Infertility ကလေးမရနိုင်သေးခြင်း


“သာဝတ္တိပြည်တွင် သူကြွယ်လင်မယား ရှိကြ၏။ သူကြွယ် ယောက်ျားကား စေတနာသဒ္ဓါတရားနှင့် ပြည့်စုံသလောက် သူကြွယ်၏။ ဇနီးကား စေတနာ သဒ္ဓါတရားမရှိ၊ မာန်မာနကြီး၏ အမျက်မာန်စောင်းကြီး၍ ဣသာမစ္ဆရိယစိတ်များ၏။ ထိုမယားကား သားသမီးလည်းမထွန်းကား၊ ‘အမြုံမ’ ဖြစ်၏။”

လူတယောက်မှာ ဆီးချိုရှိနေတာ၊ (လူကီးမီးယား) ဖြစ်နေတာတွေ့ရင် ဘယ်သူ့သွား အပြစ်တင်မလဲ။ အတူတူပါဘဲ၊ စုံတွဲတတွဲ ကလေးမရတာကိုလဲ အပြစ်တင်လို့မရပါ။ ဗမာတွေက ‘အမြုံမ’ လို့ခေါ်တာ သိပ်နှိမ်လွန်းရာကျတယ်။ သူများတွေဆီမှာတော့ (စပေ့စ်) ထဲက ဂြိုဟ်သားနဲ့ မိတ်ဖက်ပြီး၊ ဆူပါကလေးမွေးတဲ့ ရုပ်ရှင်ကားတွေ ပေါ်ပြူလာ ဖြစ်နေတယ်။ လူနဲ့မှ ကလေးမရရင် ဒါလုပ်မယ်လို့ သင်ပေးရာကျနေတယ်။ လူနဲ့ဘဲကလေးရစေဘို့ရာ ဒီစာကလေး ရေးပါတယ်။

တကမ္ဘာလုံးမှာ ကျား-မ ၇ တွဲရှိရင်၊ ၁ တွဲက၊ ကလေးမရဖြစ်နေတယ်လို့ ခန့်မှန်းပါတယ်။ မျိုးပွါးပညာ အထူးကု ဆရာဝန်များကတော့ ၃၄ နှစ် အောက် အမျိုးသမီးများ၊ ၁၂ လတိတိ၊ ပဋိသန္ဓေတားနည်း တခုမှ မသုံးဘဲ၊ ၆ အထိ အတူနေလို့မှ ကိုယ်ဝန်မဆောင်နိုင်တာကို ကလေးမရနိုင်ခြင်းလို့ သတ်မှတ်ပါသတဲ့။ ကလေးရနိုင်စွမ်း နည်းတာ၊ အစကတည်းက ကလေးမရဖြစ်တောနဲ့ နောက်ကျမှ ကလေးမရဖြစ်လာတာဆိုတဲ့ အမျိုးအစားခွဲတွေလဲ ရှိသေးတယ်။

အပျိုဖေါ်ဝင်ကတည်းကစပြီး၊ သွေးမဆုံးမချင်း အမျိုးသမီးတိုင်းဟာ လူ့မျိုးဆက်ပြန့်ပွါးဘို့ ဖြစ်နိုင်ရပါတယ်။ ရာသီလ အလည်ရက်မှာ မျိုးဥအိမ်ကနေ မျိုးပွါးစေနိုင်တဲ့ မ-မျိုးဥ ၁ ဥ ထွက်ပေးနေတယ်။ အဲဒီ သန်စွမ်းတဲ့ ဥနဲ့ ကျန်းမာတဲ့ ကျား-သုတ်ပိုး အကောင်း ၁ ခု ထိတွေ့ရ၊ ပေါင်းစပ်ကြရရင် ကိုယ်ဝန်ရစေပါတယ်။

အမျိုးသမီးများ အသက်ကြီးတာနဲ့ ကလေးရနိုင်စွမ်း နည်းလာတယ်ဆိုတာ ဆရာဝန်မဟုတ်လဲ သိကြတယ်။ ယောက်ျားတွေလဲ အိုလာရင် ကလေးရဘို့လမ်း နည်းလာတာပါဘဲ။ အသက်အပြင် ဘာ့လို့ ကလေးမရကြသလဲ။
• ခင်ပွန်းဘက်က ချို့ယွင်းချက် ၂ဝ%၊
• ဇနီးဘက်က ၄ဝ-၅ဝ%၊
• နှစ်ယောက်လုံးနဲ့ ဆိုင်တာ ၃ဝ-၄ဝ% အပြင်
• ရှင်းမပြနိုင်တဲ့ အခြေအနေတွေကလဲ ၁၅% ရှိပါတယ်။

ကျားသုတ်ပိုး အရေအတွက် နည်းတာနဲ့ (အင်ဒိုမီထရီယိုးဆစ်) ဆိုတဲ့ သားအိမ်ရောဂါ၊ သားအိမ်ပြွန်မှာ ပြဿနာ ရှိတာတွေက အများဆုံး တရားခံတွေပါ။ မျိုးဗီဇကိုလဲ ထည့်သွင်း စဉ်းစားရပါတယ်။ ဖအေရဲ့ DNA မှာ Y ခရိုမိုဖုန်း ချို့ယွင်းချက်ရှိရင် သားကိုပါအမွေပေးတယ်။ ဆီးချို၊ လည်ပင်ကြီး၊ (အဒြီနယ်) နဲ့ (ဟိုက်ပိုပစ်ကျူထရီ) ဆိုတဲ့ ဟော်မုန်းထွက်တဲ့ (ဂလင်း) တွေမှာ ရောဂါရှိတာလဲပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကိုပါ စဉ်းစားတယ်။ ဂျာမန်ဆရာဝန် တွေကတော့ (ဗိုင်းရပ်စ်) တမျိုးကို လက်ညှိုးထိုးပါတယ်။

ဒီရောဂါကုဘို့ ဆရာဝန်တွေက အပြစ်ရှာတာနဲ့ စရတယ်။ ယောက်ျားကို အပြစ်ရှာရရင် သုတ်ပိုးနည်းတာ၊ ပုံမမှန်တာ၊ သုတ်ရည်က နောက်ပြန်ထွက်တာ၊ သုတ်ရည်လမ်း ပိတ်နေတာ၊ (ဗေရီကိုဆီး) အကြောထုံးရောဂါ၊ (တက်စတိုစတီရုန်း) ကျားဟော်မုန်းနည်းတာ၊ မျိုးဗီဇ ချွတ်ယွင်းတာ၊ ရောဂါပိုးဝင်တာ၊ မွေးကတည်းက ကျားအစေ့ အောက်မကျဘဲရှိနေတာ၊ (ဟိုက်ပိုပီဒီယေးဆစ်) ဆီးထွက်ပေါက် မွေးရာပါ နေရာမမှန်တာ၊ (ဆစ်စ်တစ်ဖိုက်ဘရိုးဆစ်) ရောဂါရှိတာ၊ စိတ်သောက များတာ၊ အာဟာရနည်းလွန်းတာ၊ အဝလွန်တာ၊ ကင်ဆာ ဖြစ်တာနဲ့ ကုသမှုခံနေတာ၊ ဇိုးသမား၊ ဆေးသမား၊ အဖိုးကြီးများ ပါတယ်။

အမျိုးသမီးများမှာ အပြစ်ရှာရရင်၊ သားအိမ်ပြွန် ပိတ်နေတာနဲ့ မကောင်းတာ၊ အကုရခက်တဲ့ (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ၊ ခွဲထုတ်လို့လွယ်တဲ့ (ဖိုက်ဘရွိုက်) သားအိမ်အလုံးရှိတာ၊ မျိုးဥအိမ်ရောဂါ၊ (ဟိုက်ပါပရိုလက်တီနီးမီးယား) (ပိုလီဆစ်စတစ် အိုဗေးရီးယန်း ဆင်ဒရုမ်း) ရောဂါတွေ၊ သွေးဆုံးချိန်စောတာ၊ အဖြူဆင်းပြီး ဆီးစပ်နာရာကနေ တင်ပဆုံတွင်းရောဂါ၊ လည်ပင်ကြီးရောဂါ၊ ကင်ဆာဖြစ်တာနဲ့ ကုသမှုခံနေရတာ၊ အသက်ကြီးသွားတာ၊ ကော်ဖီ၊ အရက်၊ ဆေးလိပ်သောက်တာ၊ စည်ပိုင်းလို အဝလွန်တာနဲ့ ငါးဖေါင်ရိုးခြောက်လို ပိန်တာတွေ ပါတယ်။

အပြစ်ရှာပြီးပါပြီ၊ ကုဘို့ ကြိုးစားပါမယ်။ ကုသနည်းတွေထဲမှာ ဆေးပေးနည်း၊ ကရိယာသုံးနည်း၊ ခွဲစိတ်နည်းတွေရှိတယ်။ လိုအပ်ရင် နည်းတခုမက တွဲလုပ်ပေးရတယ်။ ၂ဝဝ၇ ခုနှစ်မျာ FDA အတည်ပြုပေးတဲ့ (ကွန်ဆက်ပရှင်း) ကိရိယာဆိုတာက ခင်ပွန်းရဲ့ သုတ်ပိုးအားလုံး ဇနီးရဲ့ သားအိမ်အဝထဲ အကုန်အစင် ဝင်စေအောင် ကူပေးနည်းပါ။ အိမ်မှာတင် ကိုယ့်ဖါသာ လုပ်ရတာမို့ အပန်းမကြီးပါ။

ဆရာဝန်ပါမှရတာ လာပါမယ်။ ကျားသုတ်ရည် အပြင်က ထည့်ပေးခြင်းနည်း သုက်ရည် အပြင်ကနေထည့်ပေးခြင်း ဆိုတာက ၁၉၇ဝ ကတည်းက စတယ်။ (ICI) နဲ့ (IUI) ၂ နည်းရှိတယ်။ (IUI) ကပို ခေတ်စားတယ်။ 5% to 25% အောင်မြင်လမ်းရှိတယ်။ အကူညီပေးတဲ့ဆေးပါ တွဲပေးရင် အခွင့်အလမ်း ပိုများတယ်။ ဆေးတွေကတော့ Progesterone, Gonadotropins, GnRH Agonists, GnRH Antagonists, Clomiphene Citrate, Human Menopausal Gonadotropin ဆိုတာတွေပါ။ ဒီနည်းမှာ ခင်ပွန်းရဲ့သုတ်ရည်ကိုသာ သုံးပါတယ်။

သုက်ရည် အပြင်ကနေထည့်ပေးခြင်းဆိုတာက ခင်ပွန်းမဟုတ်သူ အလှူရှင်ဆီက သုတ်ပိုးကို ထည့်ပေးနည်းပါ။ အသက် ၁၈-၃၅ နှစ်အတွင်း၊ အားကောင်း၊ မောင်းသန်၊ အမျိုးမျိုး ဆေးစစ်တာ အောင်သူတွေ၊ ခေတ်သစ် အလှူရှင် ဖြစ်နိုင်တယ်။ ဝေဿန္တရာမင်းကြီး မလုပ်နိုင်ခဲ့တဲ့ ဒါနပါရမီပေါ့။ (ICSI) ကတော့ ပိုပြီး လက်ဝင်သလို၊ အကုန်အကျလဲ များတယ်။ အနုကြည့်မှန်ဘီလူး သုံးပြီး၊ တခုတည်းသော ကျားသုတ်ပိုးကို မ-မျိုးဥ အတွင်းထဲ ထိုးထည့်ပေး။ ပြီးတော့ သားအိမ်ထဲ ပြန်ထည့်ပေးတယ်။ အမျိုးသမီးကို ဆေးပေး၊ ကျန်းမာသန်စွမ်းတဲ့ မျိုးဥ ထွက်စေအောင်လုပ်ပြီး၊ ဗဂျိုင်းနားကနေ (အာလ်ထွာဆောင်း) ရိုက်နည်း သုံးရတယ်။ ကျားသုတ်ပိုးကိုလဲ အမှုံအမွှားတွေနဲ့ ခွဲထုတ်ဘို့ ဗဟိုခွါးအားစက်သုံးတာ လုပ်ပေးရသေးတယ်။ အင်မတန်တော်တဲ့ ပန်းတိမ်ဆရာလို အနုစိတ်ပညာရှင်က ဖန်အပ်ဆိုတာ သုံးရတယ်။

မျိုးပွါး အထောက်အကူပြုနည်း ဆိုတာရှိပါတယ်။ ဆေးကူပေးတာပါ။ လိုအပ်ရင် (IVF) ဆိုတဲ့ သားအိမ်ပြင်ပနည်းကိုပါ တွဲလုပ်တယ်။ (IVF) ကို ထပ်ချဲ့ လုပ်ပေးနည်းတွေကတော့ (OCR, AZH, ICSI, ZIFT) နဲ့ (PGD, GIFT, SSR) အမျိုးမျိုး ရှိတယ်။ အရင်ဆုံး မ-မျိုးဥ ထွက်လာအောင် ဆွပေးရတယ်။ ထွက်လာတဲ့ ဥကို ထုတ်ယူ၊ ဓါတ်ခွဲခမ်းထဲမှာ ကျားသုတ်ပိုးနဲ့ ပေါင်စပ်ခိုင်းပြီး၊ ၄ဝ နာရီ စောင့်၊ နောက် ပေါင်းစပ်ပြီးတဲ့ ဥကို သားအိမ်ထဲ ထည့်ပေးတယ်။ မဒီဒေဝီလို ပါရမီဖြည့်မဲ့ သားအိမ်အငှားလုပ်သူကိုလဲ သုံးနိုင်တယ်။ AIDS ရှိသူတွေ မွေးလာမဲ့ ကလေးကို မကူးအောင်လဲ ဒီနည်း သုံးတယ်။ သန္ဓေပြောင်းပေးခြင်းလို့ခေါ်တယ်။ ၁၉၇၈ ကတည်းက စသုံးပါတယ်။ ၂ဝဝ၆ အကုန်အထိ US မှာ ဒီနည်းနဲ့ မွေးတဲ့ ကလေးပေါင်း ၅ သိန်းရှိပြီတဲ့။

၂ဝဝ၂ တုံးက IVF နည်း လုပ်ပြီးနောက်၊ အပ်စိုက်နည်းနဲ့ ကူပေးတာလဲ ပိုကောင်းစေတယ်လို့ ဆိုတယ်။ (ဖလုတ်တေးရှင်း) နည်း ဆိုတာက ကမ္ဘာ့ဆွဲအား မဲ့အောင် ဖန်တီးပြီး၊ စိတ်တင်းအား လျော့စေတဲ့နည်း။ ၂ဝဝ၄ ခုနှစ်မှာ မ-မျိုးပွါးလမ်းမှာ တွယ်ကပ်နေတာ မှန်သမျှ ဖယ်ရှင်း ထုတ်ပေးပြီး၊ သဘာဝအတိုင်း သန္ဓေရစေအာင်လုပ်နည်း။ ၂ဝဝ၉ ခုနှစ်မှာ ပေါ်တဲ့ နည်းသစ်တခုကတော့ ဟော်မုန်-အင်တီအောက်ဆီးဒင့် တွဲပေးနည်းခေါ်တယ်။ ကျားသုတ်ပိုးကို ပိုများအောင်နဲ့ ပိုလှုတ်ရှားမှု ရှိအောင် လုပ်ပေးနည်း ဖြစ်ပါတယ်။



သဘာဝမဟုတ်ဘဲ ကလေးရအောင်လုပ်ရတာမှာ ကျင့်ဝတ်ပိုင်းကိုလည်း ထည့်တွက်ရမှာပါ။ အောင်မြင်တာ မအောင်မြင်တာ နောက်ထား စမ်းသပ်မှုတွေ လုပ်ရတာကိုက ကုန်ကျစရိတ် အလွန်မတန် ကြီးတယ်။ သူတို့ဆီမှာ ၁၂၄ဝဝ ဒေါ်လာ ကုန်ကျတယ်။ အပြင်မှာ တည်အောင် လုပ်ပေးတဲ့သန္ဓေကို ဥပဒေအရလဲ စကားပြောစရာတွေ ရှိသလို၊ ဘာသာ အမျိုးမျိုးတွေကနေ တမျိုးတမျိုး ဆိုကြတယ်။

စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကလဲ အတော်ကြီးမားလှတယ်။ ကလေးမရလေ၊ ရချင်လေစိတ်က တနေ့တခြား၊ ပြင်းပြလာတယ်။ အိမ်ထောင်ကွဲရတာလဲ မနည်းဘူး။ ဇနီးဘက်က ချို့ယွင်းတာ သေခြာသိလို့ နောက်အိမ်ထောင် ပြုသွားတဲ့ ယောက်ျားကို အပြစ်တင်ရမှာလား။ မတင်သင့်ဘူးလား။ စောစောက ဖေါ်ပြခဲ့တဲ့ပုံပြင်မှာ “သူကြွယ်သည် အနွယ်ကို လိုသဖြင့် မျိုးဆက်မပြတ်ရန်အလို့ငှာ အမျိုးနွယ်တူသည့် အမျိုးသမီးတစ်ဦးကို လက်ထပ်ယူလိုက်သည်။”

ဘေးထွက်ဆိုးကျိုးတွေလဲ ရှိပါတယ်။ မလုပ်စေချင်လို့တော့ မဟုတ်ပါ သိထားဘို့လိုလို့ အကုန်အစင် ရေးရရင် - ကလေး တယောက်မကဖြစ်ခြင်း၊ မ-မျိုးဥအိမ် အလွန်လှုံ့ဆော် ဆင်ဒရုမ်း ရောဂါတမျိုးရခြင်း၊ သွေးယိုခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အလေးချိန်နည်းတဲ့ကလေး မွေးခြင်း၊ ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါခြင်း။

သိပ်မကြာသေးပါဘူး။ Fertility tourism ဆိုတဲ့ဝေါဟာရ ပေါ်လာရတယ်။ ကလေးရဘို့ ခရီးသွားရတာတဲ့။ ကျွန်တော်တို့ တိုင်းပြည်မှာ ကြာပြီလို့ ကြွားချင်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ထုတ်ဝေသူ စွယ်စုံရ “ဝင်းဦး” ကို ငယ်သူတွေ သိချင်မှ သိကြမယ်။ သူ့ခေတ်မှာတော့ တယောက်ဆို တယောက်ပါ။ “ပရက်စလေ” ခေတ်ကပေါ့။ သူရေးတဲ့ ဝတ္တုရှည်တပုဒ်ရှိတယ်။ ဇာတ်လိုက်မင်းသား သြစတေးလျ သွားပြီး၊ (မဲလ်ဘွမ်း) မှာနေတဲ့ အင်မတန်ချောလှတဲ့ အမျိုးသမီးနဲ့ “တညတာ” ကြုံရဆုံရတယ်။ တညပြီးတဲ့နောက် ဆက်ဆံရေး ကန့်လန့်ကာ အပြီးချလိုက်လို့ မင်းသားခမြာ လွမ်းရဆွေးရတာပေါ့။ လွမ်းခန်းကောင်းနေတုံး၊ မင်းသမီးက အိမ်ထောင်သည် ဆိုတာကို ဖေါ်ပြလိုက်တယ်။ အိမ်ထောင်သက် ကြာပေမဲ့၊ ကလေးမရဘူးတဲ့။ ကျေကွဲရမှာလား၊ ကျေနပ်ရမှာလားမသိပါ။ ဇာတ်လမ်း အဆုံးမှာ မင်းသားနဲ့ တညတာ ဖူးဇာဆုံအပြီး၊ ဇာတ်လိုက်သမီးက သားလေးတယောက် ထွန်းပေါက်ပါသတဲ့။

ဖတ်စရာစာတွေ
• Infertility ကလေးမရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
• Infertility Q and A ကလေးမရနိုင်သေးခြင်း အမေးအဖြေများ http://dts-medicaleducation-adult.blogspot.in/2014/02/infertility-q-and.html
• Semen Leakage (1) သုက်ရည်ထွက်ကျခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/semen-leakage.html
• Semen Leakage (2) သုက်ရည်ထွက်ကျခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/why-semen-comes-out-of-vagina.html
• Fertomid 50 mg မျိုးဥကျွေဆေး http://dts-medicaleducation-adult.blogspot.in/2012/11/fertomid-50-mg.html
• Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး http://dts-medicaleducation-adult.blogspot.in/2012/05/clomiphene-citrate.html
• IUI and IUTPI ကိုယ်ဝန်ကို အပြင်ကနေရအောင် လုပ်ပေးနည်း (၂) မျိုး http://dts-medicaleducation-adult.blogspot.in/2013/09/iui-and-iutpi.html
IUI နည်းနဲ့ ကလေးရစေခြင်း http://dts-medicaleducation-adult.blogspot.in/2013/07/iui.html


Dr. တင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...