Contraceptive Calendar method ပြက္ခဒိန်နည်း



အမျိုးသမီးတိုင်း အပျိုဖြစ်ပြီးနောက်၊ သွေးမဆုံးခင်အထိ အကြမ်းအားဖြင့် လတိုင်း လလယ်ရက်မှာ မ-မျိုးဥ ထွက်တယ်။ မ-မျိုးဥနဲ့ ကျား-သုက်ပိုး တွေ့ကြမှသာ ကိုယ်ဝန်ရှိနိုင်တယ်။ ဒါ့ကြောင့် ကလေးမရချင်ရင် မ-မျိုးဥနဲ့ တွေ့နိုင်မဲ့ရက်တွေကို ရှောင်ရမယ်။ အတူနေမဲ့ရက်ကို ရွေးလို့ရနိုင်ပေမဲ့ မ-မျိုးဥထွက်မဲ့ရက်ကို ကိုယ်ကနေ ရွေးလို့မရဘူး မဟုတ်ပါလား။ ရက်ရှောင်နည်းဆိုတာ မ-မျိုးဥနဲ့ မတွေ့အောင်ရှောင်ရ တာ ဖြစ်တယ်။

မ-မျိုးဥထွက်မဲ့ လလယ်ရက်ဆိုတာ ရာသီစဆင်းတဲ့နေ့ကနေ တွက်ရတယ်။ သွေးဆင်းတာက ၃-၄-၅ ရက်ကြာ တတ်တယ်။ နောက်ဆုံးရက်ဆိုတာ ပြောဘို့မှတ်ဘို့က မတိကျတတ်ဘူး။ စွန်းယုံလေး စွန်းတော့တာကိုလား၊ (ဒိုင်ယာပါ) မသုံးရတဲ့နေ့ ခေါ်မလား၊ ရာသီသွေး စဆင်းတဲ့နေ့ဆိုတာ မှားစရာမရှိဘူး။ ဒါကြောင့် ရာသီနဲ့ပတ်သက်သမျှ ရက်ရှောင်တာ တွက်တွက်၊ ကိုယ်ဝန်ကိုတွက်တွက် ရာသီစဆင်းတဲ့နေ့ကို နေ့အမှတ် (၁) လို့ သတ်မှတ်ထားပါတယ်။

မ-မျိုးဥဘယ်ရက်မှာ ထွက်သလဲ။ လလယ်လို့ ပြောတာ အကြမ်းဖျင်းပြောတာသာဖြစ်တယ်။ တိတိကျကျ ပြောရရင် -
• ၃ဝ% သော အမျိုးသမီးတွေက လလယ်ရက် အတိအကျမှာ မျိုးဥ ထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။

ရာသီလာရက်ရဲ့ ရှေ့ ၇ ရက်၊ ရာသီလာပြီး နောက် ၇ ရက်တွေမှာ အတူနေတာ စိတ်ချရတယ်လို့ ပြောကြတယ်။ ဒါက အကြမ်းပြောကြတာသာ ဖြစ်တယ်။ လေ့လာမှုလုပ်ထားတာကိုသာ ရေးပါရစေ။ ရာသီတလတိုင်းမှာ ကိုယ်ဝန် မရနိုင်တဲ့ရက်တွေက ၂ ပိုင်းရှိတယ်။ ရာသီမလာခင် တပိုင်းနဲ့၊ ရာသီလာပြီးတပိုင်း။ ဒါလဲ အရပ်ပြောဆန်တယ်။ ဆေးပညာအရ ပြောရရင် မ-မျိုးဥ မထွက်ခင်နဲ့ ထွက်ပြီးလို့ ပြောပါတယ်။ မ-မျိုးဥကသာ ကိုယ်ဝန်ရစေတာမို့ ဖြစ်ပါတယ်။ ရာသီသွေးဆင်းတာက ကိုယ်ဝန်နဲ့ တိုက်ရိုက်မပတ်သက်ပါ။ နည်း ၂ နည်း ရေးပါမယ်။

(၁) Standard Days Method (ဂျော့ခ်ျတောင်း) တက္ကသိုလ်က လုပ်ထားတဲ့နည်းဖြစ်တယ်။
• ရာသီတလဟာ ၂၆ ရက်ကနေ ၃၂ ရက်အထိရှိသူ အမျိုးသမီးတွေ သုံးနိုင်တယ်။ ရာသီစဆင်းနေတဲ့ရက်ကနေတွက်ပါ။
• ၁ ကနေ ၇ ရက်အတွင်းမှာ ကိုယ်ဝန်မရနိုင်ဘူး။
• ၈ ကနေ ၁၉ ရက်အတွင်းမှာ ကိုယ်ဝန်ရနိုင်တယ်။
• ၂ဝ ရက်ရဲ့နောက် ကိုယ်ဝန်မရနိုင်ဘူး။ ရာသီလာနေတုံးလဲ မရနိုင်ဘူး။
• စိတ်မချရမှု ၅% ရှိတယ်။

(၂) Rhythm method (Knaus–Ogino method) အချက်ကျတွက်နည်း
• သင်္ချာတွက်ရမယ်။ ရာသီတလမှာ ဘယ်နှစ်ရက်ရှိသလဲ။ တလနဲ့ တလ မတူတတ်ပါ။ အတိုဆုံးလကို ယူပါ။ ဆိုပါစို့ ရက် ၃ဝ ကနေ ၃၆ ရက်ရှိသူဟာ ၃ဝ ရက်ကိုယူပြီး တွက်ချက်ရမယ်။
• မ-မျိုးဥမထွက်ခင် စိတ်ချရတဲ့ရက်သိအောင် ၃ဝ ထဲကနေ ၁၉ နုတ်ရမယ်။ ၃ဝ - ၁၉ = ၁၁ ရတယ်။ ရာသီ စဆင်းတဲ့နေ့ နောက် ၁၁ ရက်အထိ ကိုယ်ဝန်မရနိုင်ဘူး။
• မ-မျိုးဥထွက်ပြီးနောက် စိတ်ချရတဲ့ရက်သိအောင် ၃ဝ ထဲကနေ ၁ဝ နုတ်ရမယ်။ ၃ဝ - ၁ဝ = ၂၆ ရတယ်။ ရာသီစဆင်းတဲ့နေ့ ၂၆ ရက်ကစပြီး ကိုယ်ဝန်မရနိုင်ဘူး။ ဒိနောက်မှာ ရာသီလာမယ်။ လာနေတုံးလဲ မရနိုင်ဘူး။
• စိတ်မချရမှု ၉% ရှိတယ်။

ရက်ရှောင်ပြီး သားဆက်ခြားနည်းဟာ အကုန်အကျ အနည်းဆုံးဖြစ်တယ်။ Sexual act လိင်ဆက်ဆံမှုနဲ့ Orgasm ဆန္ဓပြည့်ဝမှုကို အနှောင့်အယှက် မဖြစ်စေသလို၊ ဘေးထွက်-ဆိုးကျိုးလဲ မရှိပါ။ ဒါပေမဲ့ မတော်တဆ ကိုယ်ဝန် ရနိုင်နှုန်းက အမြင့်ဆုံး ဖြစ်တယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ် မပေးနိုင်လို့ Condom (ကွန်ဒွမ်) လဲသုံးပါ။

သုတေသနရလဒ်တွေ -
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံး ရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း၊ သုက်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးဘဲဆက်ဆံသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

Dr. တင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...