အိုင်တီနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု ဆက်စပ်နေ



လက်ရှိပညာရေးပြုပြင်ပြောင်းလဲရာမှာ အိုင်စီတီကဏ္ဍရဲ့ အသုံးဝင်ပုံကို တစ်စိတ်တစ်ဒေသ ထည့် သွင်းအသုံးပြုတာဟာ အထောက်အကူဖြစ်စေတယ်လို့ သိရပါတယ်။

'လက်ရှိမှာ မြန်မာနိုင်ငံပညာရေးက နောက်ကိုအများကြီး ကျန်ခဲ့တဲ့အတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါ မီနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိတယ်၊ ဒါပေမဲ့ လက်ရှိလူငယ်တွေက ဖွံ့ဖြိုးမှုနောက်ကို အိုင်တီနဲ့အတူ အမီလိုက်လာနေတာကြောင့် ပြုပြင်ပြောင်းလဲတဲ့အခါမှာ ရလာမယ့်ကွာဟမှုတွေကို အိုင်စီတီက တစ်ခုတည်းသော အဖြေတစ်ခုအနေနဲ့ သတ်မှတ်မယ်ဆိုလဲ မမှားနိုင်ပါဘူး' လို့ Crown Education မှပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ဆိုပါတယ်။
ပညာရေးပြုပြင်ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဖြေရှင်းနည်းတွေထဲမှာ အိုင်စီတီကဏ္ဍ အသုံး ပြုခြင်းက အဖြေတစ်ခုဆိုလည်း မမှားနိုင်ပါဘူး။

အိုင်တီအသုံးပြုမှု ပြောင်းလဲလာ

အိုင်တီရဲ့ အသုံးပြုမှုပုံစံတွေဟာ တစ်ခေတ်နဲ့တစ်ခေတ်မတူဘဲ ပြောင်းလဲလာခဲ့တာကြောင့် တစ်ကမ္ဘာ လုံးမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ ရပ်တည်မှုကို ခြိမ်းခြောက်မှုတွေ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ သင်ကြားမှုပိုင်းမှာလည်း တစ်ကမ္ဘာလုံးရဲ့ သင်ကြားမှုပုံစံက အိုင်တီဘက်ကို ရွေ့လျားလာခဲ့ပြီး ဟိုအရင်တုန်းကလို အွန်လိုင်းပေါ်က သင်ယူတာကိုအသိအမှတ်မပြုတာမျိုးတွေ လျော့နည်းလာ တယ်။ တချို့တက္ကသိုလ်တွေဆိုရင် အသိအမှတ်ပြုရုံတင်မကဘဲ အောင်လက်မှတ်တွေ၊ ခရက်ဒစ်တွေ ပါ ထုတ်ပေးတဲ့အထိပြောင်းလဲလာခဲ့တာလို့ သိရပါတယ်။

'အရင်တုန်းကဆို အွန်လိုင်းပညာကို အသိအမှတ်မပြုကြဘူး၊ အခုနောက်ပိုင်းတော့ coursera.org တို့ ဘာတို့ဆိုရင်သက်ဆိုင်ရာ တက္ကသိုလ်ရဲ့အသိအမှတ်ပြုလက်မှတ် ထုတ်ပေးတဲ့အထိ ဖြစ်လာတယ်' လို့ ဦးအောင်ကျော်ဆန်းက ပြောပါတယ်။

အရင်တုန်းကလို အွန်လိုင်းအခမဲ့ ပညာရေးကို အသိအမှတ်မပြုတာမျိုးတွေလျော့နည်းလာပြီး ခရက်ဒစ်တွေကအစ ပေးလာပေမဲ့လည်း လိုချင်တဲ့ရည်မှန်းချက်တွေကတော့ မရနိုင်သေးဘူးလို့ သိရပါတယ်။

အသုံးပြုပုံအကျိုးရှိစေချင်

မြန်မာနိုင်ငံမှာ ပညာသင်ကြားနေတဲ့ လူငယ်အများစု အွန်လိုင်းဆက်သွယ်ရေးကို အသုံးပြုတာများနေ ပေမဲ့လည်း ပညာရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ အွန်လိုင်းကိုအကျိုးရှိရှိ အသုံးပြုတာတွေ နည်းနေ သေးတယ်လို့ သိရပါတယ်။ အွန်လိုင်းကို ဆက်သွယ်မှုတစ်ခုအနေနဲ့သာ အသုံးပြုနေကြတာကြောင့် လူငယ်တွေကို အိုင်တီရဲ့အသုံးဝင်ပုံဟာ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အထောက်အပံ့ပြုနိုင်တယ်ဆိုတာကို သိရှိအောင်အသိပေးဖို့ လိုတယ်လို့သိရပါတယ်။

တစ်ကမ္ဘာလုံးမှာရှိတဲ့ တက္ကသိုလ်တွေမှာလည်း အိုင်တီကိုအသုံးပြုမှု အရင်ကထက်ပိုများလာသလို မြန်မာနိုင်ငံမှာလည်း အိုင်တီကိုလူငယ်တွေပိုပြီးသိရှိနားလည်အောင် လုပ်ပေးမယ်ဆိုရင် ပိုပြီးအကျိုးရှိ စေမယ်လို့ သိရပါတယ်။ ဆရာ၊ ဆရာမတွေကိုယ်တိုင်ကလည်း သက်ဆိုင်ရာဘာသာရပ်အလိုက် အွန်လိုင်းမှာ လေ့လာသင့်တဲ့ လင့်ခ် (link) တွေ အချိတ်အဆက်တွေကို ထည့်သွင်းပြောကြားသင့် တယ်လို့ သိရပါတယ်။

'အွန်လိုင်းကို ၁၀ တန်းကတည်းကသုံးတာ အခုပထမနှစ်ရောက်ပြီ၊ ဖေ့စ်ဘုတ်နဲ့ဗိုက်ဘာကိုပဲ အများဆုံးသုံးဖြစ်တယ်၊ ကျောင်းနဲ့ဆိုင်တဲ့ သင်ခန်းစာတွေကိုတော့ မလေ့လာဖြစ်ဘူး၊ ဘယ်မှာဝင်ရှာ ပြီး လေ့လာရမှန်းလဲ မသိဘူး' လို့ လှိုင်သာယာ (GTC) မှာကျောင်းတက်နေတဲ့ ပထမနှစ်ကျောင်းသူ မဧပရယ်ကပြောပါတယ်။

ပညာရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဘက်စုံထောင့်စုံကနေ ပံ့ပိုးပြုလုပ်နေပေမယ့်လည်း အိုင်တီနဲ့ပညာရေး ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကတော့ နောက်ကျနေသေးတယ်လို့ သိရပါတယ်။

ကုမုဒြာသတင်းဂျာနယ်

အတွဲ(၃)၊ အမှတ်(၄၅)၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...