Early ejaculation သုတ်လွှတ်စောခြင်း


လိင်ပြဿနာတွေထဲမှာ အတွေ့ရဆုံးကတော့ လိင်ဆန္ဒပြည့်ဝခြင်း ဆိုတဲ့ Orgasm ဟာ အမျိုးသားတွေမှာ အချိန်စောပြီး ဖြစ်တာနဲ့ အမျိုးသမီးများမှာ အဖြစ်နည်းတာပါ။ Orgasm စကားလုံးရဲ့ အဓိပ္ပါယ် မှန်ကတော့ ရုပ် (အင်္ဂါအစိတ်အပိုင်း ရင့်ထွားပြည့်စုံခြင်း၊) နဲ့ စိတ် (လိုအင်ဆန္ဒ ပြည့်ဝခြင်း) လို့ နှစ်မျိုးပါတယ်။ ယောက်ျားတွေမှာ Orgasm အဖြစ်နည်းတာနဲ့ အသက်ရှည်မှု ဆက်စပ်နေတယ်။ နှလုံးရောဂါနဲ့လဲ ဆက်စပ်တယ်လို့ ၂ဝဝ၁ မှာ ထပ်ရေးသေးတယ်။

သုတ်လွှတ်တာ စောတယ်၊ မြန်တယ်ဆိုတာ အဖြစ်များဆုံးက လူပျိုများနဲ့ အိမ်ထောင်ကျခါစ ယောက်ျားများ ဖြစ်တယ်။ အတွေ့အကြုံ နည်းသေးသူတွေပေါ့။ အတွေ့အကြုံဆိုတာကို တိတိကျကျ ပြောရရင် လိင် ဆက်ဆံဘူးတဲ့ အကြိမ်အရေအတွက် ပြောတာ။ အတွေ့အကြုံက သင်ပေးပါလိမ့်မယ်။

လိင်ဆက်ဆံတယ်ဆိုတာ စာသင်သလို အဆင့်ခွဲ ပြောရရင် Foreplay ဆိုတဲ့ အရှိန်ယူ၊ ပြင်ဆင်တဲ့ အဆင့်၊ နောက်မှ အင်္ဂါနှစ်ခု ထိစပ်မှု။ ပြီးမှ Orgasm ဆိုတဲ့ ကျေနပ်ပြည့်စုံမှုကို တယောက်ဖြစ်ဖြစ်၊ နှစ်ယောက်လုံး ဖြစ်ဖြစ် ရတဲ့အဆင့်။ ဒီနောက်မှာလဲ ဖုတ်ဖက်ခါ ထသွားသလို မဟုတ်ဘဲ Relaxing experience အချိန်ယူမှ ပြီးပြည့်စုံပါတယ်။

လိင်အင်္ဂါ နှစ်ခုမဟုတ်ဘဲ တခုထဲကို သုံးတာနဲ့လဲ Orgasm ရအောင်လုပ်နိုင်တယ်။ Masturbation ဖါသာအာသာဖြေတယ် လို့ခေါ်တာပေါ့။ အချိန်ပိုကြာချင်ရင် ကြာအောင်အောင် လုပ်လို့ရပါတယ်။ စပြီး ဆက်ဆံရာကနေ အရှိန်တက်လာပြီး၊ နောက်ဆုံး Orgasm မရခင်၊ အတက်အကျ သိပ်မရှိဘဲ တန်းနေတဲ့ Plateau အဆင့်မှာ ထိန်းပြီး၊ အချိန်ဆွဲထားရမှာပါ။

ကျား လိင်အင်္ဂါ ခေါင်းပိုင်းအပြင်က ဖုံးပေးထားတာကို Foreskin (Prepuce) ခေါ်တယ်။ ရှုံ့လို့ ဆန့်လို့ရတဲ့ အရေပြား ၂ ထပ်ပါတယ်။ အပြင်က သာမန် အရေပြားလိုဖြစ်ပြီး၊ အထဲကတော့ ပါးစပ်တို့ မျက်ခွံ အတွင်းပိုင်းတို့မှာရှိတဲ့ အရေပြား အနုစားမျိုး ဖြစ်တယ်။ ငယ်တုံးမှာ အတွင်းက လိင်တံအဖျားပိုင်းကို ကပ်နေတယ်။ ဖုံးချီ-ဖွင့်ချီ လုပ်လာနိုင်တာက တယောက်နဲ့ တယောက်၊ တချိန်နဲ့ တချိန် မတူကြဘူး။ အရွယ်ရောက်ချိန်မှာ ဆွဲဖွင့်ရင် ပွင့်လာမှ ကောင်းတယ်။ မဟုတ်ရင် အထဲမှာ အညစ်အကြေး အောင်းနေမယ်။ ကလေးငယ်ငယ် ဆိုရင် အဆီဥလေးတွေ စဖြစ်တယ်။ အားသုံးပြီး ဆွဲလှန်ပေးတာ မလုပ်သင့်ဘူး။ နာကျင်မယ်။ ပိုးဝင်မယ်။ ထုံဆေးလေးနဲ့ အသာအယာ သန့်ရှင်း၊ ကပ်နေတဲ့ အပေါ်ဖုံး အရေပြားကို ခွါပေးသင့်တယ်။

ဆွဲမလှန်လို့တော့ရပြီး အတိုင်းတိုင်းနေရင် အရေပြားဟာ လုံးလုံးဖုံးနေတဲ့ ယောက်ျား ၅ဝ%၊ တဝက်တပျက် ဖုံးနေသူ ၄၂% ရှိပြီး၊ ၈% ကတော့ ဖုံးမနေဘူး။ ကိုရီးယား လူမျိုးတွေဟာ အပေါ်ယံအရေပြား ရှည်လှတယ်လို့ ဆိုတယ်။ အရေပြားကို ဆွဲလှန်ပေးလို့ မရတဲ့ မွေးရာပါ ပန်းငုံတာဆိုရင် ခွဲစိတ်ပြုပြင်ပေးမှ ကောင်းတယ်။ Islam နဲ့ Judaism ဘာသာဝင် ယောက်ျားတိုင်း လုပ်ကြရတယ်။ ရှင်ပြုပေးတယ်လို့ ပြောင်ခေါ်လေ့ရှိတယ်။ လုပ်တဲ့အခါ အရေပြားကို အကုန် သွားဖြတ်မိရင် ကာကွယ်မှုနဲ့ စိုစွပ်စေတဲ့ အလုပ်ကို အနည်းနဲ့အများ ထိခိုက်မယ်။ ပန်းငုံလို့တော့ သုတ်လွှတ်ကိစ္စ ကြောင့်ကြဘို့ မလိုပါ။ ကျားလိင်အင်္ဂါရဲ့ ထိပ်ဆုံး (အဖျား)ပိုင်းက အာရုံခံစားမှု အဖြစ်ဆုံးဘဲ။ ကျန်နေရာ (အတံ)က ရိုးရိုး အရေပြားနဲ့ ဖုံးထားတာမို့ သာမန် အာရုံခံစားမှုသာရှိတယ်။ သုတ်လွှတ်တာနဲ့ အများကြီးဆိုင်တဲ့ ယောက်ျား လိင်အင်္ဂါ အစိတ်အပိုင်း ၂ နေရာ ရှိပါတယ်။

(၁) Glans penis (Glans) ခေါ်တဲ့ ခေါင်း (ထိပ်-အဖျား)ပိုင်းဟာ Mucocutaneous (တစ်ရှူး)နဲ့လုပ်ထားတယ်။ ဆိုလိုတာက ဖုံးပေးတဲ့ အလုပ်ရော စိုစွပ်အောင် အရည်ထုတ်ပေးတာပါ လုပ်ပေးတယ်။ ပိုအရေးကြီးတာက အာရုံခံစားမှု သိပ်ကောင်းတယ်။ ကျားလိင်အင်္ဂါ ခေါင်း နဲ့ အမျိုးသမီးများရဲ့ (Clitoris) (မ-အစိ) ဟာ သဘာဝခြင်း အတူတူဘဲ။ ၂ ခုလုံးက အာရုံခံစွမ်း အရှိဆုံး နေရာတွေ ဖြစ်ကြတယ်။ အာရုံကြော အရေအတွက်ပေါင်း ကျားမှာ ၄ဝဝဝ၊ မမှာ ၈ဝဝဝ ရှိတယ်လို့ မျက်စိကောင်းကောင်းနဲ့ ရေတွက်ထားပါတယ်။ Corona glandis ဆိုတာက ကျားလိင်အင်္ဂါ ခေါင်းပိုင်းရဲ့ အကားဆုံးနေရာပါ။ ဒီနေရာက အာရုံခံမှု အကဲဆုံး ဖြစ်တယ်။ အဲဒီနေရာတွေကို ထိမိအောင်လုပ်လေ မြန်မြန် ပြီးစီးလေဖြစ်တယ်။ ဒါ့ကြောင့် သုတ်လွှတ် နှေးစေချင်ရင် အဲဒီနေရာတွေကို မထိမိအောင် လုပ်ပါလေ။

(၂) နောက်ထပ် အရေးကြီးတဲ့နေရာ တခုကတော့ အပေါ်ဖုံးအရေပြား Foreskin ရဲ့အောက်ပိုင်း။ အလယ် တည့်တည့်မှာ လိင်တံရဲ့ ခေါင်းကိုလာ ဆက်ထားတဲ့နေရာ၊ Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner’s corpuscles ခေါ်တဲ့ စပါယ်ရှယ် အာရုံကြောတွေ ထောင်နဲ့ချီ ရှိတယ်။ အရေပြား ဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော် ပါသွားတတ်တယ်။ Frenulum ကို ဆွပေးရင် ပြော့နေတဲ့ ကျားအင်္ဂါက သန်မာလာစေသလို သုတ်လွှတ် တာလည်း မြန်စေတယ်။ အဲဒီချက်ကောင်း ၂ နေရာကို အထိအတွေ့ နည်းအောင် သတိထားရင် သုတ်လွှတ်တာကို နှေးစေတယ်။

ဖတ်နေတဲ့သူကို အားတော့နာပါတယ်။ ရှင်းကနဲနေအောင်ရေးမှရမှာမို့ ရေးခွင့်ပြုပါ။ အမျိုးသမီးရဲ့အင်္ဂါဆိုတာ အဝနေရာက အကျဉ်းဆုံးဖြစ်ပြီး၊အတွင်းရောက်လေ ကျယ်လေဖြစ်တယ်။ အဝမှာ ကြွက်သားရှိလို့လဲ အကျဉ်း-အကျယ်ဖြစ်အောင် လုပ်ပေးတတ်အောင် လေ့ကျင့်ပေးလို့ရတယ်။ မွေးလမ်းကြောင်းကနေ ကလေးမဖွါးဘူးသူဆိုရင် အဝအောက်နုတ်ခမ်း အလည်နေရာက မိမွေးတိုင်းရှိလို့ ကျားအင်္ဂါကို ပိုပြီး ထိမိစေတာမို့ အာရုံခံစားမှု ကောင်းစေသလို အပြီးလဲ့မန်စေနိုင်တယ်။ Frenulum of the labia or Fourchette လို့ ခေါ်တဲ့နေရာဖြစ်တယ်။ သမားရိုးကျဆက်ဆံပုံ အနေအထားမှာ ကျားရဲ့ Frenulum နဲ့ မရဲ့ Frenulum တို့ ထိမိနေကြတယ်။ နှစ်ဦးနှစ်ဝ အာရုံခံစားမှု တူကြစေတယ်။ နှေးစေချင်ရင် မထိမိအောင် ဆင်ခြင်ပြီး၊ ကိုယ်က အနစ်နာခံလိုက်ပါ။

နောက်ပြီး အဝကျဉ်းကျဉ်းကို ကျားအင်္ဂါ စဝင်ချိန်မှာ ကောင်းလွန်းတဲ့ခံစားမှုကို မသိချင်ယောင် ဆောင်လိုက်ပါ။ ဆက်ပြီး အနုတ်-အသွင်း လုပ်တဲ့အခါမှာလဲ အဖေါ်ရဲ့ အကျဉ်းဆုံး အင်္ဂါအဝနဲ့ ကိုယ့်ရဲ့ ခေါင်း Glans နဲ့ရော အကားဆုံးနေရာ Corona နဲ့ပါ မထိစေမှသာ ကြာကြာ ထိန်းနိုင်တယ်။ ဒါ့ကြောင့် အကုန်ဆွဲနုတ်၊ အကုန်ပြန်သွင်း လုပ်တာမျိုး အတတ်နိုင်ဆုံး မလုပ်ပါနဲ့။ တခါ အနေအထားနဲ့ (ဒါရိုက်ရှင်)လဲ ဘယ်လိုဆိုရင် မြန်မြန်ပြီးချင်တယ်ဆိုတာ ကိုယ်တိုင်သိပါလိမ့်မယ်။ ကိုယ်ကြိုက်တဲ့ အနေအထားနဲ့ လားရာ ထက်-အောက်၊ ဘယ်-ညာ ဆိုတာမျိုးကို ဆက်ဆံနေစဉ် ရှောင်ကျဉ်ပါလေ။ သုတ်လွှတ်နေတုံးမှာ လိင်တံကို အဆုံးထိ သာမကဘဲ၊ ထိုးသွင်းနိုင်သမျှ အစွမ်းကုန် ဆိုပါတော့ ထိုးသွင်းထားကြတယ်။ အဲလိုလုပ်ရင် Frenulum ကို ဆွဲတင်း ပေးလိုက်တာမို့ သူ့မှာရှိနေတဲ့ ထောင်နဲ့ချီတဲ့ အာရုံကြောတွေ အလုပ်များစေတယ်။ ဒါ့ကြောင့် နှေးစေချင်ရင် ဆက်ဆံနေတုံးမှာ အဲလို မလုပ်ပါနဲ့။

တချို့သော အခကြေးငွေယူပြီး ဆက်ဆံတာလက်ခံသူ အမျိုးသမီးတွေဟာ လိင်အထူးကု ဆရာဝန်တွေထက် တော်တယ်ပြောရမလား။ ဆက်ဆံနေတုံး ခါးအောက်ပိုင်း အနေအထား တချက်ပြင်လိုက်တာနဲ့ ဖေါက်သည်ကို မြန်မြန် ကိစ္စပြီးအောင် လုပ်ပေးရာ ရောက်စေတယ်။ Frenulum ဆိုတာတော့ ပြောတတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီနေရာကို ထိထိမိမိ ဖြစ်သွားအောင် ဆောင်ကျဉ်း လိုက်တာပါဘဲ။ ဒီတော့ သူမတို့ကို ဆရာတင်ပြီးသကာလ ကိုယ့်ပါတနာကို ငြိမ်ငြိမ်နေပါစေ။ ကိုယ်ကလည်း ဒီအပိုင်းနဲ့ အထိအတွေ့ နည်းအောင် ဂရုစိုက်ပါလေ။

အတွေ့အကြုံများရင် ကြာကြာထိန်းနိုင်တယ်ဆိုတာ အာရုံခံကောင်းလှတဲ့ နေရာတွေဟာ ကြာတော့ ထုံသလို ထူသလို ဖြစ်လာလို့ဘဲ။ ဒါ့ကြောင့် အတွေ့အကြုံများသူများကို ဖြတ်လမ်းကလိုက်ချင်ရင် ထုံဆေးသုံးနိုင်တယ်။ နာမှန်း-ကျင်မှန်း၊ ပူမှန်း-အေးမှန်၊ ထိမှန်း-ကိုင်မှန်း၊ ကောင်းမှန်း-မကောင်းမှန်း မသိတော့ဘူး။ ကျားလိင်အင်္ဂါ ထိပ်ဖျားပိုင်းကို ထုံဆေး (လိမ်းဆေး၊ ပန်းဆေး) တခုခု သုံးနိုင်တယ်။ ထိုးတာကတော့ မကောင်းလှပါ။ လိင်ဆက်ဆံလို့ နာသူများသုံးတဲ့ Xylocaine 2%, 5% (ဂျယ်လီ) ကို ဒီနေရာမှာလဲ သုံးနိုင်တယ်။ ၅-၁ဝ မိနစ် ကြိုတင်ပါ။ များသောအားဖြင့် မိနစ် ၃ဝ လောက်ခံတယ်။ အသန့်ထားပါ။ ပြီးရင် ဆေးပြစ်ပါ။ နောက်ဆို ဆေးသုံး စရာလိုမှာ မဟုတ်ပါ။

စိတ်ပိုင်းကတော့ အရေးပါတဲ့ နောက်အချက်ပါ။ ဒါပေမဲ့ စိတ်အထူးကုတွေနဲ့ ကုစရာမလိုပါ။ ကာမဂုဏ်ခံစားမှု ဆိုတာ အာရုံစိတ် ရှိသမျှထဲမှာ အပြင်းထန်ဆုံးပါ။ ဆက်ဆံမှုဖြစ်စဉ် မစရသေးခင်ကတည်းက စိတ်အား သိပ် ပြင်းပြနေရင် ပြီးတာ မြန်စေတယ်။ ဒါ့ကြောင့် စိတ်ကို တတ်နိုင်သ၍ ထိန်းပါလေ။ အတွေ့အကြုံများသူတွေလဲ အဖေါ်သစ်နဲ့ ဆက်ဆံတဲ့အခါ မြန်တတ်တယ်။ စိတ်ရဲ့ အခြေအနေကြောင့်ပါ။

သုတ်လွှတ်မြန်သူတွေမှာ (ဖိုး-ပလေး) ကို ကိုယ့်အတွက် မဟုတ်ဘဲ၊ အဖေါ်မိန်းကလေးအတွက်သာ ရည်ရွယ်လုပ်သင့်တယ်။ သူမက အဆင့်သင့်ချိန် (သူ့အင်္ဂါ စိုစွတ်လာချိန်) မှာ ထည့်သွင်းရတာက လွယ်တဲ့အပြင် ပွတ်တိုက်မှုနည်းမယ်။ နှေးစေမယ်။ လိုအပ်မယ်ထင်ရင် (KY Jelley) ကို သုံးပါ။

Orgasm ရရင် ကျေနပ် အားရသွားပြီဖြစ်လို့ ဒီစိတ်က ကုန်သွားတယ်။ ပြီးတာနဲ့ လှည့်မကြည့်ချင်တော့ဘူး။ ဒါပေမဲ့ အခိုက်အတန့်ပါ။ ပြန်ပေါ်လာတာဘဲ။ ဘယ်တော့ စိတ်ပြန်ပေါ်လဲဆိုတာ တယောက်နဲ့ တယောက်၊ အခြေအနေ တခုနဲ့တခု မတူဘူး။ စောစောက ရေးခဲ့တဲ့အတိုင်း အသက်ငယ်တုံး၊ အတွေ့အကြုံ နုတုံးမှာ သုတ်လွှတ်တာ မြန်သလို၊ စိတ်ဖြစ်တာလဲများတယ်။ ဒါဟာ ကောင်းတဲ့အချက်ဘဲ။ လူပျိုစစ်စစ်များဟာ မိန်းကလေးရဲ့ အင်္ဂါစပ်နဲ့ ထိတယ်ဆိုရင်ဘဲ သုတ်လွှတ်ချင်လှပြီ။ ဒါပုံမှန်ဘဲ။ ဒီတော့ သုတ်လွှတ် ပြီးတာနဲ့ မကြာခင် နောက်တကြိမ်ဆက်ဆံလိုက်ပါ။ အချိန်ပိုကြာပါမယ်။ ဒီနောက် တကြိမ်ဆို ပိုပို ကြာပါလိမ့်မယ်။

အရက်ဆိုတာက လိင်အင်္ဂါ တောင့်တင်းလာအောင် လုပ်ပေးဘို့မှာ ပြောင်းပြန် သတ္တိရှိပေမဲ့ “သောက်တာ မများရင်” ဆက်ဆံချိန်ကို ကြာစေနိုင်တယ်။ ဆီးအိမ်တင်းနေချိန်မှာ ဆက်ဆံရင်တော့ အချိန်တိုတတ်တယ်။ ပန်းသေ-ပန်းညှိုးတွေအတွက် သုံးတဲ့ Viagra ဆေးဟာ ကျားအင်္ဂါကို သန်မာလာစေတာ မှန်သလို ဆေးရှိန် ရှိနေတုံး ဆက်ဆံချင်စိတ်လဲ ပေါ်စေတယ်။ သုတ်လွှတ်မြန်နေသူများလဲ တခါပြီး နောက်တခါ ဆက်ဆံချင်စိတ် ပေါ်ဘို့ သုံးနိုင်ပါတယ်။

စုံတွဲတခုဟာ “ဝါ” တူနေရင် ပိုကောင်းတယ်။ အပျိုစစ် နဲ့ လူပျိုစစ်။ အတွေ့အကြုံ နည်းသူချင်း၊ များသူချင်း ဆိုတာမျိုး။ ဖူးစာအရ မတူသူတွေ ဖြစ်နေလဲ နားလည်မှုပေးကြရင် ပြဿနာ မကြီးနိုင်ဘူး။ သူများတွေ ဘယ့်လောက် ကြာတယ်၊ ဘာရယ် ဘေးချိတ်ထားပါ။ (အင်တာနက်)က ပြတာတွေကိုလဲ အဟုတ် မထင်ပါနဲ့။ ကိုယ့်အဖေါ်နဲ့ အတူနေတာဟာ သုတ်လွှတ် ပြိုင်ပွဲဝင်နေတာ မဟုတ်ဘူး။ ဆရာဝန်က အကြံပေးပါတယ် “အရေအတွက်မှသည် အရည်အချင်းသို့။”

သုက်လွှတ်စောတာ ခံစားနေရသူ တကမ္ဘာမှာ ၁၆ နှစ်နဲ့ ၅၅ နှစ်ကြား ယောက်ျား အားလုံး ၄ဝ% ရှိနိုင်ပါသတဲ့။ တချို့က အင်္ဂါထိုးသွင်းမှု ဖြစ်ပြီးနောက် ၂ မိနစ်ထက် စောတာကိုမှ အဲဒါလို့ ခေါ်တယ်။ ဒါပေမဲ့ ၁၉၅ဝ မှာ သုတေသန လုပ်တော့ လူ ၄ ယောက်မှာ ၃ ယောက်က သူတို့ အတွေ့အကြုံပေါင်း တဝက် ကျော်ကျော်မှာ အဲလိုဖြစ်နေပါသတဲ့။ နောက်သုတေသနတခုမှာ လူ ၇၅% က ၁ဝ မိနစ် အတွင်း သုက်လွှတ်တယ်လို့ သိရတယ်။ အမေရိးကားမယ် လူပေါင်း ၂၅-၄ဝ% မှာ အဲဒီလို ဖြစ်နေကြပါတယ်။ "ကိုယ့်ဆက်ဆံဘက် အဖေါ်ထက် စောပြီးတာကိုသာ ခေါ်ပါမယ်" လို့ Masters and Johnson က ဆိုထားတယ်။ အဲလိုဖြစ်တာလဲ အကြိမ် ၁ဝဝ မှာ ၅ဝ ဖြစ်ပါသတဲ့။

လိင်အထူးကု အများစု ပြာတာက သုက်လွှတ်မှာကို ထိန်းထားနိုင်စွမ်းဟာ ယောက်ျား-မိန်းမ တဦးမဟုတ် တဦးမှာ လိင်စိတ်နဲ့ သာယာမှုကို အနှောင့်အယှက် ဖြစ်နေတာလို့ ဆိုပါတယ်။ အရေအတွက်ရော အရည်အသွေးပါ အကြုံးဝင်တယ်ပေါ့။ ရွှေဗမာတွေဆီကရတဲ့ မေးခွန်းတွေအရ မတိုင်ခင် တင်ကူးပြီး အစိုးရိမ်ကြီးနေတာကိုပါ ဒီအထဲ ထည့်ရမလို ဖြစ်နေတယ်။

အသက် ၁၈ နှစ်ကနေ ၅ဝ ကြား ယောက်ျားတွေမှာ အမျိုးသမီး အင်္ဂါထဲမှာ သုက်မထွက်စေအာင် ထိန်းထားနိုင်တဲ့ အချိန်ဟာ ၆ မိနစ်ခွဲလို့ အရေအတွက်ပိုင်းအရ ပြောတယ်။ အရည်အသွေးကိုပါ ထည့်တွက်ရမှာပါ။ သုက်လွှတ်ချိန်က ၁ မိနစ်ခွဲသာရှိပေမဲ့ ကိုယ်တိုင်က ကျေနပ်ကြသလို၊ ၃ မိနစ်သမားတွေထဲမှာ ကိုယ့်ကိုယ်ကို မကျေနပ်သူတွေ ရှိတယ်။ ဒါမျိုးကိုသာ ဝေဒနာသည် အုပ်စုထဲ စာရင်းသွင်းပါတယ်။

ဘာလို့ အချိန်တိုရသလဲ စိတ်နဲ့ ဝန်းကျင်ကို အရင် ရိုးမယ်ဖွဲ့ရပါတယ်။ စိတ်ထဲမှာ လိင်ဆက်ဆံမှု ဖြစ်စဉ် နဲ့ စိတ်ယာယာမှု တို့ရဲ့ ဆက်စပ်မှုကို လျော့တွက်မိရင် ဖြစ်တတ်တယ်။ ဥပမာ ခဏခေတ္တ စိတ်ဓါတ်ကျနေချိန်၊ စိတ်ဖိစီးမှု ကဲနေချိန်၊ တကယ်မဖြစ်နိုင်လောက်တဲ့ စွမ်းဆောင်မှုကို စိတ်ကူးယဉ်တာ၊ အရင်ကလဲ လိင်စိတ် ဖိစီးခံရမှု ရှိခဲ့တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့တာတွေကြောင့် ဒီလိုဖြစ်လာစေနိုင်တယ်။ မျိုးရိုး လိုက်သလားဆိုတာ သံသယရှိတယ်။ လူနာတွေထဲက ၉၁% မှာ အမျိုးထဲမယ် သူ့လိုမျိုး တယောက်မက ရှိနေတယ်။

နှစ်ဦးနှစ်ဘက်ကြား လှုပ်ရှား ပြောင်းလဲနေတဲ့ သဘောကနေ လိင်ဆက်ဆံရေးကို အများကြီး သက်ရောက်စေပါတယ်။ ဒါ့ကြောင့် အဖေါ်နှစ်ယောက်သားကြား ဆက်သွယ်ရေး ချို့ယွင်းတာရှိနေရင်၊ ဆက်ဆံရေး ကျဲနေရင်၊ ရှင်းမရသေးတဲ့ အိပ်တွင်းရေး ပြဿနာတစုံတရာ ရှိနေရင်၊ စိတ်လှုတ်ရှားမှုတွေရဲ့ပေါင်းစပ်မှုကို ထိခိုက်စေမယ်။ အာရုံပိုင်းကြောင့် ချို့ယွင်းတာလို့ ခေါ်တယ်။ လိင်စိတ် ဖြစ်လာအောင် နိုးဆွတဲ့အဆင့် (၁) က သိပ်ကဲလွန်တာဆိုလဲ ဒီလို ဖြစ်ပါသေးတယ်။ ၁၉၉၉ သုတေသန တခုအရ အမျိုးသမီးရဲ့ ရာသီစက်ဝန်းနဲ့ ဆက်စပ်မှု တစုံတရာရှိတာ တွေ့ရပါတယ်။ လလည်ရက်တွေမှာ အချိန်အတိုဆုံး ဖြစ်နေတယ်။ အမျိုးသမီးက အသက် ပိုကြီးနေရင် ရွယ်တူအတွဲတွေထက် အချိန်ပိုတိုတတ်တယ်။

သုက်လွှတ်ဖြစ်စဉ်မှာ (၂) ပိုင်းရှိတယ်။ (၁) ပဌမအဆင့်မှာ Ampullary vas deferens, Seminal vesicles နဲ့ Prostate gland သုက် ဖြစ်ပေါ်ရာနဲ့ သုက် ပို့ဆောင်ရာတွေကနေ ဆီးသွားပြွန်ရဲ့ အရင်းပိုင်းကို သုက်ရည်တွေ ရောက်လာတယ်။ (ဆင်ပသက်တစ် မိုတာ) အာရုံကြောတွေက အဆင့် ၁ ကို လုပ်ပေးတယ်။ (၂) ဒုတိယဆင့် ဆိုတာ ဆီးအိမ် လည်ပင်းနေရာက ပိတ်လိုက်ပြီး၊ Pelvic-perineal and Bulbospongiosus ကြွက်သားတွေကနေ စည်းချက်ကျကျ ညှစ်အား ဖြစ်လာပြီး၊ ဆီးသွားပြွန် တုံခါလာမယ်။ အပြင်ဆီးထွက်ပေါက်နေရာ အထိန်းက လျော့ပေးလာမယ်။ (ဆိုမက်တစ် နဲ့ မိုတာ နူရုန်း) အာရုံကြောတွေက ဒုတိယဆင့်ကို လုပ်ပေးကြတယ်။ ဦးနှောက်ထဲမှာ Nucleus paragigantocellularis နေရာက ဒီအရေးမှာ ထိန်းပေးပါတယ်။

ပြဿနာ (၃) မျိုးရှိတယ်။
(၁) Delayed ejaculation တော်တော်နဲ့ သုက်မလွှတ်တာ၊
(၂) Retrograde ejaculation သုက်နောက်ပြန်ထွက်တာ နဲ့
(၃) Inhibited orgasm in males အပြီးမသတ်နိုင်တာတွေက ခွဲခြားရမှာတွေ ဖြစ်တယ်။

၂ဝဝ၅ ခုမှာ အသက် ၁၉ ကနေ ၇၃ နှစ်အရွယ်၊ (ပျမ်းမျှ အသက် ၄ဝ နှစ်) ရှိတဲ့ လူပေါင်း ၄၉၁ ယောက်ကို စမ်းသပ်တယ်။ သူတို့က ၄ ပတ်အတွင်း လိင်ဆက်ဆံမှု အကြိမ်ပေါင်း ၄ဝဝဝ ဆောင်ရွက်ခဲ့ကြတယ်။ အတွဲ ၁ တွဲဟာ ၁ ပတ်မှာ ဂ ကြိမ် ပျမ်းမျှ ဆက်ဆံတယ်။
• ၁၄% သော ယောက်ျားတွေက ၂ဝဝ စက္ကန့်ထက် နဲတယ်။
• ၂၆% သော ယောက်ျားတွေက ၆ဝဝ စက္ကန့်၊
• ဝ့၅-၂့၅% သော ယောက်ျားတွေက ဝ့၉-၁့၃ မိနစ်။
• ၃ဝ စက္ကန့်ကနေ ၄၄ မိနစ်ကြာတယ်။ ပျမ်းမျှ ၅့၎ မိနစ်ရှိတယ်။ တူရကီမှာ ၃့၇ မိနစ်၊ ဗြိတိန်မှာ ၇့၆ မိနစ်။
• ပန်းအဖျား လှီးဖြတ်တာနဲ့ အဲလိုမလုပ်တာကွာခြားတာမတွေ့ရဘူး။
• (ကွန်ဒွမ်) သုံး-မသုံးမှာလဲ ကွာတာမရှိဘူး။

ကုသတာမှာ -
• သာမန်ဆိုရင် တဖြေးဖြေး တိုးတက်လာစေအောင် သင်တန်းပေးမယ်၊ စိတ်အားပေးမယ်။ တခါဆက်ဆံပြီး နောက်ခါ ဆက်ဆံရင် အချိန်ပိုကြာတယ်။
• ထုံဆေး (ခရင်) လိမ်းတာလဲ တချို့အတွက် ကောင်းတယ်။ ဒါပေမဲ့ ထုံနေလို့ ခံစားမှု လျော့စေတယ်။
• Masters and Johnson ရဲ့နည်းတခုက Start and Stop technique ဆက်ဆံပါ၊ မပြီးခင်နားပါ ဆိုတာဖြစ်တယ်။
• Kegel exercises (ကီးဂယ်) လေ့ကျင့်ခန်းလုပ်တာလဲ အကျိုးရှိတယ်။ (ရေးထားတာ ရှိပါတယ်။)
• လိင်တံထဲ သွေးကြောကျယ်ဆေး ထိုးနည်း။ စမ်းတဲ့သူ ၇ဝ% အကျိုးရှိတယ်။
• Serotonin (ဆီရိုတိုနင်) ခေါ်တဲ့ အာရုံသတင်းပို့ ဟော်မုန်းက ဒီနေရာမှာ အရေးပါတယ်။ သူ နည်းနေရင် သုက်လွှတ်မှာကို စောစေတယ်။ ဒါ့ကြောင့် (SSRI) ဆေး ပေးရင် အကျိုး များတာ လာတွေ့ရတယ်။ Dapoxetine (Priligy) ဆေးက (SSRI) အမျိုးအစား၊ အချိန်တို အကျိုးသက်ရောက်စေတယ်။ ဆေးကို ဝယ်လို့တော့ရနေပြီ။ တရားဝင်ဖြစ်လာဘို့ အဆင့် ၃ ရောက်နေပေမဲ့ တခြားနေရာတွေမှာ ဝယ်လို့ရနေပါပြီ။ Priligy 30 or 60 mg လိင်မဆက်ဆံမီ ၁-၃ နာရီအလိုမှာ ၁ လုံး သောက်ပါ။ အစာနဲ့ နီးနီး-ဝေးဝေး ရတယ်။ ၃ ဆ ကနေ ၄ ဆ ပိုကြာတယ်လို့ ဆိုပါတယ်။
• Prexil, VigRX Plus, PreJac, Enlast, Confido, Alpha7, Climax, StalliOn247, Generic Ambllis နဲ့ Xytomax ဆေးတွေက (ဟာဗယ်) ဆေးတွေ ဖြစ်ကြတယ်။ Prexil capsule တနေ့ ၁ လုံး၊ အစာစားပြီး သောက်ပါ။ ၄-၆ လ ကြာရင် အကောင်းဆုံး အခြေအနေကို ရောက်လာမယ်။ အဲဒီအချိန်မှာ ၂ ရက် ၁လုံး၊ နောက် ၃ ရက် ၁ လုံးသာ သောက်ပါ။ တရက် ၁ လုံး ဆက်သောက်လဲ ရတယ်။ VigRX Plus တနေ့ ၁ လုံးသောက်ပါ။ တချို့ကလဲ တနေ့ ၂ ကြိမ် သောက်တယ်။ Prejac တနေ့ ကို မနက်ထမင်းစားပြီး ၁ လုံး၊ ညနေထမင်းစားပြီး ၁ လုံးသောက်ပါ။
• Viagra ဆေးက ပန်းညှိုးနေသူတွေအတွက်ဖြစ်တယ်။

Men’s Medicines (1) ယောက်ျားတွေ မေးတဲ့ဆေးများ (၁) ကိုလဲဖတ်ပါ။

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...