"တန်ဖိုးထားတာမရှိရင် ဘာဝဟာ စည်းကမ်းမဲ့လာတယ်"



လူဆိုတာ တစ်ခုခုကို အလေးထားစရာရှိမှ သူ့ ဘ၀ဟာ တစ်မျိုး အဓိပ္ပါယ်ရှိတယ်။ မြတ်စွာဘုရား ဘုရားဖြစ်ပြီးတော်မူပြီးကာစ၊ သဗ္ဗညုတဥာဏ်တော်ကြီးကို ရပြီးတော်မူကာစမှာ နှလုံးသွင်းဆင်ခြင်တာတွေ အများကြီးရှိတယ်နော်။ အများကြီးရှိတာထဲက တစ်ခုက ဘာလဲဆိုတော့ ငါသည် ဘယ်သူ့ ကို အလေးဂရုပြုပြီး နေရရင်ကောင်းမလဲ လို့ နှလုံးသွင်း ဆင်ခြင်တယ်။ ဒီအချက်က တော်တော်လေး
စဉ်းစားစရာ အံသြစရာလည်း ကောင်းတယ်နော်။ ဒီစာလေးကို ဖတ်နေတုန်းမှာ ဖတ်နေတုန်းမှာကို
စိတ်ထဲမှာ နည်းနည်းထူးခြားမှုလေးကို ခံစားမိတယ်။ နည်းနည်း အံ့သြသလိုလည်း ဖြစ်မိတယ်။

ဘာဖြစ်လို့ တုန်းဆိုတော့ သိထားတာက မြတ်စွာဘုရားဟာ လောကမှာ အတုမရှိ အတူမရှိနော်၊ အထွဋ်အထိပ်ကို ရောက်နေတဲ့ ပုဂ္ဂိုလ်။ သူ့ ထက်သာတဲ့သူ မရှိဘူးနော်။ အဲဒီလောက် အထွဋ်အထိပ် ကို ရောက်နေတဲ့ မြတ်စွာဘုရားက ငါသည် ဘယ်သူ့ ကို အလေးဂရုပြုပြီး နေရရင် ကောင်းမလဲ
လို့ နှလုံးသွင်းဆင်ခြင်တော့ အံ့သြစရာကြီး ဖြစ်နေတယ်။ ဘယ်သူ့ ကို အလေးထားပြီး နေရဦးမှာလဲ၊
လောက သာမန်လူများ ဖြစ်တတ်တဲ့ သဘောထားက ကိုယ်က မြင့်မားတဲ့ နေရာဋ္ဌာန အဆင့်အတန်းကို ရထားတဲ့သူဟာ ဘယ်သူ့ ကိုမှ သိပ်အလေးမထားချင်ဘူး။ ဖြစ်တတ်တဲ့သဘောနော်။ မာနဆိုတာ ရှိတယ်၊ သူက အဆင့်အတန်းမြင့်သွားလို့ အမြင့်ဆုံးနေရာ ရောက်သွားရင် ဘယ်သူ့ မှ အလေးမထားတော့ဘူး။

မြတ်စွာဘုရားက ဘယ်လိုဆင်ခြင်လည်း ဆိုတော့မြတ်စွာဘုရားမှာ လုံးဝမာန မရှိဘူးဆို တာ တော်တော် ပေါ်လွင်တာပဲ။ ဒါလည်းပဲ ကြည်ညိုစရာတစ်ခု၊ နောက်တစ်ခုက သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်အရာမှာ တူတဲ့သူ မရှိဘူး၊ သာတဲ့သူဆိုတာ ဝေးရော။ အဲသလောက်ထိအောင် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က ဘယ်သူ့ ကိုများ အလေးထားရမလဲလို့  စဉ်းစားတာဟာ တော်တော် အံ့သြစရာပဲနော်။
သဘောက မြတ်စွာဘုရားဟာ မြင့်မြတ်တဲ့သူ အလေးထားရမယ့်သူ ရှိသေးတယ်ဆိုရင် အလေးထားမယ် ဆိုတဲ့စိတ် ရှိတဲ့သဘောနော်။ ကိုယ့်ထက် မြင့်မြတ်တဲ့ သာလွန်တဲ့သူကို အလေးဂရုပြုရမှာ ၀န်မလေးတဲ့ သူနော်၊ ဒီစိတ်ထားကိုက အင်မတန် ကြီးကျယ်မြင့်မြတ်တာနော်။

ဘုရားဖြစ်ပြီးတော်မူကာစမှာ အဲသလို နှလုံးသွင်း ဆင်ခြင်တော်မူပြီးတော့ ဘုရားဥာဏ်တော်နဲ့ ရှာကြည့်တဲ့
အခါမှာ သတ္တလောကမှာ ဘုရားက အလေးထားရလောက်အောင် ဘုရားထက် သီလ သမာဓိ ပညာအရာမှာ သာလွန်တဲ့ပုဂ္ဂိုလ် ရှာလို့ မတွေ့ ဘူး။ ရှာတော့ ရှာသေးတာပဲနော်။

မတွေ့ တာနဲ့ ပဲ ငါက အလေးဂရုပြုရမယ့်သူ ငါ့ထက် သီလသမာဓိ ပညာအရာမှ သာလွန်တဲ့သူ မရှိပါလား ၊
အဲတော့ ငါသည် တရားကိုပဲ အလေးဂရုပြုပြီးတော့ နေရတော့မယ် ဆိုပြီးတော့ တရားကိုပဲ အလေးဂရုပြုပြီး
နေသွားတာပဲနော်။

ဒီအချက်ကို စဉ်းစားကြည့်မယ်ဆိုရင် အလေးဂရုပြုရမယ့်သူ အလေးဂရုပြုရမယ့် တရားဆိုတာ ရှိမှဖြစ်မယ်။
အလေးဂရုပြုရမယ့်သူ အလေးဂရုပြုရမယ့်တရားမရှိလို့ ရှိရင် အဲဒီလူရဲ့ ဘ၀ဟာ ဦးတည်ချက် မရှိဘူး၊
စည်းကမ်းမရှိဘူး ဖြစ်သွားလိမ့်မယ်နော်။ ကိုယ်ဘာကို အလေးဂရုပြုတယ်၊ ကိုယ်ဘာကို အလေးထားတယ်
ဆိုတာ မူတည်ပြီးတော့ ကိုယ့်ဘ၀ဟာ ဦးတည်ချက်တစ်ခု ရှိလာမယ်၊ စည်းကမ်းတစ်ခု ရှိလာမယ်။

ဘာမှ တန်ဖိုးထားတာ မရှိ၊ ဘာမှ အလေးဂရုပြုတာ မရှိဘဲ ဒီတိုင်း စားလိုက် ၀တ်လိုက် ပျော်လိုက်ပါး လိုက် နေလိုက်နဲ့ ဆိုရင် ဘ၀က အလေးအနက်မရှိဘူး တန်ဖိုးမရှိဘူး။ အဲလိုလူဟာ ဘ၀ကို ကျေနပ်မှုလည်း မရနိုင်ဘူးနော်။

အခု လူတော်တော်များများ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာဟာ ဘာလို့ တုန်းဆိုတော့ သူတို့ တန်ဖိုးထားတာ သိပ်မရှိလို့ ၊သူတို့ အလေးဂရုပြုရမယ့် ပုဂ္ဂိုလ် သိပ်မရှိလို့ ပဲ။

ဆရာတော် ဦးဇောတိက (သီလတန်ဖိုး တရားတော်မှ)

မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...