စာ​ေ​မး​ပဲ​ြ​စ​နစ္နဲ​႔ မိ​ဘေ​တြ​ရဲ​႕​က​႑

Written by ခင်မောင်ဌေး (ပညာရေး)

အခြေခံပညာအဆင့် (မူလတန်း+အလယ်တန်း) မှာ သိသာတဲ့ ပြုပြင်ပြောင်းလဲမှု အနေနဲ့ စာမေးပွဲစစ် ဆေး တဲ့ ပုံစံ ပြောင်းလဲသွားခြင်းပါ။ အဲဒါကတော့ စတုတ္ထတန်း စာမေးပွဲကို ခရိုင်စစ်နဲ့ အဋ္ဌမတန်းစာမေး ပွဲကို တိုင်းဒေသကြီး (ဝါ) ပြည်နယ်အဆင့် စစ်ဆေးခြင်းပါပဲ။

အဓိက ရည်ရွယ်ချက် ကတော့ ကလေးတွေရဲ့ အရည်အချင်း တိုးမြင့်လာစေဖို့ပါ။ မူလတန်းအဆင့်မှာ စတုတ္ထတန်းနဲ့ အလယ်တန်း အဆင့်မှာ အဋ္ဌမတန်းပါ။ အရင်ကတော့ ကျောင်းတွင်းစစ် စာမေးပွဲအဖြစ် စစ်ဆေးနေတာပါ။ ခုဟာကတော့ အုပ်စုဖွဲ့စစ်လိုက်တဲ့သဘောပါ။ အစိုးရစစ်စာမေးပွဲလို့တော့ ခေါ်ရ မယ်မထင်ပါဘူး။ အခြေခံပညာ အထက်တန်း (တက္ကသိုလ်ဝင်တန်း) တစ်ခုကိုပဲ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ အစိုးရက တာဝန်ယူ စစ်နေတာပါ။

တစ်ခုရှိတာက မိဘတွေရဲ့အတွေးထဲမှာ အစိုးရစစ်တာဝန်ယူစစ်နေတာပါ။ အတွေးကြီးဝင်နေတယ်။ ပြီးတော့လောဘကြီးတဲ့ မိဘတွေကလည်း အများသား။ ဒီတော့အဲဒီဒဏ်ကို အများဆုံးခံရတာက ကလေးတွေပဲ။ အဲဒီကလေးတွေ စာကြည့်နေရတဲ့ပုံက သာမန်အဆင့် တက္ကသိုလ်ဝင်တန်း ကျောင်း သား၊ ကျောင်းသူထက်တောင် သာလွန်နေပါသေးတယ်။

စာရေးသူရဲ့အိမ်မှာ မြေးဖြစ်သူကလည်း စတုတ္ထတန်းဖြေမှာ ဆိုတော့ စတုတ္ထတန်း စာမေးပွဲဂယက်က အိမ်မှာ အတော်ကလေး ရိုက်ခတ်နေပါတယ်။ မိဘက တအားဖြစ်ချင်၊ ဖြစ်ချင်သလောက် ကလေးက မလိုက်နိုင်တဲ့အခါ ဆူကြပူကြ၊ ငိုကြယိုကြပေါ့။

ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက်ရဲ့ ဆီမီနာတစ်ခုမှာ ဟောပြောသွားတာကို သွားသတိ ရမိတယ်။ အဲဒါကဘာလဲဆိုတော့ ကလေးကို EQ မြင့်အောင်သင်ပေးလို့ရတယ်။ IQ မြင့်ဖို့ဆိုတာ ကိုယ်တိုင်ကလည်း IQ မြင့်နေရမှာတဲ့။ ကလေးကိုညံ့တယ်။ ညံ့တယ်ပြောရင် “ငါညံ့တာပဲ ငါညံ့တာပဲ” လို့ ကိုယ့်ကိုယ်ကိုယ် ပြောနေသလိုပဲ” မှတ်ပါတဲ့။

နောက်ဒီအရွယ်ကလေးတွေက ကစားမက်တဲ့အရွယ်၊ အဲဒါကိုနားမလည်ဘဲ စာပဲတစ်နေကုန်သင်နေ လို့ ဘယ်လိုဖြစ်နိုင်မှာလဲ။ စာသင်ချိန် ကြာလာတာနဲ့အမျှ ကလေးရဲ့စိတ်ဝင်စားမှုက လျော့ကျသွားနိုင် တယ်။ ကလေးကိုငြိမ်ငြိမ်နေခိုင်း၊ မလှုပ်စေရဘဲ တစ်ချိန်လုံး စာသင်နေလို့ ဘယ်လိုမှကိုမရပါဘူး။ တစ် နေ့ ကတော့ ပညာရေးဂျာနယ် (Education Digest) မှာကလေးတွေကို လှုပ်ရှားမှုပြုရင်း စာသင်စာ ကျက် လုပ်နိုင်တဲ့အကြောင်း၊ ကလေးရဲ့ အာရုံနှိုးဆွမှုကို ပိုပေးနိုင်ကြောင်း၊ ဖတ်လိုက်ရတယ်။ အဲဒီလို အကျိုး အကြောင်းပြောပြမှ ကလေးလှုပ်ရှားခွင့် ရသွားတယ်။

ဆိုလိုတာကတော့ နားချိန်၊ ကစားချိန်၊ စားချိန်နဲ့ စာကြည့်ချိန်ကို အကန့်အသတ်လေးနဲ့ လုပ်ပေးနိုင် ရင် ကောင်းမှာပါ။ ဖြစ်ချင်ဇောနဲ့ မနားမနေ စာကျက်ခိုင်းတာ၊ ဂိုက်တွေငှားပြီးသင်တာ၊ Camp သွင်း တာ တွေဟာ ရေတိုမှာတော့ ကလေးအနေနဲ့ စာမေးပွဲဖြေနိုင်ကောင်းဖြေနိုင် ပါလိမ့်မယ်။ အမှတ်ကောင်း ချင် ကောင်းပါ လိမ့်မယ်။ ဒါပေမယ့် ရေရှည်အတွက်တော့ ကောင်းလှမယ် မထင်ပါဘူး။

ခုခါမှာ ပညာရေးစနစ်က တဖြည်းဖြည်းပြောင်းလဲနေပါပြီ။ စနစ်ဟောင်းမှာ စာမေးပွဲရမှတ်နဲ့ အဆုံးအ ဖြတ်ပေးတာမို့ အမှတ်ကောင်းဖို့ တစ်ခုတည်းကြည့်ပြီး ကြိုးစားနေကြတာပါ။ ရမှတ်ကောင်းတိုင်း IQ မြင့်တယ်လို့ မဆိုနိုင်ပါဘူး။ သုတေသနပြုချက်တွေ အရဆိုရင် IQ မြင့်သူထက် EQ မြင့်သူတွေတောင် ပိုပြီးအောင်မြင်နေတာ တွေ့ရတတ်ပါတယ်။

ဒီတော့ကလေးတွေကို စာမေးပွဲ ရမှတ်တစ်ခုတည်း မြင့်မားရေးကိုပဲ ကြည့်နေကြရင် (One Way) တစ် လမ်းသွား ပညာရေးပဲဖြစ်နေမှာပါ။ အားကစား လုပ်ဖို့အားမပေး၊ အပြင်စာဖတ်ဖို့ အချိန်မရ၊ ပူးပေါင်း ဆောင်ရွက်ဖို့ အခွင့်အလမ်း မရှိ၊ ကြာလာတာနဲ့အမျှ ဘက်စုံထူးချွန်ဖို့ ခက်ခဲလာပါလိမ့်မယ်။

မကြာခင် ပညာသင်နှစ်တွေမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်ဟာ အဲဒီကျောင်းသား၊ ကျောင်း သူတွေရဲ့ ပကတိတည်ရှိနေတဲ့ အရည်အသွေး၊ အရည်အချင်းတွေပေါ်မှာ မူတည်လာတော့ မှာပါ။ စာမေးပွဲ ရမှတ် တစ်ခုတည်းအပေါ် အခြေခံ စဉ်းစားလာရာကနေ ဝင်ခွင့်ခေါ်တဲ့ မိမိရဲ့ပင်ကို အရည်အသွေးနဲ့ စစ်ဆေး အစမ်းသပ်ခံပြီး ရွေးချယ်ခံရမယ့် တက္ကသိုလ်ပညာရေး ဆိုတာလည်း ပေါ်လာ မှာပါ။

ဒီနှစ်ကစပြီး စတုတ္ထတန်းနဲ့ အဋ္ဌမတန်းစာမေးပွဲ စစ်ဆေးတဲ့စနစ်ကို ပြောင်းလိုက်ပြီဆိုတော့ စိုးရိမ်စရာ ဘာမှမရှိပါဘူး။ အခွင့်အရေး ရှိပါတယ်။ အောင်/ရှုံးကို အဆင့်ခွဲထားပေးပါတယ်။ တော်၊ သင့်၊ ညံ့အ လိုက် A,B,C,D အဆင့်ခွဲတွေခွဲပေးမှာပါ။ အမှတ် (၈၀) နဲ့ (၁၀၀) ကြားက A အဆင့်၊ (၆၀) နဲ့ (၈၀) ကြားက B အဆင့်၊ (၄၀) နဲ့ (၆၀) ကြားက C အဆင့်နဲ့ D ကတော့ ကျရှုံးအဆင့်ပေါ့။ တကယ်လို့ကျ ရှုံးအဆင့်ဖြစ်နေ ရင်တောင် ‘ကုစား’ ရှိပါသေးတယ်။ ဘယ်လိုမှ ကယ်တင်လို့မရမှ ကျရှုံးစာရင်းဖြစ်သွား မှာပါ။

မိဘတွေ အနေနဲ့တော့ CAP စနစ်ဆိုတာက စဉ်ဆက်မပြတ် အကဲဖြတ်၍ အတန်းတင်ပေးတဲ့ စနစ်ပါ။ အဲဒီစနစ်မှာလည်း ‘ကုစား’ ရှိပါတယ်။ ပြောရရင်တော့ ကျရှုံးသူမရှိတဲ့ စနစ်ပါ။ တစ်နှစ်တစ်တန်း အောင် လာသူတွေ တိုးတက် လာတာတော့ အမှန်ပဲ။ အရေအတွက်အားဖြင့် အောင်မြင်ခဲ့တာပါ။

ခုစနစ်ရဲ့ထူးခြားချက်ကတော့ အဆင့်ခွဲပေးမယ့် ‘ကုစား’ ရှိမယ်။ ဒါပေမယ့် လုံးဝအဆင့် မမီသူအတွက် ‘အကျ အရှုံး’ ရှိမယ်ဆိုတာပါ။ ဆိုလိုတာက ဖြေဆိုသူအားလုံး မအောင်မြင်နိုင်ဘူး ဆိုတာပါပဲ။ ဒါဟာ စာမေးပွဲ တစ်ခုရဲ့ စံနှုန်းတစ်ခုပါ။

ဒီတော့ မိဘတွေအနေနဲ့ အလွန်အကြူးမစိုးရိမ်ကြဖို့၊ မပြုမူမိကြဖို့ လိုပါတယ်။ ပညာ ဆိုတာငွေကြေး ပြည့်စုံတိုင်း၊ တတ်နိုင်တိုင်းရနိုင်တဲ့အရာ မဟုတ်ပါဘူး။ ကလေးတွေမှာ ပင်ကိုရှိနေတဲ့ IQ နဲ့လိုက်ဖက် အောင် သင်ပေးနိုင်ဖို့လိုပါတယ်။ စိတ်ပိုင်း (Mental) နဲ့ရုပ်ပိုင်း (Physical) မျှမျှတတ ဖွံ့ဖြိုး လာဖို့လိုပါ တယ်။ အဲဒီလို ပြုစုပျိုးထောင်လာနိုင်မယ်ဆိုရင် အဆင့်မြင့်ပညာရပ်တွေ လေ့လာ ဆည်းပူး ရတဲ့အရွယ် အထိ အကျိုးများနိုင်ပါတယ်။

တကယ်တော့ စာမေးပွဲစနစ်တစ်ခုကို စမ်းသပ်စစ်ဆေးကြည့်တဲ့အချိန်မှာ ပကတိရှိနေတဲ့အခြေအနေ မှန်ကို သိမြင်နိုင်ဖို့လိုပါတယ်။ ခုဆိုဒီဇင်ဘာလအတွင်း စစ်ဆေးခဲ့တဲ့ ရမှတ်တွေ၊ အဆင့်တွေထွက်ပေါ် လာတော့မှာပါ။ အဲဒီရလဒ်တွေပေါ်ကြည့်ပြီး ကလေးတွေရဲ့ အခြေအနေ၊ စာမေးပွဲမေးခွန်းပုံစံ၊ ပြဋ္ဌာန်း စာအနည်းအများစတာတွေကို မှန်းဆနိုင်ကြမှာဖြစ်ပါတယ်။

ဒါကြောင့်စိတ်ပူပန်သောကများစွာနဲ့ ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုပါဘူး။ ကလေးတွေအတွက် စာမေးပွဲဆို တာကို ကြောက်စရာအဖြစ်မမြင်သွားစေလိုပါဘူး။ ကလေးတွေအပေါ် ဖိအားထွန်းအားတွေ အများ ကြီးမဖြစ်စေပါနဲ့။ စာမေးပွဲဆိုတာ ပိုမိုကြိုးစားလိုစိတ်၊ မိမိကိုယ်တိုင် သိကျွမ်းနားလည်လာအောင် သင် ယူလိုစိတ်၊ မိမိကိုယ်မိမိ အားကိုးလိုစိတ်တွေ ရှင်သန်တိုးပွားလာအောင် ပြုပြင်ပေးတဲ့စနစ်လို့သာ မြင် ကြရင်သင့်မြတ်ပါလိမ့်မယ်။

ကြေးမုံသတင်းစာ
ဇန်နဝါရီလ (၁၁) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...