မျက်ကြည်လွှာ အစားထိုးခြင်း


Health Updates Journal No. 103

မျက်ကြည်လွှာအစားထိုးခြင်းသည် မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်းကို ထုတ်ယူပြီး အလှူရှင်မျက်ကြည်လွှာ အစိတ်အပိုင်းသစ်ကို အစား ထိုးခြင်းဖြစ်သည်။ မျက်ကြည်လွှာ အနာရွတ်ထင်ခြင်း၊ မျက်ကြည်လွှာရောဂါဖြစ်ခြင်းတို့ကြောင့် မျက်စိ အတွင်းသို့ အလင်းရောင်မ၀င်နိုင်တော့ပါက မျက်ကြည်လွှာအစားထိုး ပေးရလေ့ရှိသည်။

မျက်ကြည်လွှာသည် မျက်လုံးကို ဖုံးအုပ်ထားသည့် အလင်းပေါက် တစ်ရှူးတစ်ခုဖြစ်သည်။ မျက်လုံးအတွင်းဝင်သည့် အလင်းရောင်သည် မျက်ကြည်လွှာကို ပထမဆုံးဖြတ်သန်းပြီး သူငယ်အိမ်၊ မှန်ဘီးလူးတို့မှ တစ်ဆင့် မြင်လွှာပေါ် ကျရောက်သည်။ မျက်ကြည်လွှာတွင် အလွှာငါးလွှာပါဝင်ပြီး အလွှာအားလုံးအစားထိုးနိုင်သလို လိုအပ်သည့်အလွှာများကို ရွေးချယ်၍ အစားထိုးနိုင်သည်။
မျက်ကြည်လွှာအလွှာအားလုံး အစားထိုးသည့်အခါ မျက်လုံးခံစားမှုများထုံကျဉ်နေစေရန်၊ မျက်လုံးလှုပ်ရှားမှုများရပ်ဆိုင်းစေရန် ထုံဆေးအသုံးပြုရသည်။ ပျက်စီးနေသည့် မျက်ကြည်လွှာကို စက်ဝန်းပုံစံအတိုင်း လှီးထုတ်ရသည်။ အစားထိုးမည့် မျက်ကြည်လွှာကိုလည်း အရွယ်တူသဏ္ဌာန်တူ လှီးထုတ်ရသည်။ မျက်ကြည်လွှာအစိတ်အပိုင်းသစ်ကို နေရာချပြီးသည်နှင့် မျက်ကြည်လွှာ အသားများကို အလွန်သေးငယ်သော ချုပ်ရိုးဖြင့် အဏုကြည့်မှန်ပြောင်း အကူအညီရယူကာ ချုပ်သည်။
မျက်ကြည်လွှာအစားထိုးသည့် အလွှာအလိုက် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ မျက်ကြည်လွှာ အပေါ်ဆုံးလွှာကို အစားထိုးပါက ပြင်ပအင်္ဂါကို ခန္ဓာကိုယ်မှ ဆန့်ကျင်သည့် ဖြစ်စဉ်များ တွေ့ရတတ်သည်။ သွေးယိုစိမ့်ခြင်း၊ အနာရွတ်ထင်ခြင်း၊ တိမ်စွဲခြင်း၊ မြင်လွှာကွာခြင်း၊ မျက်လုံး၏ အခြားအစိတ်အပိုင်းများကို ထိခိုက်ခြင်း၊ အလင်းယိုင်နှုန်းလွဲခြင်း၊ အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်းတို့ကိုပါ နောက်ဆက်တွဲ ခံစားရတတ်သည်။ မျက်ကြည်လွှာပျက်စီးမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းများကို ကုသမှုမပြုလုပ်ပါက အစားထိုးပြီးနောက်တွင်လည်း မျက်ကြည်လွှာပျက်စီးမှု ထပ်မံဖြစ်ပေါ် စေနိုင်သည်။
မျက်ကြည်လွှာအစားထိုးပြီးနောက် မျက်စိကိုအလင်းမ၀င်စေရန် ဖုံးအုပ်ထားရသည်။ ချုပ်ရိုးသည်လည်း လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကျန်ရှိနိုင်သည်။ အစားထိုးပြီး ပြီးချင်း မျက်စိကိုထိခိုက်မှု မဖြစ်စေရ။ အစားထိုးပြီးနောက်ပိုင်း လပေါင်းများစွာကြာပြီးမှ မျက်ကြည်လွှာအသစ်ကို ဆန့်ကျင်သည့်ဖြစ်စဉ်များ စတင်လာနိုင်သည်။ မျက်စိပူစပ်ပူလောင်ဖြစ်ခြင်း၊ ယားယံခြင်းတို့ခံစားရပါက မျက်စိဆရာဝန်နှင့်ပြသပါ။

သီဟ
Ref: WebMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...