လူငယ် သို့ မဟုတ် ပြုန်းတီးနေသော လူ့ စွမ်းအား အရင်းအမြစ်

By သမန်းကျား

ကျန်းမာရေး လည်းကောင်း၊ ခံနိုင်ရည် လည်းရှိ၊ အမော အပန်းလည်း ခံနိုင်တဲ့ လူငယ် အင်အား စုကြီး မရောင်ရာ ဆီလူးပြီး ပြုန်းတီးနေ တာဟာ မိသားစု အတွက်ရော၊ လူ့ ဘောင် လူ့ အဖွဲ့ အစည်း ကြီး အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံး မှုကြီး တစ် ရပ်ဖြစ်နေပြီး ကမ္ဘာ့နိုင်ငံတွေနဲ့  သူတင် ကိုယ်တင် ရင်ဆိုင်ရာ မှာလည်း မျက်နှာပန်း မလှနိုင် ဖြစ်နေ ရတာကို ဘယ်လိုများ ပြုပြင် ယူနိုင်မလဲလို့  တွေး ရင်း သက်ပြင်းမောတွေ ချရင်း ရာသီဥတုဒဏ်၊ ပင်ပန်းမှုဒဏ်၊ အရင်လို ကျန်းမာရေး မကောင်းတော့တဲ့ ဒဏ်တွေကို မာန်တင်းခံရင်း အလုပ်ဆက်လုပ်နေ ရတဲ့ အဖေ၊ အမေတွေကို မြင်ရတွေ့  ရတဲ့ အခါမှာ စိတ်မကောင်းဖြစ်ရပါတယ်။

ဒီနေရာမှာ တရားသူကြီးဂိုက်၊ တရားပြ ဆရာကြီးဂိုက်တွေနဲ့  ‘ကိုယ်လည်း ငယ်ရာကကြီးလာတာပဲ၊ နားလည် ပေးလိုက်ပါ’ လို့  ဆိုလာမယ့်သူတွေလည်း ကိုယ့်မိသားစုထဲ ဒါမျိုးဖြစ်နေရင်တော့ နားလည်ပေးနိုင်မှာ မဟုတ်ဘူးလို့  ယုံကြည်ပါတယ်။ လူကြီးတွေရဲ့ ခံစားချက်ကို ယုံနိုင်စရာ မရှိအောင် အဓိပ္ပါယ်မဲ့တဲ့ ဒါမှမဟုတ် ရိုင်းပြတဲ့ ဆင်ခြေတွေ အကြောင်းပြချက်တွေပေးပြီး ဟာသလုပ် ရယ်မော ပစ်လိုက်မယ့် လူငယ်တွေမှာလည်း လိုက်ရယ်ပေးတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ပြန်သွားလို့  ကိုယ်တစ်ယောက်ထဲကျန်ခဲ့တဲ့အခါ ‘တစ်ကယ်တော့ ငါတို့ မှားတယ်’ ဆိုတဲ့ ၀န်ခံချက်တွေက ရင်ဘတ် ထဲမှာ ရှိနေပါလိမ့်မယ်။

နေ့ လည်ပိုင်းလောက်မှ အိပ်ယာထမယ်။ မနက်စာလား နေ့ လည်စာလား ပြောလို့ မရနိုင်တဲ့အပြင် အစားအစာလား အဆာပြေမုန့် လားဆိုတာကိုပါ ဆုံးဖြတ်မရနိုင်တဲ့ တစ်ခုခုကို စားမယ်။ အရည်လည်းမရ၊ အဖတ်လည်းမရ၊ မရယ်လို့ လည်းမရတဲ့ စကားတွေပြောကြမယ်။ အမှန်တစ်ကယ်လုပ်ကိုလုပ်ရမယ့် အလုပ်တွေကို နောက်ဆုံးအချိန် အထိ ဒါမှမဟုတ် အရမ်းနောက်ကျတဲ့အချိန်အထိ ရွှေ့ ဆိုင်းထားကြမယ် ဒါမှမဟုတ် ဘယ်လိုမှလုပ်ယူလို့  မရနိုင် တော့တဲ့ အချိန်ကျမှ ‘အာ့ မလုပ်လို့  မရဘူးလား’ လို့  ကြောင်တောင်တောင် လာမေးကြမယ်။ သူတို့ ကို သွားများ မဆူလိုက်နဲ့ ၊ ဆူလိုက်ရင် တစ်နေကုန် ၀မ်းနည်းတယ် ဆိုပဲ။

အလုပ်တစ်ခုကို ၀တ္တရားလိုမကျင့်သုံးတတ်ကြဘူး။ ဒီနေ့ ခိုင်းရင် ဒီနေ့ ပဲလုပ်တယ်။ နောက်နေ့  ကိုယ်ပိုင် အသိစိတ် နဲ့  မလုပ်ကြဘူး။ မိသားစု၊ အဖေ၊အမေအတွက် အဆင်ပြေလွယ်ကူအောင် ကူညီလုပ်ကိုင်ပေး ဖို့  ဝေးသေး၊ သူငယ်ချင်းတွေ ခေါ်လာပြီး အိမ်မှာ သောင်းကျန်းချင်သေး။ အပေါ်က တရားသူကြီးမင်း များ ပြောသလိုပဲ ဒီလူငယ် တွေဟာ တစ်သက်လုံး ဒီလိုနေသွားမှာတော့ မဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲ လာကြမှာပါ။ ဒါပေမယ့် သူတို့ ပြုန်းတီး နေကြမယ့် နှစ်အပိုင်းအခြားက အနည်းဆုံး (၅) နှစ်ရှိတယ်ဆိုတာ လူ့ စွမ်းအားအရင်းအမြစ်အပေါ် အခြေခံပြီး မိသားစု၊ စီးပွားရေး၊ နိုင်ငံရေး တည်ဆောက်နေရသူတွေ အတွက် အထိတ်တလန့် ဖြစ်စရာ မဟုတ်ပါလား။ ဒါဖြစ်ရင် လူငယ်တွေမှာ ကူးစက်ပြန့် ပွားနေတဲ့ ဗိုင်းရပ်က ဘာများပါလိမ့်။

Social Responsibility လို့ ခေါ်တဲ့ လူမှု တာဝန် ယူတတ်တဲ့စိတ် ကင်းမဲ့ခြင်းပါ။ သူတို့ ဟာ ဆယ်ကျော် သက်တွေလို ရှင်သန်ရတာကို သဘောကျနှစ်သက် ပြီး လူဘောင်လူ့ အသိုင်းအ၀ိုင်းမှာ လူသား တစ်ယောက်လို တာဝန်ယူရကောင်းမှန်း မသိကြသေးတာပါ။

ဥပမာ ကားကို သန့် ရှင်းရေးလည်း မလုပ်၊ ရေလည်းမဆေး၊ စီးပဲစီးချင်တဲ့ သားဖြစ်သူကို အဖေဖြစ်သူက စည်းကမ်းချက် ထုတ်လိုက်ပါတယ်။ ‘မနက်ထပြီး ကားသန့် ရှင်းရေးမလုပ်ရင် အဲဒီနေ့ အဖို့  ကားမသုံး ရဘူး’ ပေါ့။ ဒါကို သားတော်မောင်က မနက်တိုင်းထပြီး ကားသန့် ရှင်းရေး လုပ်ရကောင်းမှန်း နားလည်တာ မဟုတ်ဘဲနဲ့  ‘အာ့ဆို ပြီးရော’ ဆိုပြီး ကားကိုရွဲ့ ပြီးမသုံးဘဲ ထားတာပေါ့။ တစ်ကယ်ဖြစ်သင့်တာက ‘အဖေနဲ့  အမေစီးမယ့်ကားကို မနက် အဆင်သင့်ဖြစ်အောင် ငါရွိုင်းထားမယ်’ ပေါ့။

သူတို့ စားဖို့ သောက်ဖို့  ဈေးဝယ်ရမယ့်အမေဟာ ဘယ်လိုမှ ကြည့်မကောင်းအောင် ညစ်ပတ်နေတဲ့ ကားကို ဈေးသွားဖို့ လဲထားပြီး အ၀တ်အစားတွေ ၀တ်ထားရင်းနဲ့ ပဲ ဆေးကြောနေရတဲ့ အချိန်မှာ အိပ်ယာထဲ ဆက်နှပ်နေတဲ့ လူငယ်တွေကို စာရေးသူကိုယ်တိုင် ဆူပူမာန်မဲခဲ့ရဖူး ပါတယ်။

နေ့ ဆိုင်း၊ညဆိုင်း အလုပ်လုပ်ရတဲ့ အဖေဖြစ်သူမှာ ညကြီးသန်းခေါင်လောက် ရေနွေးသောက်ချင်ရင် လုပ်လက်စအလုပ်တွေချပြီး ကိုယ်တိုင်စီစဉ်သောက်ရတာတွေရှိပါတယ်။ ဘောလုံးပွဲခြေကန်ကြည့်နေတဲ့ လူငယ်တွေက ‘အဖေ၊ သားကိုလည်း တစ်ခွက်လောက်’ လို့ မပြောတာကိုပဲ ကျေးဇူးတင်နေရပါတယ်။

မိဘတွေဟာ ကိုယ့်သား၊သမီးကို ချစ်တဲ့စိတ်နဲ့  အပြစ်မမြင်ကြပါဘူး။ အပြစ်မြင်ရင်လည်း အတတ်နိုင် ဆုံး မြိုသိပ် ထားကြပါတယ်။ တစ်ခုခုပြောလိုက်လို့  သူတို့ လေးတွေစိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားရင် အပြင်မှာ ဒုက္ခလှလှ တွေ့ တော့မှာပဲ ဆိုတဲ့ စိုးရိမ်စိတ် ရှိကြပါတယ်။ ပြောမိပြန်ရင်လည်း အရိုင်းစိုင်းဆုံး တုန့် ပြန်တတ်တဲ့ လူငယ်တွေ ကြောင့် အိပ်ယာထဲ နှစ်ရက်လောက်ခွေနေ ချင်လောက်အောင် စိတ်ပျက် လက်ပျက် ဖြစ်ကြရတာ မိဘတွေပါပဲ။ သားတွေ၊သမီးတွေ ကြီးလာရင် ငါအိပ်ရေး ၀၀အိပ်ရ မှာပဲလို့  တွေးပျော်ခဲ့တဲ့အဖေဟာ သားဖြစ်သူရဲ့  ညမအိပ်၊ မနက်မထ နေထိုင်မှုပုံစံကို မချိတင်ကဲဖြစ်ရုံက လွဲပြီး ဘာမှမတတ်နိုင်။

ဒီလူငယ်တွေမှာ Social Responsibility ရှိဖို့  လိုအပ်နေ ပါတယ်။ လူ့ ဘောင်လူ့ အသိုင်းအ၀ိုင်း ထဲမှာ နေထိုင်ကြသူ တွေ ဖြစ်တဲ့အလျောက် လူသား တစ်ယောက်လို တာဝန်ယူတတ်ဖို့ တော့ လို အပ်နေပါတယ်။ သူတို့ ပြောင်းလဲသွား မယ့် အချိန်ကို စောင့်နေမယ်ဆိုရင် လူ့ စွမ်းအား အရင်း အမြစ် ပြုန်းတီးမှုကြီးဟာ ကြောက်ခမန်းလိလိ ဖြစ်နေဦးမှာ ပါပဲ။

ဒါဖြစ်ရင် ဒီလူငယ်တွေကို ပြုပြင်ပြောင်းလဲပေးနိုင်ဖို့  ဘာလုပ်နိုင်မလဲ။ ပထမဆုံး သင်နေထိုင်တဲ့မြို့ ကလေး ကို လှည့်ပတ်ကြည့်ရှုလိုက်ပါ။ လူငယ်တွေကို ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ နေရာတွေက ပိုများနေသလား၊ သူတို့ လေး တွေကို ဖျက်လိုဖျက်ဆီးလုပ်နိုင်တဲ့ နေရာတွေက ပိုများနေသလားပေါ့။ များလိုက်တဲ့ ဘီယာ ဆိုင်၊ အကင်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ကျူခုံတွေ၊ ခေါင်းလျှော်ဆိုင်တွေ၊ အစရှိ သည်ဖြင့် အသိမကြွယ်သေးတဲ့ လူငယ်တွေရဲ့  အိပ်ကပ်ထဲကနေ ပိုက်ဆံရသလောက် ယူမယ့်ဆိုင်တွေပဲ များပါတယ်။

ဒါဖြစ်ရင် အဲဒီလူငယ်တွေ အားကျ အတုယူရမယ့် စံပြပုဂ္ဂိုလ်တွေကို ရှာကြည့်ရအောင်ပါ။ ရုပ်ရှင် သရုပ်ဆောင်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေ ဆီကနေ ယောက်ျား ပီသလာမယ့် အမူအကျင့်တွေများ လူငယ်တွေ ရနေ ပါသလား။ ဒါမှမဟုတ် နိုင်ငံရေး နယ်ပယ်ထဲက ခေါင်းဆောင်တွေ ဆီကနေများ လူမှုတာဝန်ယူတတ်စိတ်တွေ ရနေ ကြသလား။ ဒါမှမဟုတ် ကျောင်း၊ကောလိပ်၊ တက္ကသိုလ်တွေမှာ ကျောင်းသူကျောင်းသားတွေက စာများများ ဖတ်လာကြသလား။ တစ်ကယ်တော့ လူငယ်တွေဆိုတာ ဦးဆောင်ဦးရွက်ပြုမယ့်သူ မရှိဘဲ စမ်းတ၀ါးဝါး လျှောက်နေကြရသူတွေ ဖြစ်နေ တာ ပါလား။

တရားဝင်မူးယစ်ဆေးဝါးရော၊ တရားမ၀င် မူးယစ်ဆေးဝါးပါ ဖောဖောသီသီ ရှိနေတဲ့ ဒေသတွေမှာ ဆေး မစွဲကြသေးတာကိုပဲ ချီးကျူးရမှာလိုလို။ စာကလွဲရင် ဘာမှမသင်တဲ့ ကျောင်းကို နေ့ တိုင်းအချိန်ပြည့်သွားပြီး အရည်လည်းမရ၊ အဖတ်လည်းမရ၊ မရယ်လို့ လည်းမရတဲ့ စကားတွေကို ကြံဖန် တီထွင်ပြောနိုင်ကြတာ ကိုပဲ တော်နေ သလိုလို။ လူငယ်တွေလမ်းကြောင်းပျောက်နေတယ်လို့ ဆိုတဲ့ ခင်ဗျားတို့ ကကော ဘယ်လို လမ်းကြောင်း တွေကို ဖော်ဆောင်ပေးနိုင်သလဲလို့ ဆိုရင် ကျွန်တော်တို့ လည်း ဘယ်သူ့ ကို လက်ညိုး ထိုးရမှန်းမသိ။

တောင်ကြီး တစ်တောင်ကို လမ်းပြလည်းမပါ၊ ကိရိယာလည်းမစုံဘဲ ပျော်ပျော်ကြီးတက်နေကြတဲ့ လူငယ်အင်အားစု ကို လမ်းပြပေးမယ့်သူတွေ လိုနေပါတယ်။ ပစ္စည်းကိရိယာတွေလည်း ထောက်ပံ့ပေးဖို့  လိုနေပါတယ်။ တန်ဖိုးကင်းမဲ့ စွာ ရှင်သန်နေထိုင်နေရတဲ့ လူ့ ဘောင်လူ့ အသိုင်းအ၀ိုင်းထဲမှာ သူတို့ ရဲ့  တန်ဖိုးတံဆိပ်ကို အသစ်ကပ်ပေးမယ့် ပညာရှင်တွေ လိုအပ်နေပါတယ်။

ဒါဟာ ဘယ်သူ့ မှာ တာဝန်ရှိသလဲလို့ မေးလာရင်း လူကြီး၊လူငယ် နှစ်ဖက်လုံးမှာ တာဝန်အပြည့်အ၀ ရှိပါတယ်လို့  လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...