Varicocele (ဗေရီကိုဆီးလ်)


Sat, Aug 18, 2012 at 6:30 AM
ကျွန်တော်က နိုင်ငံခြားမှာ အလုပ်လုပ်နေပါတယ် မြန်မာပြည်ကို ခွင့်တစ်လနဲ့ပြန်တုန်း Varicocele ရောဂါကြောင့် ခွဲစိတ်ခဲ့ရပါတယ်။ ဘယ်ဘက်ဝှေးစေ့နာတာပါ။ ဆရာဝန်က ဘယ်ဘက်ဆီးခုံကို ခွဲပေးပါတယ်။ Varicocele ရောဂါက အဲဒီလိုခွဲရတာလားဆိုတာ သိချင်ပါတယ်။
ခွဲစိတ်ရင်အတွင်းကအကြောကို ဖြတ်ဆက်တာပါလား။ ခွဲကြောင်းက ဘယ်နှစ်ရက်နေမှ စိတ်ချရပါသလဲ။ ယခုနိုင်ငံခြားမှာ အလုပ်ပြန်လုပ်နေပါပြီ။ ခွဲပြီးလို့ တစ်လကျော်ပဲ ရှိပါသေးတယ်။ ဘယ်ဘက်ဝှေးစေ့က ပြန်နာလာလို့ပါ အတွင်းက ဖြတ်ဆက်ထားတဲ့ နေရာ ပြန်လွဲသွားပြီလား စိုးရိမ်မိပါတယ်။ အဲဒီလို ဖြစ်ရင် ပြန်ခွဲရမှာပါလား။ ခွဲပြီးရက် ၄ဝ အကြာမှာ ရည်းစားနဲ့ ကာမဆက်ဆံမိပါတယ်။ အရင်က မနာပဲ သုတ်ထွက်အောင် လုပ်ပြီးမှ နာလာတယ်လို့ ခံစားရပါတယ်။ အဲဒါကြောင့်ပြန်နာတာလားဆိုတာ သိချင်ပါတယ်။ ခွဲစိတ်ပြီး ဘယ်လောက် ကြာမှ ဆက်ဆံလို့ ရပါသလဲ။


မေးခွန်းမေးသူရဲ့ အသက် နဲ့ အိမ်ထောင်ရေး မသိရပါ။ ဒီရောဂါမှာ ကလေးရ-မရဆိုတာ အရေးကြီးတယ်။ ဖြစ်နေတာ ဘယ်လောက်ကြာ ထည့်ရေးမထားပါ။ လူနာဆီက အချက်အလက်မစုံဘဲ ဆေးစာရေးရတာ သိပ်မကောင်းလှပါ။

Varicocele (ဗေရီကိုဆီးလ်) ဆိုတာ ယောက်ျား ကပ်ပယ်အိတ်ထဲမှာရှိတဲ့ သွေးပြန်ကြောလေးတွေ ဖေါင်းတွန့်နေတာ ဖြစ်တယ်။ သွေးပြန်ကြောတွေ (နက်တ်ဝပ်ခ်) ဖြစ်နေတာက ခေတ်စကားနဲ့တူတယ်။ တခါတလေ နာတာနဲ့ ကျား-အစိ သေးငယ်သွားတာ ဖြစ်စေနိုင်တယ်။ ဒီရောဂါဟာ ကလေးမရစေတဲ့ အကြောင်းတွေထဲက တခုဖြစ်တယ်။

ကုသနည်းတွေထဲမှာ -


1. Open surgery သမားရိုးကျခွဲစိတ်ကုသနည်း၊
2. Laparoscopic surgery ဗိုက်ကနေ ကရိယာသုံးပြီး ခွဲနည်း၊
3. Surgical microscope အနုကြည့် ခွဲစိတ်သုံး မှန်ဘီလူး နဲ့ Doppler ultrasound (အာလ်ထွာဆောင်း) ကရိယာတွေသုံးပြီး ခွဲစိတ်နည်း နဲ့
4. Percutaneous embolization ဆေးနဲ့သွေးကြောပိတ်နည်းတွေ ရှိတယ်။

ဘာမှ မခံစားရသေးရင် ကုသဘို့ မလိုပါ။ နာတာ၊ အစိသေးလာတာ၊ ကလေးမရမှာ စိုးရိမ်တာတွေအတွက် ကုသမှု ခံယူသင့်တယ်။ Surgery ခွဲစိတ်ကုသနည်း နဲ့ Embolization ဆေးနဲ့သွေးကြောပိတ်နည်းတွေကို အများဆုံး သုံးတယ်။


• ခွဲစိတ်ကုသနည်းကို Varicocelectomy လို့ ခေါ်တယ်။
- (၁) Inguinal/Groin ပေါင်ခြံ၊
- (၂) Eetroperitoneal/Abdominal ဗိုက် နဲ့
- (၃) Infrainguinal/Subinguinal ပေါင်ခြံအောက် ဆိုပြီး နေရာ သုံးခုမှာ ခွဲနိုင်တယ်။
• ခွဲပြီးနောက်မှာ ၂၄ နာရီကြာ ရေခဲတင်ပေးရမယ်။ ကုသမှုခံယူပြီးသူဟာ ၁-၂ ရက် နားနေဘို့ လိုတယ်။
• ခွဲစိတ်နည်းမှာ နောက်ဆက်တွဲဖြစ်တတ်တာတွေ ရှိပါမယ်။ ဖြစ်နေကြ သာမန် နောက်ဆက်တွဲတွေအပြင် Hydrocele မုတ်ရောဂါဖြစ်လာတာ နဲ့ Testicle အစိတဖက် ဆုံးရှုံးတာ ဖြစ်နိုင်တယ်။
• Hematoma အထဲမှာသွေးယိုတာ၊ Infection ပိုးဝင်တာ နဲ့ ကပ်ပယ်အိတ် (တစ်ရှူး) တွေကို ထိခိုက်မှာလဲ သတိထားရမယ်။ ကျား-အစိကိုသွားတဲ့ သွေးလွှတ်ကြော ထိခိုက်တာလဲ ဖြစ်တတ်တယ်။
• Embolization နည်းမှာ ဝိုင်ယာ သေးသေးလေးတခုကို ဗိုက်ထဲက ကျား-အစိနဲ့ဆိုင်တဲ့ သွေးပြန်ကြောထဲ သွင်းမယ်။ Flexible catheter သုံးပြီး သွေးပြန်ကြောကို ပိတ်သွားစေမဲ့ဆေး သွင်းမယ်။ ခွဲစိတ်သလို ဒါးရာ မလိုဘူး။ ထိရောက်မှု တူတယ်။ ဓါတ်မှန်အကူနဲ့ လုပ်ရတယ်။
• ခွဲပြီး အလုပ်ပြန်လုပ်နိုင်တာမှာ ခွဲရသူက အချိန်ပိုယူတယ်။
• Embolization နည်းနဲ့ ကုသသူတွေထဲက ၅-၁၁% ပြန်ဖြစ်နိုင်တယ်။ ခွဲရမယ်။ ခွဲတဲ့သူတွေထဲကလဲ ပြန်ဖြစ်တာ ရှိသေးတယ်။ ခွဲပြီးပြန်ဖြစ်သူကို Embolization နည်းနဲ့လဲ လုပ်နိုင်တယ်။
• Medical treatment ဆေးပေးကုသနည်းမှာ L-carnitine ကိုသုံးတယ်။ သုက်ပိုးများလာတာ ကောင်းပေမဲ့ ခွဲစိတ်နည်းလောက်တော့ ထိရောက်မှု မရှိလှဘူး။
• Micronised purified flavonoid fractions (MPFF) ဆေးနည်းက နာတာကို သိသိသာသာ သက်သာစေတယ်။
• ကုသမှုခံလိုက်ပြီးရင် သုက်ပိုးအရေအတွက် သိသိသာသာ တက်လာတာ တွေ့ရတယ်။ Sperm quality သုက်ပိုး အရည်အသွေး ၅၇% တိုးတက်တာတွေ့ရတယ်။ ကလေးရနိုင်စွမ်း ၃ဝ-၅ဝ% တိုးတက်တယ်။
• ခွဲစိတ်ပြီးနောက် Sexual function လိင်ဆက်ဆံရေးကို မထိခိုက်စေပါ။
• ခွဲစိတ်ကုသပြီးနောက် ၁-၂ ပတ်နေရင် လင်-မယားအတူနေလို့ ရတယ်။
• Semen analysis သုက်ပိုးစစ်ဆေးဘို့ အတွက်တော့ ၃-၄ လ စောင့်သင့်တယ်။
• နာတာရောင်တာအတွက် သုံးနေကြ Paracetamol, Ibuprofen အနာသက်သာဆေးတွေ သုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၂

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...