ရွေ့လျား စာသင်ခန်းများ


စားပွဲထိုးကလေးငယ်များအား စာသင်ကြားပေးနေစဉ် (ဓာတ်ပုံ − MyMe)

‘‘စာသင်ခန်းဆီကို ကလေးတွေ မလာနိုင်ရင် ကလေးတွေဆီ စာသင်ခန်းကသွားမယ်’’ဟူသည့် ဆောင်ပုဒ်ဖြင့် စာသင်ခန်းဆီမလာနိုင်သည့် ကလေးငယ်များထံ စာသင်ခန်းများ ရောက်လာပါပြီ။

မြန်မာနိုင်ငံ၏ အရေးတကြီးလိုအပ်ချက်တစ်ခုဖြစ်သော ပညာရေးကဏ္ဍကို တစ်တပ်တစ်အား ၀ိုင်းဝန်းပါဝင်မြှင့်တင်ရန် လူငယ်တို့ ကြိုးပမ်းလာနေကြသည်။

လမ်းဘေးတွင် ပန်းရောင်း၊ ကွမ်းယာရောင်းသည့် ကလေးငယ်များအတွက် လမ်းဘေးပလက်ဖောင်းစာသင်ဝိုင်းများ ပေါ်ပေါက်လာသည်။ လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးကလေးငယ်များအတွက် အလုပ်ချိန်ပြင်ပ ဆိုင်သို့ လာရောက်သင်ကြားပေးသည့် အဖွဲ့ငယ်များ ပေါ်ပေါက်လာသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကလေးငယ် များထံ သွားရောက်သင်ကြားပေး သည့် စေတနာရှင်အဖွဲ့ငယ်များ ပေါ်ထွက်လာသည်။ သူတို့အား လုံးက လူငယ်များဖြစ်ကြသည်။

လမ်းဘေးပလက်ဖောင်းစာ သင်ဝိုင်းများကို မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် ပြုလုပ်သင်ကြားလာကြပြီး စေတနာ့ဝန်ထမ်း လူငယ်လေးများ စုစည်း၍ ဆောင် ရွက်နေကြခြင်းဖြစ်သည်။

MyMe အဖွဲ့သည် လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးလေးများကို လိုက်လံစာသင်ကြားပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည်။ ဆိုင်ပိတ် သိမ်းချိန် ညပိုင်းများတွင် လက် ဖက်ရည်ဆိုင်ရှိ စားပွဲများကို စီ တန်းလျက် စာသင်ခန်းအဖြစ် ပြောင်းလဲကာ သင်ရိုးညွှန်းတမ်း များစတင်လိုက်ပါသည်။

တစ်နေ့တာလုံး စားသောက် သူများနှင့် ဆူညံစည်ကားခဲ့သည့် လက်ဖက်ရည်ဆိုင်အချို့သည် စားပွဲထိုးကလေးငယ်တို့၏ စာအံသံ များဖြင့် ပြန်လည်အသက်ဝင်လာ ခဲ့သည်။

သနပ်ခါးပါးကွက်ကျားကိုယ်စီဖြင့် စွပ်ကျယ်အင်္ကျီလေးများဝတ်ဆင်ကာ ပျော်ရွှင်စွာ စာအံနေကြသည့် ကလေးငယ်တို့က တက်တက်ကြွကြွ သင်ယူလျက်ရှိကြသည်။

‘‘နယ်ကလာတဲ့ ကလေးတွေများတော့ ရိုးသားကြတယ်။ သင်ပေးတာကိုလည်း စိတ်ဝင်စားကြတယ်။ သူတို့ရဲ့ လူမှုဆက်ဆံရေး တွေ တိုးတက်လာတယ်။ နိုင်ငံခြားသားဧည့်သည်တွေကို အင်္ဂလိပ်လိုပြောတတ်လာတယ်။ တွက်တာချက်တာလည်း ပိုစနစ်ကျလာတယ်’’ဟု MyMe ပရောဂျက် စီမံကိန်းတာဝန်ခံ ဒေါ်ခင်မေမေအေးကပြောသည်။

MyMe မြန်မာ ရွေ့လျား သင်ကြားရေးအဖွဲ့တွင် အမြဲတမ်း ဆရာမ ကိုးဦး၊ နိုင်ငံခြားသူ နှစ်ဦး နှင့် လုပ်အားပေးသင်ကြားပေး သည့် စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမ ခြောက်ဦးခန့်ရှိသည်။ သူ တို့က အခြေခံပညာစတုတ္ထတန်း အဆင့် သင်ယူဖူးသည့် ကလေးငယ်များကို ပဉ္စမတန်းနှင့် ဆဋ္ဌမတန်းအဆင့်ထိ သင်ကြားနေကြခြင်းဖြစ်သည်။

နောက်ထပ်လာမည့် ပရောဂျက်များတွင် ရှစ်တန်းအောင်သည့်အဆင့်ထိ ထပ်မံထောက်ပံ့သင်ကြားပေးရန်နှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုပါ သင်ကြားပေးရန် စီစဉ်ထားသည်ဟုဆိုသည်။

‘‘တချို့ကလေးတွေက သုံး၊ လေးတန်းနဲ့ ကျောင်းထွက်လာတာရှိတော့ သူတို့ကို Level 1-2 ခွဲပြီး သင်ပေးတယ်’’ ဟု ဒေါ်ခင် မေမေအေးကဆိုသည်။

၎င်းတို့သည် ယခုအခါတွင် တာမွေမြို့နယ်၊ ဗိုလ်စိန်မှန်လမ်းနှင့် မြောက်ဥက္ကလာပရှိ လပ်ကီးဆဲဗင်းလက်ဖက်ရည်ဆိုင်တို့တွင် ကလေးငယ် ၁၄၀ ၀န်းကျင်ခန့်ကို သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် ဘီအမ်ကားပေါ်တွင် စာသင်ခုံများနှင့် စာကြည့်တိုက်အသေးစားတစ်ခု တပ်ဆင်ထားသည့် ကားနှစ်စီးဖြင့် လိုက်လံသင်ကြားပေးမှုများလည်း ပြုလုပ်နေသည်ကို တွေ့ရသည်။

သင်ကြားမှုစနစ်မှာ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပေးသည့် ကျောင်းပြင်ပသင်ကြားရေးသင် ရိုး(Non Formal Education Syllabus) စာအုပ်၊ အမေရိကန် နယူးယောက်၊ နယူးစကူးလ်မှ သင်ရိုးညွှန်းတမ်း၊ အင်္ဂလိပ်စာသင်ရိုးများဖြင့် အခြေခံ အဆင့် ၁၊ ၂ ခွဲ၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်သုံးခုကို သင်ကြားပေးလျက်ရှိသည်။

လစဉ် စာမေးပွဲစစ်သည့်စနစ်ကို ကျင့်သုံးပြီး ယခုလဧပြီ ၄ ရက်မှ ၆ ရက်အထိ စာမေးပွဲကြီး စစ်ခဲ့ပြီးဖြစ်သည်။

‘‘စာသင်ခန်းဆီကို သူတို့တွေမသွားနိုင်တာရှိမယ်။ စာသင်ခန်းက သူတို့ဆီသွားရင် လုပ်ငန်းခွင်ထဲမှာရှိတဲ့ ကလေးတွေက သူတို့ကိုယ်တိုင်တွေးခေါ်တတ်လာမယ်။ စဉ်းစားတတ်လာမယ်။ အဲဒီလိုမျိုးဖြစ်လာဖို့ ရည်ရွယ်ပါတယ်’’ ဟု My Me ပရောဂျက်ဌာနဒါရိုက်တာ ဒေါ်ဆွေဇင်ထိုက်က စီမံကိန်းဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

‘‘ဒီလိုမျိုးဆရာမတွေ လာသင်ပေးတော့ ကျွန်တော်တို့အတွက် အရင်ထက်ပိုပြီး ကောင်းလာတယ်။ ပိုပြီးတော့လည်း အတွေ့အကြုံပိုရတယ်။ အလုပ်နားတဲ့အချိန် ဆရာမအဖွဲ့သုံးဖွဲ့လာသင်ပေးတယ်။ Level ဇီးရိုး၊ Level ၀မ်း၊ Level တူးဆိုပြီးတော့ ခွဲသင်ပေးတယ်’’ဟု တာမွေမြို့ နယ် လပ်ကီးဆဲဗင်းလက်ဖက် ရည်ဆိုင်မှ စားပွဲထိုးလေးတစ်ဦး က ပြောသည်။

My Me ကဲ့သို့ ပရောဂျက် မဟုတ်သော်လည်း စိတ်တူ၊ ကိုယ်တူ လူငယ်စေတနာရှင်များစု စည်းထားသည့် လူမှုအဖွဲ့အသီးသီးကလည်း စာသင်ခန်းဆီ မရောက်လာနိုင်သည့် ကလေးငယ်များထံ စာသင်ခန်းကို အရောက်ပို့ပေးနေကြပါသည်။

ရန်ကုန်မြို့မီးပွိုင့်အချို့တွင်ညပိုင်း စံပယ်ပန်း၊ ကွမ်းယာ ရောင်းချသည့် ကလေးငယ်များကို လိုက်လံစာသင်ပေးသည့် လူငယ်တစ်စုလည်းရှိပါသည်။ သူတိုက ညဘက်မီးပွိုင့်မိနေသည့် ကား များထံ ဈေးရောင်းချရသည့် ကလေးငယ်တို့ကို မီးပွိုင့်အနီး လမ်းဘေးပလက်ဖောင်းတွင် ခေါ်ယူ၍ စာသင်ကြားပေးခြင်းဖြစ်သည်။

ထိုသို့သင်ကြားရာတွင် ကလေးငယ်တို့၏ အလုပ်မပျက်စေရအောင် လူငယ်အဖွဲ့ဝင်တို့က သူတို့ကိုယ်စား စံပယ်ပန်းများကိုင်ကာ မီးပွိုင့်တွင် လိုက်လံရောင်းချ ပေးကြခြင်းဖြစ်သည်။ ပညာတတ် လူရည်မွန် လူငယ်လေးများက စံပယ်ပန်းလိုက်ရောင်းနေသည့်အချိန်တွင် ကျန်အဖွဲ့ဝင်များက ကလေးငယ်တို့ကို ဓာတ်မီးတိုင်အောက်တွင် စာသင်ကြားပေးလျက်ရှိသည်။ အလုပ်မပျက်ဘဲ ပညာလည်းရသည့်အတွက် ထိုအစီအစဉ်ကို ကလေးငယ်များက သဘောကျကြသည်ဟု သိရသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဆီသို့ သွားရောက်သင်ကြားပေးသည့် လူငယ်စေတနာရှင်လူမှုအဖွဲ့များကတော့ မြန်မာနိုင်ငံအနှံ့တွင် ရှိနေကြသည်။

‘‘ဘုန်းတော်ကြီး စာသင်ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ကျောင်းဆင်းချိန်တွေသွားပြီး စာသင်ပေးပါတယ်။ ကျွန်တော်တို့က စေတနာနဲ့ အားတဲ့အချိန် လာသင်ပေးတာဆိုတော့ ကလေးတွေကလည်း တလေးတစားရှိပါတယ်။ သိပံ္ပပညာရပ်တွေ အများဆုံးသင်ပေးပါတယ်’’ဟု ပြည်မြို့တွင် သူငယ်ချင်းများစုက ဘုန်းတော်ကြီး ပညာရေးကျောင်းရှိ ကလေးများကို စာလိုက်လံ သင်ကြားပေးသည့် အသက် (၁၈) နှစ်အရွယ် ဒုတိယနှစ်ကျောင်းသား ကိုထက်ဝေလင်းကပြောသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် စာသင်ကြားနေသည့် ကလေးများထဲမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကလေးများနှင့် မြို့နယ် ထူးချွန်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကလေးများစွာ ထွက်ပေါ်လာနေသည်။

သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားသည့်အပြင် ပရဟိတလူမှုအဖွဲ့အစည်းများမှ လူငယ်တို့ကလည်း လာရောက်သင်ကြားမှုများ ပြုလုပ်လာသည့်အတွက် ကလေးငယ်တို့ ပညာရေးမှာ ပိုမိုတိုးတက်မှုရှိလာမည်ဖြစ်သည်။

မန္တလေးမြို့ ၇၈ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ပလက်ဖောင်းတွင် ဘူတာကြီးတစ်ဝိုက်ရှိ အိမ်ခြေမဲ့၊ မိဘမဲ့ ကလေးငယ်များကို စာသင်ကြားပေးနေသည့် ပလက်ဖောင်းပျိုးခင်းအမည်ရှိ အခမဲ့ပညာဒါနလူမှုအဖွဲ့တစ်ဖွဲ့လည်းရှိသည်။

ကျောင်းမနေနိုင်သည့် ကလေးများ၊ ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသည့် ကလေးများ၊ ချို့တဲ့လေလွင့်နေသည့် ကလေးငယ်များကို မီးရထားဘူတာရဲဝန်ထမ်းတစ်ဦးက စာသင်ကြားပေးရာမှ အစပြုကာ ယခုအခါ ဆရာတော်ဦးကုမုဒလည်း ပါဝင်ဦးဆောင်၍ ကျယ်ပြန့်လာပြီဖြစ်သည်။ ယခုအခါ အဆိုပါ လမ်းဘေးပလက်ဖောင်း စာသင်ဝိုင်းကလေးမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကလေးငယ်များပင် ထွက်ပေါ်လာပြီဟု သိရသည်။

‘‘ဇွန်လကျောင်းပြန်ဖွင့်ရင် ဆရာ၊ ဆရာမတွေအားလုံး အရင် သင်နေကြနေရာမှာပဲ ပြန်စကြမယ်။ မနှစ်က ဆယ်တန်းကောင်လေးကတော့ ကျသွားတယ်။ သူကလည်းမိဘကို ကူညီတာဆိုတော့ ဒီနှစ်သူ့ကို ကျောင်းပြန်ထားပေးမှာပါ။ ဦးပဉ္စင်းတို့က အကုန်လုံးကို ကျောင်းထားပေးတယ်။ ညကျောင်းပုံစံမျိုး ညဘက်တွေမှာ သင်ပေးတယ်’’ဟု မန္တလေးမြို့ရှိ ပလက်ဖောင်းပျိုးခင်းစာသင်ဝိုင်းမှ ဆရာတော်ဦးကုမုဒကပြောသည်။

ပလက်ဖောင်း ပျိုးခင်းစာသင်ဝိုင်းကို ၂၀၀၉ ခုနှစ်က စတင်သင်ကြားခဲ့ပြီး အစပိုင်းတွင် လေး၊ ငါးဦးဖြင့် စတင်သင်ကြားခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကျောင်းသား တစ်ဦးအပါအ၀င် ကျောင်းသား၄၅ ဦးအား သင်ကြားပေးခဲ့သည်။

‘‘ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အများကြီးတိုးတက်လာတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ ရှိလာတယ်။ အရင်က ဘ၀မရှိတဲ့ကလေးတွေက အခုဆို သူတို့ရဲ့ ဘ၀လေးတွေရှိလာတယ်။ အများကြီးတိုးတက်လာတယ်။ သူတို့ရဲ့ မိဘတွေကလည်း ပိုပြီး ကလေးတွေအပေါ် မျှော်လင့်ချက်ထားလာတယ်။ ဦးပဉ္စင်းတို့ကလည်း စိတ်ပိုင်းဆိုင်ရာ အများကြီးပြုပြင်ပေးထားတယ်’’ဟု ဆရာတော် ဦးကုမုဒကမိန့်ကြားသည်။

‘‘အရင်က ပလက်ဖောင်းကို သွားသင်ဖြစ်တယ်။ အခုသွားသင်နေတာက ဗုဒ္ဓဆာယာဘုန်းတော်ကြီးသင်ပညာရေးကျောင်းပါ။ ကျောင်းသားငါးဆယ်ကျော် ရှိတယ်။ ဘကကျောင်းကလေးတွေအားလုံးနီးပါးက ဆင်းရဲချို့တဲ့ တဲ့ ကလေးတွေချည်းပဲဗျ။ ကျွန်တော်တို့ သွားသင်ရင် ပျော်ကြတယ်။ စိတ်ဝင်စားမှုလည်းရှိကြပါတယ်’’ဟု ဘကကျောင်းများတွင် ပညာဒါနလိုက်လံသင်ကြားပေးနေသည့် မန္တလေးမြို့မှ မအေးယုအောင်ကပြောသည်။

ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အရေးတကြီးလိုအပ်နေသည့် မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်း၌ ကလေးသူငယ် ပညာရေးနှင့် ကျန်းမာရေးထောက်ပံ့မှုပြုလုပ်သည့် လူမှုအဖွဲ့အစည်းများ ခပ်စိပ်စိပ်ပေါ်ထွက်လာနေ သည်။

လက်ဖက်ရည်ဆိုင်အချို့ သို့ သွားရောက်သင်ကြားရာတွင်လည်း ဆိုင်ရှင်များက ပါဝင်ကူညီလာကြသည့်အတွက် ကလေးငယ်တို့ပညာရေးကို အထောက်အကူဖြစ်လာစေသည်။

စားပွဲထိုးကလေးငယ်များ၊ အိမ်ခြေရာမဲ့ ကလေးငယ်များ၊ မိဘမဲ့ကလေးငယ်များ၊ ကျောင်း ဆက်မတက်နိုင်သည့် ကလေး ငယ်များတို့က သူတို့အပေါ် စေတ နာထား၍ ကိုယ်တိုင်ကိုယ်ကျ ပညာဒါနလာရောက်သင်ကြားပေးကြသည့် ပရဟိတဆရာ၊ ဆရာမလေးများကို ရိုသေလေးစားစွာဖြင့် သင်ယူလျက်ရှိကြသည်။

ကလေးငယ်တို့ကိုယ်တိုင် စိတ်ပါဝင်စားစွာ ပညာယူကြသည့်အတွက် သင်ကြားရေးမှာလည်း မြန်ဆန်တိုးတက်မှုများ မြင်တွေ့နေရပြီဖြစ်သည်။ မြန်မာ့လူ့ အဖွဲ့အစည်းအတွက် လိုအပ်နေသည့် ကွက်လပ်တစ်ခုကို အချိန်ရော၊ ငွေကြေးရော၊ လူအင်အားပါ စိုက်ထုတ်ကာ စေတနာသက်သက်ဖြင့် ကူညီဆောင်ရွက်နေကြသည့် လူငယ်တို့၏ ပရဟိတစိတ်ဓာတ်ကြောင့် ကလေးငယ်တို့မှာ ပညာရေးနှင့် ဝေးကွာရတော့မည် မဟုတ်ပါ။

ထိုသို့ပရဟိတစိတ်ဓာတ်ပိုင်ရှင်များ ဆက်တိုက်ပေါ်ထွက်လာနေပါသည်။

သူတို့သည် ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများကို ဘုန်းကြီးကျောင်းများသို့လည်းကောင်း၊ ပလက်ဖောင်းများပေါ်သို့လည်းကောင်း သွားရောက်ဆောင်ရွက်နေကြပါဦးမည်။ စာသင်ခန်းဆီမလာနိုင်သည့် ကလေးများထံသို့ စာသင်ခန်းများ ရွေ့လျားလာနေပြီဖြစ်ပါသည်။။

7Day Daily
No.357 Wednesday, April 23,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...