Viagra သန်မာစေတဲ့ဆေး


Impotency ပန်းသေ-ပန်းညှိုးရောဂါကို ကုစားနည်းတွေ ကြိုးစားပမ်းစား ရှာဖွေခဲ့ကြရတယ်။ နောက်ဆုံးပေါ်လဲဖြစ် နောက်ထပ် ပေါ်စရာမလိုတော့ဘူး ပြောနိုင်မဲ့ Viagra ဆေးကို ၁၉၉၈ မတ်လ ၂၇ ရက်ကစပြီး ဆိုင်တင်ခဲ့ပါပြီ။ ဆေးက တကယ် အစွမ်းထက်သလို ဘေးထွက်ဆိုးကျိုးက သိပ်ထူးလှတာ မဟုတ်လို့ အလွန်အောင်မြင်တဲ့ အသစ်တီထွင်မှု ဖြစ်တယ်။ ဒေါ်လာ သန်းထောင်ကျော် စီးပွါးရေးလဲ ဖြစ်ပါတယ်။


Viagra က Generic နာမယ်ပါ။ တခြားနာမယ်တွေ Caverta, Sildenafil citrate, Revatio စသဖြင့် ရှိသေးတယ်။ တင်စားခေါ်တာတွေလဲရှိတယ်။ Vitamin V, Mo Mojo, Woodmaker, The pill for men, Soft Tabs, Blue Pill စသဖြင့်။ Kamagra ကလဲ တရားဝင်နာမယ် ဖြစ်လာတယ်။

Viagra ထဲမှာ Sildenafil citrate ဆေးပါတယ်။ Pfizer Company ရဲ့ Generic Viagra ဆိုပြီးပေးတဲ့ မူပိုင်ဖြစ်လို့ နောက်လူတွေ ဒီနာမယ်အတိုင်း ရောင်းလို့မရပါ။ Herbal Viagra, Natural Viagra ဆိုတာတွေက အတုလို့ ပြောနိုင်တယ်။ (အွန်လိုင်း) ကနေ ဝယ်ချင်ရင် သတိထားပေးတာထဲမှာ “အဆိုးဆုံးက တရုပ်-ကုမ္ပဏီ ဖြစ်တယ်” လို့ ဆိုတယ်။ ဆေးကို စစ်ကြည့်တော့ Sildenafil citrate မပါဘူးတဲ့။

Viagra သောက်လိုက်ရင် Phosphodiesterase type 5 (PDE5) (အင်ဇိုင်း) ကို တားဆီးပေးတယ်။ သူနည်းလာရင် ကြွက်သားနုတွေကို ပြော့စေပြေီး၊ လိင်တံမှာ သွေးပိုလျှောက်လာစေတယ်။ ရလဒ်အဖြစ် လိင်တံသန်မာလာစေတယ်။

Viagra ဆေးအစစ်ကို အသုံးမပြုခင် နာရီဝက် ကြိုသောက်ရပြီး၊ အစွမ်းက ၄-၆ နာရီအထိ ရှိတယ်။ လက်တွေ့ သုံးသူတွေ ပြောတာက ဆေးသောက်ပြီး၊ ၁ နာရီနဲ့ ၂ နာရီအတွင်း အစွမ်းထက်ဆုံးဘဲတဲ့။ 25, 50, 100 mg pills အနေနဲ့ ရောင်းပါတယ်။ 50 mg က အများဆုံးသုံးတဲ့ စံဖြစ်ပါတယ်။ စသုံးသူတွေကို 50 mg ဘဲသောက်ရတယ်။ အသက်ကြီးတိုင်း များရတာ မဟုတ်ပါ။ ၆၅ နှစ် ကျော်သူ၊ ကျောက်ကပ်၊ အသဲ ချို့ယွင်းနေသူတွေကို 25 mg သာပေးပါတယ်။

တခါသောက်ရင် 100 mg ထက် မကျော်နဲ့။ ၂၄ နာရီအတွင်း တခြားသတ္တိတူရှိတဲ့ Tadalafil (Cialis), Vardenafil (Levitra) ဆေးတွေနဲ့ တွဲမသောက်ပါနဲ့။ ဒါတွေကလဲ Phosphodiesterase inhibitor ဆေးတွေဘဲ။ များသွားရင် Priapism လို့ ခေါ်တဲ့ တောင့်တင်းနေတဲ့ လိင်တံက ပြန်မကျတာ အန္တရာယ်ရှိနိုင်ပါတယ်။

သာမန် ဘေးထွက်ဆိုးကျိုးတွေသာ ရှိပါတယ်။ မျက်နှာနီမြန်း၊ ခေါင်းကိုက်၊ နှာစေးသလိုဖြစ်၊ အစာမကျေ၊ ပျို့ချင်တာ ဖြစ်တတ်တယ်။ အလင်းရောင်ကြည့်တာ နဲနဲထိခိုက်တတ်တယ်။ ခဏပါ။ နှလုံးရောဂါ အခံရှိသူတွေအတွက် မသင့်ပါ။ နှလုံး သွေးကြောကျဉ်း ရောဂါဆေး၊ Nitrostat, Nitrolingual, Nitro-Dur, Nitro-Bid, Isosorbide တွေနဲ့အတူ မသောက်ရပါ။ အရက်က Viagra ဆေးစွမ်းကို ယာယီနည်းစေတယ်။ ဆေးကို အစာမရှိချိန်သောက်ရင် မြန်တယ်။ အစာမှာ အဆီများရင် သတ္တိပြတာ နှေးမယ်။ HIV နဲ့ အသဲရောင် စီ ရှိနေသူတွေကိုပေးတဲ့ Protease inhibitors ဆေး ပေးနေရင် ဂရုစိုက်ရတယ်။



Kamagra tablet ဆိုတာ Ajanta Pharmaceuticals ကနေ ထုတ်တာပါ။ Sildenafil Citrate ပါတာပါဘဲ။ ၁ နာရီ ကြိုသောက်ရမယ်။ ၄ နာရီအထိခံတယ်။ အသက်သိပ်မကြီးသေးရင် 50 mg သောက်ပါ။ ၆၅ နှစ်ကျော်ရင် 25 mg သာ သောက်ပါ။ တနေ့ထဲမှာ 100 mg ထက် မများစေနဲ့။ 12 လုံးကို $40 ဒေါ်လာ၊ 100 လုံးကို $130 ဒေါ်လာ (အွန်လိုင်း) မှာ ကြော်ညာတယ်။ Kamagra ကို အမျိုးသမီးတွေမှာသုံးရတယ်လို့ သက်သေမပြနိုင်သေးဘူး။ Viagra ကတော့ အမျိုးသမီးတွေပါ လိင်စိတ်သန်စေဘို့ သုံးနိုင်တယ်ဆိုတာ ပြောလာနေကြပါပြီ။



စားဆေးအပြင် Kamagra Oral Jelly လဲ လာတယ်။ ဆွဲဆောင်မှုရှိတဲ့ အနံ့ပါထည့်ထားသေးတယ်။ ကြော်ညာတဲ့အခါ Natural aphrodisiacs သဘာဝ လိင်စိတ်ကြွအနံ့ Myriad flavors ပါတယ်လို့ ရေးတယ်။ ဖတ်တာနဲ့တောင် ဆွဲဆောင်မှု ရှိနေပြီ။ သရက်သီး၊ ချော့ကလက်၊ ငှက်ပျေားသီး၊ စထောဘယ်ရီ၊ ဗနီလာ၊ အနံ့တွေ ပါတယ်။ မိနစ် ၂ဝ ဆိုရင် အစွမ်းပြတယ်လို့ဆိုတယ်။

Tadalis SX ဆေးကတော့ ၃၆ နာရီအထိ ကြာကြာ အစွမ်းပြတယ်ဆိုတယ်။ 20 mg ၁ဝ လုံးကို $59 ဒေါ်လာ ပေးရတယ်။ ဈေးချိုတဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။ Apcalis, Caverta, Forzest, Levitra, Lovegra, Silagra, Slimona, Tadacip, Womenra, Xenical, Zenegra စတာတွေ ဖြစ်တယ်။ အိန္ဒိယမှာ Vigora ဆေးကို သုံးကြပါတယ်။ 100 mg လေးလုံးပါ တကပ်ကို ရူးပီး ၁ဝဝ (ကျပ် ၁၉ဝဝ) ပေးရတယ်။ အနီရောင် ဆေးလုံးပါ။ 50 mg က မီးခိုးပြာရောင်၊ စိန်ပွင့်ပုံ၊ အသဲပုံ လာတယ်။

Viagra လိုဆေးကို ပန်းသေ-ပန်းညှိုးအပြင် Pulmonary arterial hypertension (PAH) ဆိုတဲ့ အဆုပ်ရောဂါကို ကုရာမှာလဲ သုံးပါတယ်။ ဒါ့ပြင် တောင်တက်သမားတွေမှာ ဖြစ်တတ်တဲ့ Pulmonary edema အဆုပ်ရောင်တာ အတွက်လဲ သုံးပါသေးတယ်။

ငယ်ရွယ်သူတွေမှာ လိင်တံမသန်မာနိုင်တာ အများဆုံးက စိတ်ပိုင်းချို့ယွင်းချက်တခုခုရှိလို့ပါ။ စိတ်ဖိအားများ၊ အားကုန်၊ စိုးရိမ်စိတ်ကဲ၊ စိတ်ဓါတ်ကျ။ ဒီလိုဖြစ်ရသူတွေအတွက် Viagra ဆေးက ၉ဝ% ထိရောက်ပြီး၊ စိတ်ကြောင့် မဟုတ်တဲ့ တခြားအကြောင်းနဲ့ ဖြစ်သူတွေမှာ ၇ဝ-၈ဝ% ထိရောက်ပါတယ်။ တချို့က လိင်စိတ်လာစေဘို့၊ လိင်ဆက်ဆံတာမှာ ပိုသာယာစေဘို့၊ လိင်အင်္ဂါ အမြဲကြီးထွားဘို့ ရည်ရွယ်ပြီး သုံးကြပေမဲ့ အထောက်အထား မရှိပါ။

Veetab ကတော့ အမေရိကားမှာမရဘဲ မြန်မာပြည်မှာရတဲ့ Sildenafil ဆေးဖြစ်တယ်လို့သိရပါတယ်။ Veetab and Kamagra အကြောင်း FDA သတိပေးချက်မှာ ဒီလို ရေးထားပါတယ်။ ကလေးတွေနဲ့ အမျိုးသမီးများ မသောက်ရ။ Erythromycin ဆေး၊ Ketoconazole, Itraconazole ပွေး-မှိုဆေးတွေနဲ့ တွဲရင် သွေးထဲ ဆေးပိုများစေမယ်။ Isosorbide Mononitrate - Isosorbide Mononitrate ဆိုတဲ့ နှလုံး-သွေးကြောကျဉ်း ရောဂါအတွက်ဆေးတွေနဲ့ တွဲမသောက်ရ။ ၁ နာရီ ကြိုသောက်ရင် အကောင်းဆုံး ဖြစ်တယ်။ တနေ့ ၁ ခါထက် ပိုမသောက်ရ။

Dr. တင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...