တောင်ကိုရီးယား ကူးတို့ယာဉ်နစ်မြုပ်မှု အသေအပျောက် (၁၀၀)ကျော်ထိရှိလာ



တောင်ကိုရီးယားမှ ကူးတို့ရေယာဉ် နစ်မြုပ်မှုတွင် အသေအပျောက် ပမာဏသည် (၁၀၀)ကျော်သွားပြီဟု တာဝန်ရှိသူများက အတည်ပြု ကြေညာခဲ့သည်။ ရေငုပ်သမားများသည် ဇောက်ထိုးမိုးမျှော် နစ်မြုပ်သွား သည့် ရေယာဉ်၏ ကိုယ်ထည်အတွင်း ဝင်ရောက်ကာ နောက်ထပ် အလောင်းများကို ဆွဲထုတ်နေဆဲ ဖြစ် သည်။ လက်ရှိအချိန်ထိ သေဆုံးသူ အရေအတွက် (၁၀၄)ဦးထိ ရှိနေပြီဖြစ်ပြီး ပျောက်ဆုံးနေသူ (၁၉၈)ဦး အတွက် မျှော်လင့်ချက်မှာလည်း အလွန်လျော့ပါးနေပြီဟု ယူဆရသည်။ အဆိုပါ ရေယာဉ်သည် (၂)နာရီမျှ အချိန်အတွင်း မြန်ဆန်စွာ နစ်မြုပ်သွားသော်လည်း အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။



လွတ်မြောက်လာသူများအနက် ရေယာဉ်အမှုထမ်း (၇)ဦးကို ဖမ်းဆီးထားပြီ ဖြစ်သည်။ ယခုမတော်တဆ မှုတွင် ရေယာဉ်မှူးအနေဖြင့် ခရီးသည်များကို စောစီးစွာ ရွှေ့ပြောင်းမိန့် ထုတ်ပြန်ပေးသင့်သော် လည်း နှောင့်နှေးနေခဲ့ကြောင်း ဝေဖန်ပြစ်တင်မှုများ ကြုံနေရသည်။ တောင်ကိုရီားး သမ္မတ ပါ့ခ်ဂွမ်ဟီးက တနင်္လာနေ့တွင် အဆိုပါ ဖြစ်ရပ်သည် ရေယာဉ်အမှုထမ်း အချို့အနေဖြင့် လူသတ်မှု ကျူးလွန်ခဲ့သည်ဟု ပင် ပြောဆိုနိုင်ကြောင်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဂျီဂျူကျွန်း အနောက်မြောက်ပိုင်းတွင် နစ်မြုပ်သွားသော Sewol ရေယာဉ်မှ ခရီးသည် (၁၇၄)ဦးထိကို ကယ်တင် ထားနိုင်ပြီး ဖြစ်သည်။



အဆိုပါ သင်္ဘောပေါ်တွင် ဆရာဆရာမနှင့် ကလေးငယ် (၃၃၉)ဦး အပါအဝင် လူပေါင်း (၄၇၆)ဦး လိုက်ပါသွားပြီး အများစုသည် ရေယာဉ်နစ်မြုပ်ချိန်တွင် ပိတ်မိပြီး ရေအောက်သို့ ပါသွားခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယား ရေတပ်မှ ရေငုပ်ပညာရှင်များသည့် သင်္ဘောကိုယ်ထည်ကို ဖောက်ထုတ်ကာ အလောင်းများ ရယူပြီး အနီးရှိ ဂျင်ဒိုကျွန်းမှ ဆိပ်ကမ်းသို့ ပုံမှန်ပို့ဆောင်ပေးနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...