ လုပ်ငန်းခွင်အသီးသီးတွင် အလုပ်လုပ်ကိုင်ကြရရှာသည့် အရေအတွက်ပမာဏကို ဆက်လက်ဖော်ပြလိုပါသည်။

ကမ္ဘာတစ်ဝန်းတွင် အသက် (၅) နှစ်မှ (၁၄) နှစ်အတွင်း အလုပ်လုပ်ကိုင်နေကြရရှာသူဦးရေမှာ သန်း ၂၅၀ ကျော်ရှိနေသည်။ ထိုသန်း ၂၅၀ ထဲတွင် အာရှတိုက်မှ အရွယ်မရောက်သေးသည့် ကလေး အလုပ်သမားဦးရေ ၆၁ ရာခိုင်နှုန်းက အာဖရိကတိုက်မှ အရွယ်မရောက်သေးသည့် ကလေးအလုပ် သမားဦးရေ ၃၂ ရာခိုင်နှုန်း၊ လက်တင်အမေရိကတိုက်မှ အရွယ်မရောက်သေးသည့် ကလေးအလုပ် သမားဦးရေ ခုနှစ်ရာခိုင်နှုန်း အသီးသီးရှိနေသည်ကို တွေ့ရှိရသည်။ အသက် (၅) နှစ်မှ (၁၄) နှစ်အ ရွယ်ကလေးများမှာ မူလတန်းပညာနှင့် အလယ်တန်းပညာကိုသင်ကြားကြရမည့် အရွယ်များဖြစ်သော် လည်း ကျောင်းမနေနိုင်၍ ပညာမသင်ကြားနိုင်ကြဘဲ ကာယလုပ်ငန်းခွင်အသီးသီးသို့ မရောက်သင့်ကြ ဘဲ ရောက်နေကြရရှာသူများဖြစ်ကြသည်။

ဒီမိုကရေစီကျင့်သုံးမှုတွင်ကျယ်ခြင်းသည် အသိပညာနှင့်ဆင်ခြင်တုံတရားပေါ်တွင် အမှီပြုနေပေ သည်။ ပညာတတ်ဦးရေ ပေါများနေမှသာ အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများ လျော့နည်းနိုင်ကြောင်းနှင့် စပ်လျဉ်း၍ "စာသင်ကျောင်းများ များစွာဖွင့်လှစ်ပေးနိုင်လေလေ အကျဉ်းထောင်ဝင်ပေါက်တံခါးများကို ပိတ်ထားနိုင်လေလေ" ဟူသော အနောက်တိုင်းဆိုရိုးစကားတစ်ခု ရှိပါသည်။ ပညာရေးဖွံ့ဖြိုးတိုးတက် မှုတာဝန်ကို နိုင်ငံတော်အစိုးရချည်း မဟုတ်ဘဲပညာဒါနရှင်များ၏ ပညာရေးဖောင်ဒေးရှင်းများက ပါဝင် ဖြည့်ဆည်းလာကြသည့် သူတို့၏ကုလသကမ္မပထလုပ်ငန်းများကို ဂုဏ်ယူဝမ်းမြောက်မိပါသည်။

လူဟူ၍ဖြစ်လာပြီး ပညာမသင်ကြားရလျှင် လူဖြစ်ရှုံးကြရမည်ဖြစ်သည်။ ပညာသင်ကြားလိုသော်လည်း အခက်အခဲရှိနေသူများအတွက် လည်းကောင်း၊ ပညာရေးလမ်းခရီးတွင် ထူးချွန်ထက်မြက်စွာ လျှောက် လှမ်းနိုင်ကြသူများကို အချိုပေါ်သကာလောင်းသကဲ့သို့ ပညာရည်ထူးချွန်မှုကို ပံ့ပိုးချီးမြှင့်သွားနိုင်ရန် အတွက်လည်းကောင်း၊ ကျောင်းအဆောင်အအုံ၊ ကျောင်းသုံးပရိဘောဂများ၊ ကွန်ပျူတာများနှင့် စာအုပ်စာတမ်း စာရေးကိရိယာများကိုလည်းကောင်း၊ သဒ္ဓါတရားလည်းထက်သန်၊ ငွေကြေးအင်အား လည်းတတ်နိုင်ကြသည့် ပညာရေးဒါနပြုကြသူများ၏ ပညာရေးဖောင်ဒေးရှင်းများ တိုးပွားသည်ထက် တိုးပွားလာစေချင်ပါသည်။ ပညာထူးချွန်ပါလျက် မိဘအုပ်ထိန်းသူများက ငွေကြေးမတက်နိုင်သော ကြောင့် ပညာရေးကိုကျောခိုင်းခဲ့ရကာ ပညာတစ်ပိုင်းတစ်စဖြင့် လူ့လောက၌ အခြေချလုပ်ကိုင်စား သောက်နေရသူများကို အထူးစာနာထောက်ထားမိသည်။ ငွေကြေးကြွယ်ဝချမ်းသာစေကာမူ ပညာရေး ဖွံ့ဖြိုးမှု၌ သဒ္ဓါတရားနည်းပါးပါက ပညာဒါနပြုဖြစ်ကြမည် မဟုတ်ပေ။ ဥစ္စာဓနလည်းကြွယ်ဝ၊ ပညာ တန်ဖိုးကိုလည်းသိ၊ သဒ္ဓါတရားလည်းရှိကြသူများသာ ပညာဒါနပေးလှူနိုင်ကြခြင်းပင် ဖြစ်သည်။

ဤနေရာတွင် စပ်လျဉ်း၍စာရေးသူ၏ ငယ်စဉ်ပညာသင်ဘဝကို ပြန်လည်အမှတ်ရမိသည်။ စာရေးသူ သည် ငယ်စဉ်ကဇာတိမြေဖြစ်သော သာယာဝတီခရိုင် စစ်ကွင်းမြို့နိဂြောဓာရုံ အစိုးရမူလတန်းကျောင်း တွင်စတင်ပညာသင်ကြားခဲ့ရ၏။ ထိုနိဂြောဓာရုံဘုန်းကြီးကျောင်း၏ ပဓာနနာယကဆရာတော်ကြီးမှာ စာရေးသူ၏ ဘိုးဘွားမိဘများ ပစ္စည်းလေးပါးဒကာခံယူ၍ ကိုးကွယ်ခဲ့သော ဆရာတော်တစ်ပါးဖြစ်ပါ၏။ အချို့ကျောင်းသားများဆိုလျှင် မိဘနှစ်ပါးမရှိတော့၍လည်းကောင်း၊ အချို့ဆိုလျှင် မိဘနှစ်ပါးမှာ ချို့တဲ့ ဆင်းရဲတွင်းနက်နဲလှသဖြင့် မူလတန်းကျောင်း၌ပင်မထားနိုင်၍လည်းကောင်း၊ ဘုန်းကြီးကျောင်း၌ ကျောင်းအိပ်၊ ကျောင်းစားနေထိုင်ရင်းမှ မူလတန်းပညာကို သင်ကြားခဲ့ကြရှာ၏။ သည်ကြားထဲ ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသကဲ့သို့ အချို့မိဘများက အချို့ကျောင်းသားများကို လယ်ယာလုပ်ငန်း၌ ကူညီလုပ်ကိုင်ရန်နှင့် ကျွဲကျောင်း၊ နွားကျောင်းခိုင်းစေရန် ကျောင်းမှအပြီးနုတ်ထွက်သွားခဲ့ကြရသည် ကိုကိုယ်တွေ့ကြုံရသောအခါ ထိုကျောင်းနုတ်ခံရသော သူငယ်ချင်းများအတွက် စာရေးသူရင်ထုမနာခံ စားခဲ့ရသည်။

တစ်ခါရန်ကုန်တက္ကသိုလ်သို့ ရောက်သောအခါ တက္ကသိုလ်တွင် အဆောင်စရိတ်၊ စားစရိတ်မတတ်နိုင် သဖြင့် အချို့ကကျွမ်းဝင်ရင်းနှီးရာ ဘုန်းကြီးကျောင်းများ၌နေထိုင်ပြီး၊ ပညာသင်ကြားကြရသူများကို လည်း တွေ့ရပြန်၏။ အချို့မှာ ရန်ကုန်မြို့၌ ဆွေမျိုးသားချင်း အိမ်များမှတစ်ဆင့် ကျောင်းတက်ကြရ သည်။ ထိုစဉ်က ရန်ကုန်မြို့၌စာရေးသူတို့မြို့နယ်အသင်းမဖွဲ့ရသေးသဖြင့် ချို့တဲ့ဆင်းရဲသည့် တက္ကသိုလ်ပညာသင်ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ခြင်းမပြုနိုင်။ အချို့မှာ အစိုးရပညာ သင်ထောက်ပံ့ကြေးမရကြသဖြင့် ကျောင်းထွက်ရသည့်အခြေအနေသို့ ဆိုက်ရောက်ခဲ့ကြရသည်။

ထိုအခါ စာရေးသူသည် ရန်ကုန်ရောက် ကျွန်တော်တို့ဇာတိမြို့မှ တက္ကသိုလ်ပညာသင်ကျောင်းသား၊ ကျောင်းသူများ ရန်ကုန်၌အခြေချနေထိုင်ပြီး ငွေကြေးဥစ္စာချမ်းသာနေသည့် ပုဂ္ဂိုလ်များကိုစုဝေးပြီး ချို့တဲ့ပညာသင်ကျောင်းသား၊ ကျောင်းသူအချို့ကို တတ်နိုင်သမျှထောက်ပံ့ရန် စည်းရုံးခဲ့သည့် လစဉ် ကူညီထောက်ပံ့ငွေများကို စာရေးသူကိုယ်တိုင် လိုက်လံကောက်ခံပေးခဲ့ပြီး ထိုနွမ်းပါးကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးဆုံးခန်းတိုင်ဘဝသို့ ရောက်ရှိရေးအတွက် ပါရမီဖြည့်ဆည်းပေးနိုင်ခဲ့သည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်များက ဇာတိမြေစစ်ကွင်းမြို့တွင် စစ်ကွင်းအသင်း (ရန်ကုန်) နှင့် နတ္တလင်းမြို့ရောက် စစ်ကွင်းသားမတည် အလှူရှင်ဆန်စက်လုပ်ငန်းရှင် ဦးဇော်လွင်ဦး မိသားစုက ပြည်သူ့အလင်းစာကြည့်တိုက်ကြီးနှင့် e-library ကိုဖွင့်လှစ်ပေးခဲ့သည်။ စစ်ကွင်းအသင်း (ရန်ကုန်) မှ အမှုဆောင်လူကြီးများဖြစ်ကြသည့် ဦးသန်းစိန်၊ ဦးမြင့်သိန်း၊ ဦးတင်အောင်၊ ဦးလှကျော်၊ ဦးခင်ကြွယ်၊ ဦးတင်ဝင်း၊ ဦးဝင်းမောင်၊ ဦးကြင်စိန် (စစ်ကွင်း) တို့၏ ဦးဆောင်မှုဖြင့် နှစ်စဉ်စစ်ကွင်း အထက အာစရိယပူဇော်ပွဲကို ကျင်းပရင်းစာပေဟောပြောပွဲ၊ စာကြည့်တိုက်ဖွင့်ပွဲများ ကျင်းပနိုင်ခဲ့ သည်။ ဒီထက်ထူးခြားလှသည်မှာ စစ်ကွင်းအုတ်တွင်းကျေးရွာရှိ လူရည်ချွန်ဆုရကျောင်းသူကလေး၏ တက္ကသိုလ်ပညာရေး ဆက်လက်သင်ကြားနိုင်ရန် အလှူငွေချီးမြှင့်ထောက်ပံ့မှုကို အခြေပြုပြီး နောင် ထူးချွန်ပညာသင်ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဖောင်ဒေးရှင်းတစ်ခု တည်ထောင် တော့သိရ၍ အတိုင်းမသိဝမ်းမြောက်ရသည်။ စာရေးသူမှာမီဒီယာတာဝန်ရှိ ဝန်ထမ်းတစ်ဦးဖြစ်နေ၍ ဇာတိမြေသို့ပြန်ရန် အခြေအနေမပေးသဖြင့် ရန်ကုန်မှနေ၍ အလှူငွေထည့်ဝင်နေရသော်လည်း စာရေးသူအဓိကမျှော်မှန်းခဲ့သည့် စစ်ကွင်းအသင်းနှင့် ပညာရေးဖောင်ဒေးရှင်းရုပ်လုံးပေါ်လာ၍ အတိုင်းမသိဝမ်းမြောက်ကြည်နူးရပါ၏။ စာရေးသူနှင့်ကွယ်လွန်သွားရှာသူ ဦးသောင်းရှိန် (ဆက်သွယ် ရေးအရာရှိ-ငြိမ်း) တို့သည် စစ်ကွင်းအသင်း (ရန်ကုန်) ဖြစ်မြောက်ရေးအတွက် သူကဥက္ကဋ္ဌ၊ စာရေး သူကအတွင်းရေးမှူးအဖြစ် စတင်စည်းရုံးခဲ့ပြီး ယခုအခါစစ်ကွင်းအသင်းကြီး (ရန်ကုန်) မှစ၍ အာစရိ ယပူဇော်ပွဲနှစ်စဉ်ကျင်းပပေးရုံသာမက စာကြည့်တိုက်နှင့် ပညာရေးဖောင်ဒေးရှင်းရုပ်လုံးကို အောင်မြင် စွာထုဆစ်ဖော်ဆောင်နိုင်ပြီ ဖြစ်ပါသည်။

ယနေ့မျက်မှောက်ခေတ်သည် ပညာရေးဖွံ့ဖြိုးမှုနှင့်အတူ စီးပွားရေး၊ လူမှုရေးတိုးတက်လာသည့် ခေတ် ဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် ပညာဖွံ့ဖြိုးမှုဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် မှုများ (Human Resource Development) ဖြစ်ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လွန်ခဲ့ သည့် ၂၀ ရာစုခေတ်က နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ ဒေသတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်တိုင်းတာလေ့လာကြမည်ဆိုပါက ကုန်သွယ်ရေးရှင်းတမ်း (Balance of Trade)၊ ငွေပေးငွေ ယူရှင်းတမ်း (Balance of Payment) တို့ဖြင့် နှိုင်းယှဉ်တိုင်းတာလာကြသည်။ ယနေ့ပစ္စုပ္ပန်ကာလ သည် နိုင်ငံတကာပညာရည်နှိုင်းယှဉ်မှု (International Balance of Knowledge) ဖြင့်တိုင်းတာသည့် ပညာခေတ် (Age of Knowledge) ဖြစ်လာသည်။ သိပ္ပံနှင့်နည်းပညာ (Science and Tehnology) တိုးတက်ဖွံ့ဖြိုးသည့် နယ်ပယ်တိုင်းတွင် လျင်မြန်စွာဖြစ်ပေါ်လျက်ရှိရာ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုး တက်မှုတွင်လည်း ပညာသည်သာ အဓိကအရာဖြစ်လာသည်။ ယခင်က ကုန်ထုတ်လုပ်မှု စီးပွားရေး ဘဝ (Production Economy P-Eco) မှယခုအခါ ပညာအခြေပြုပြီး စီးပွားရေးဘဝ Konwledge Based Economy ဖြစ်လာသည်။

ယနေ့မျက်မှောက်ကာလကို နည်းပညာတော်လှန်ရေးခေတ် (Age of Technological Revolution) သို့မဟုတ် ပညာခေတ် (Age of Knowledge) ဟုလည်း သတ်မှတ်ထားကြသည်။ ကုန်ဆုံးပြီးခဲ့သည့် ၁၈ ရာစုခေတ်ကို ပထမစက်မှုတော်လှန်ရေးခေတ် (Age of First Industrial Revolution) ဟု သတ် မှတ်ခဲ့ကြပြီး ၂၀ ရာစုနှစ်ခေတ်ကို ဒုတိယစက်မှုတော်လှန်ရေးခေတ် (Age of Second Sumd Indu-strial Revolution) ခေါ်သည်။ ယနေ့ ၂၁ ရာစုခေတ်ကို သတင်းနှင့်ဆက်သွယ်ရေးနည်းပညာခေတ် (Age of Information Technology) ဟုသတ်မှတ်ထားကြသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေခံပုံရိပ်များကို ကုလသမဂ္ဂအဖွဲ့ကြီးက လူ့အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုဆနှုန်းကိန်း (HDI-Human Development Index) ဖြင့်ချိန်ထိုးတိုင်းတာပါသည်။ လူ့အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှု ဆနှုန်းကိန်းဆိုသည်မှာ-

(၁) သက်ဆိုင်ရာနိုင်ငံသားတိုင်း၏ မျှော်မှန်းသက်တမ်း

(Expectancy of Life and Brith)

(၂) သက်ကြီးစာတတ်မြောက်မှု အချိုးအစား

(Adult Literacy ratio)

(၃) မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာသင်ကြားမှုအချိုးအစား

(Combined First, Second and Third Level School enrolment ratio) နှင့်

(၄) ဝင်ငွေ (Income) တို့ဖြစ်ကြသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံသူနိုင်ငံသားတို့၏ အသိပညာ၊ အတတ်ပညာများပေါ် တွင် များစွာတည်မှီနေသည်။ ယနေ့ပစ္စုပ္ပန်ကာလသည် နည်းပညာတော်လှန်ရေးကာလ (Age of Technology Revolution) ဖြစ်ခြင်းကြောင့် နိုင်ငံသူနိုင်ငံသားများသည် အဆင့်မြင့်နည်းပညာရပ်များ ကို တတ်မြောက်ကျွမ်းကျင်ရန် အထူးလိုအပ်လှသည်။ ကမ္ဘာ့နိုင်ငံအများစုသည် နည်းပညာဖွံ့ဖြိုးမှုအ တွက် အသိပညာအခြေပြု လူ့အဖွဲ့အစည်း (Knowledge Based Society) ဖြစ်မြောက်ရေးကို အား သွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြသည်ကို တွေ့ရသည်။

သုံးလောကထွတ်ထား မြတ်ဗုဒ္ဓဘုရားက ပညာ၏အနှစ်သာရနှင့်စပ်လျဉ်း၍ "ပညာနရာနံရတနံ" "ပညာသည်ကား လူသားအားလုံး၏ ရတနာစစ် ရတနာမှန်ဖြစ်သည်" ဟူ၍လည်းကောင်း၊ "ပညာ ပမာအာဘာနတ္ထိ" "ပညာနှင့်တူသော အလင်းရောင်ဟူသည်မရှိ" ဟူ၍လည်းကောင်း ဟောဖော်ညွှန်ပြ တော်မူခဲ့သည်။ ထို့ကြောင့် ဂျပန်နိုင်ငံ၌ အဆင့်မြင့်အင်ဂျင်နီယာပညာရပ်များကို ပညာတော်သင်ဘဝ ဖြင့်သွားရောက်သင်ကြားလျက်ရှိသော သမီးဖြစ်သူကိုစာရေးသူက ပညာရှာဖွေရာ၌ "သတိတမံ၊ ဉာဏ်မြေကတုတ်၊ ပညာဉာဏ်ကိုချွန်းနှင့်အုပ်" "သတိလက်ယာ၊ ပညာလက်ဝဲ" ဟူသော ခံယူချက် ဖြင့် မိမိအကျိုး၊ နိုင်ငံ့အကျိုးသယ်ပိုးနိုင်အောင် အားထုတ်ကြိုးပမ်းသင်ကြားရန်မှာကြားရသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုစံကိုလူနေမှုဘဝရုပ်ပိုင်းဆိုင်ရာ အရည်အသွေးတိုးတက်မှုအညွှန်းကိန်း (Augmented Physical Quality of Life Index) ဖြင့်တိုင်းတာဖော်ပြလေ့ရှိကြသည်။ ထိုလူနေမှုဘဝ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးညွှန်းကိန်းသည် အဓိကအားဖြင့် နိုင်ငံတစ်နိုင်ငံ၌ လူတို့၏ပျမ်းမျှသက် တမ်း၊ ကယ်လိုရီစားသုံးမှု၊ ကလေးများကျောင်းပညာသင်ကြားမှု၊ သက်ကြီးလူဦးရေစာတတ်မြောက်မှု အခြေအနေများကိုပါ ထည့်သွင်းဖော်ပြကြရသည်။ ထို့ကြောင့်နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုစံနှုန်းကို တိုင်း တာဖော်ပြရာ၌ စီးပွားရေးတစ်ခုတည်းသာမဟုတ်ဘဲ အသိပညာ၊ အတတ်ပညာအဆင့်အတန်းများကို ပါထည့်သွင်းရသည်ကို ကြည့်ခြင်းအားဖြင့် ပညာရေး၏အရေးပါမှုကိုသိသာနိုင်ပြီ ဖြစ်ပါသည်။

ယနေ့ ၂၁ ရာစု၌ နည်းပညာရပ်များ အရှိန်အဟုန်ဖြင့်တိုးတက်လာခြင်းကြောင့် ကမ္ဘာသည်ရွာတစ်ရွာ ဖြစ်လာတော့သည်။ ထို့ကြောင့်ကမ္ဘာကို "ကမ္ဘာရွာ" (Global Village) ဟုခေါ်ကြသည်။ ထို့ကြောင့် ကမ္ဘာရွာမှာ ပညာရှာဖွေဆည်းပူးကြသူတိုင်း ကမ္ဘာနှင့်ချိတ်ဆက်ကာ အမျိုးသားပညာရေး ဖွံ့ဖြိုးမှုနှင့် အတူနိုင်ငံတော်ပညာရေး တိုးတက်ဖွံ့ဖြိုးရေးကို ဦးတည်၍နိုးကြားစွာ ကြိုးစားနိုင်ပါစေကြောင်းနှင့် သဒ္ဓါတရားလည်းထက်သန်၊ ပညာတန်ဖိုးကိုလည်း အလေးထားကြသူများလည်းဖြစ်ကြသည့် လော ကအကျိုးဆောင် လောကတ္တစရိယ ပရဟိတအလှူရှင်များ (Well-Wishers) ကလည်း ပညာဖွံ့ဖြိုး တိုးတက်ရေးးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဖြည့်ဆည်းသွားနိုင်ကြစေရေး အရေးထားလေးစားစွာ ဖြင့် ရေးသားဆန္ဒပြုအပ်ပါသည်။ ။

ကြေးမုံသတင်းစာ
ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...