Infertility Q and A ကလေးမရနိုင်သေးခြင်း အမေးအဖြေများ


ကိုယ်ဝန် မရစေတဲ့ အကြောင်းတွေမှာ ၃ ပုံ ၁ ပုံက အမျိုးသား၊ နောက် ၃ ပုံ ၁ ပုံက အမျိုးသမီးနဲ့ ကျန် ၃ ပုံ ၁ ပုံက နှစ်ယောက်လုံးနဲ့ ဆိုင်တာ တွေ့ရတယ်။ ကလေးမရ ဖြစ်ကြရတဲ့ အဓိကအကြောင်းရပ် ၃ ခု ရှိတယ်။ ၈ဝ% စုံတွဲတွေမှာ တွေ့ရရမှာက -
၁။ အမျိုးသမီးက လစဉ် မျိုးဥထွက်တာ၊
၂။ အမျိုးသား သုက်ပိုး ပြဿနာ နဲ့
၃။ အမျိုးသမီး သားအိမ်ပြွန် ပြဿနာတွေ ဖြစ်တယ်။
၎။ ဒါတွေအပြင် သားအိမ်အဝ၊ မျိုးဥအိမ် နဲ့ ရောဂါပြီး-စနစ်တွေကိုပါ လေ့လာနေကြတယ်။

မျိုးဥထွက်ခြင်း
သန္ဓေရတာရဲ့အခြေခံဟာ မမျိုးဥ နဲ့ ကျားသုက်ပိုး တွေ့ကြဘို့ ဖြစ်တယ်။ ကလေးမရနိုင်သေးသူတွေ အလွယ်ဆုံး စလုပ်နိုင်တာက မျိုးထွက်-မထွက်သိဘို့ဖြစ်တယ်။ အိမ်မှာတင်ကိုယ်တိုင်စမ်းနိုင်တယ်။ မျိုးဥထွက်စေတဲ့ဆေးကိုလဲ ဝယ်သောက်နိုင်သေးတယ်။ မျိုးဥဆိုတာ ရာသီလတလရဲ့ အလည်ရက်မှာ တလမှာ တခါ၊ တခါမှာ တဥသာ ထွက်တယ်။ ၂၈ ရက်တခါ ရာသီလာသူက ၁၄ ရက်၊ ၃ဝ ရက်တခါဆိုရင် ၁၅ ရက်မှာ ထွက်လိမ့်မယ်။ မျိုးဥထွက်မဲ့ ရက်ရဲ့ရှေ့ ၄-၆ ရက်မှာ ဆက်ဆံတာက ကိုယ်ဝန်ရဘို့ အဖြစ်နိုင်ဆုံးရက်တွေ ဖြစ်တယ်။ (စာသပ်သပ်ရေးထားပါတယ်။)

သုတေသနအရ တိတိကျကျ ပြောရရင် -
• ၃ဝ% သော အမျိုးသမီးတွေက အဲဒီ လလယ်ရက် အတိအကျမှာ မျိုးဥ ထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံး ရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း သုက်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

အတူနေနည်း
ကျားအင်္ဂါက (ဗဂျိုင်းနား) အတွင်းထဲ ရောက်နိုင်သမျှ ရောက်နေရင်း သုက်ထွက်စေတာ ကောင်းတယ်။ ဆက်ဆံပြီးတာနဲ့ မိနစ် ၁၅-၂ဝ လက်လက် အနေအထား၊ တင်ပါး အောက်မှာ အခုအခံတခုတားပြီး ဆက်လှဲနေပါ။ ခြေထောက်ကိုလဲ ပက်လက်အနေအထားမှာ ခေါင်းဖက်ဆီ ထားနိုင်အောင် ပြုပြင်ထားပါ။ ဆက်ဆံနေတုံးမှာလဲ တင်ပါးအောက်မှာ အခုအခံ ထားသင့်တယ်။ ဒီနည်းကို သိပ်မထူးဘူးလို့ ပြောသူကတော့ ပြောပါတယ်။

ကိုယ်ဝန်ရစေဘို့ ဆက်ဆံနည်းလမ်းများ
• (ကွန်ဒွမ်) မသုံးပါနဲ့။
• စိတ်မလောပါနဲ့၊ စိတ်မစောပါနဲ့၊ အချိန်ယူပါ။
• လိင်စိတ်တိုးဆေးတွေ၊ အစာတွေကို အားမကိုးပါနဲ့။ လိင်စိတ်များတာ၊ သန်တာနဲ့တော့ ကလေးမရပါ။
• ကလေးရအောင် ရက်ရွေးပြီးသာ ဆက်ဆံတာလဲ အားမကိုးပါနဲ့ ပုံမှန် လင်-မယားတွေလိုသာ ပြုမူ-ဆက်ဆံပါ။
• မရရအောင် ခဏခဏဆက်ဆံမယ်လို့လဲ စိတ်မကူးပါနဲ့။ သုက်ပိုးနည်းနေသူဖြစ်နေရင် မကောင်းပါ။
• စိတ်နည်းပါစေ ရက်ကောင်းတယ်လို့ သတ်မှတ်ထားပြီးရင် ဆက်ဆံပါလေ။
• စိတ်တင်းအားတွေ လျှော့ချလိုက်ပါ။
• ဆက်ဆံတယ်ဆိုတာ တာဝန်အရလုပ်ရတာမျိုး မဖြစ်သင့်ပါ။ ပြင်ပြင်ဆင်ဆင် ကြိုတင်ဆောင်ရွက်စရာတွေလဲ လုပ်ဘို့ မမေ့ပါနဲ့။
• ချောမွေ့အရည်-ဆီ သုံးစရာလိုရင် Preseed ဆိုတဲ့ အမျိုးအစားကလွဲရင် မသုံးပါနဲ့။ သုက်ပိုးသတ်ဆေး ပါတတ်တယ်။
• မျိုးဥထွက်ချိန် ရက်တွေ ရွေးထားပါ။ အသုံးပြုတာက လက်တွေ့ကျပါတယ်။
• ဖြစ်နိုင်ရင် နှစယောက်လုံး ကျေနပ်အားရမှု ဖြစ်စေအောင်လဲ ကြိုးစားပါ။
• ဆက်ဆံတဲ့အနေအထား ရွေးတတ်ပါ။ မိန်းမ-အထက်ကနေနည်း နည်းလဲပါတယ်။
• သုက်ပိုးက ကျားအင်္ဂါကနေထွက်ပြီးနောက် ၄၈-၇၂ နာရီအထိ ရှင်နေနိုင်တယ်။ ဒါ့ကြောင့် မျိုးဥထွက်တာနဲ့ အတိအကျ တွေ့စေရအောင် နေ့တိုင်း ဆက်ဆံနေသင့်တယ် ဆိုတာလဲ မဟုတ်ပါ။ ဒီရက်ကိုမှ မဆက်ဆံမိရင် မရနိုင်ဘူး ဆိုတာလဲ မမှန်ပါ။

သုက်ရည်ပြန်ထွက်ခြင်း
ဆက်ဆံပြီးချိန် သုက်ရည်အပြင်ထွက်တိုင်း ကလေးမရစေတဲ့ အကြောင်းမှန်လို့ အသေအခြာ မပြောနိုင်ပါ။ (ဗဂျိုင်းနား) အဝကနေထွက်တာတိုင်းလဲ သုက်ရည် ဟုတ်ချင်မှ ဟုတ်မယ်။ အမျိုးသမီးက ထွက်တဲ့ အရည်လဲ ဖြစ်နိုင်သေးတယ်။ ဆက်ဆံပြီးချိန် ထွက်တဲ့ အရည်မှာ ၅% သာ သုက်ရည်ဖြစ်ပြီး၊ ၉၅% က တခြားအရည် ဖြစ်တယ်။ ပိုတဲ့ ပုံမှန်သုက်ရည် လျှံထွက်တာလဲ ရှိနိုင်တယ်။ မကောင်းတဲ့-မလိုတဲ့ ခပ်ညံ့ညံ့တွေ၊ ခပ်လေးလေး သုက်တွေ ထွက်တာလို့ ပြောသူတွေက ပြောတယ်။ သန်စွမ်း-မြန်ဆန်တဲ့ သုက်တွေက အထဲကို ဝင်သွားတယ်တဲ့။ သုက်ရည်အပြင်ထွက်တဲ့စာ မဖတ်ရသေးရင် ဖတ်ပါ။ လိုက်နာပါ။

သားအိမ်အနေအထား
အမျိုးသမီးတယောက် ပက်လက်အိပ်နေတာကို ဘေးတိုက်ကြည့်ရင် မွေးလမ်းအဝကနေ အတွင်းထဲ ဆက်သွားတဲ့ ပြွန်လိုလမ်းကြောင်း (ဗဂျိုင်းနား) ဟာ အောက်ဖက်ဆီကို ဦးတည်နေတယ်။ (ဗဂျိုင်းနား) အဆုံးမှာ သားအိမ်ဝရှိတယ်။ သားအိမ်ဝနဲ့ တဆက်တည်းက သားအိမ်။ သားအိမ်လည်ပင်းပိုင်းနဲ့ ကိုယ်ထည်က တဖြောင့်တည်းမဟုတ်ဘဲ ဒေါင့်ချိုးရှိတယ်။ ပိုများများမှာတော့ AV ဒေါင့်ချိုးဟာ အထက်ဖက်ဆီ သွားကြတယ်။ (RV) သားအိမ်က နောက်ပြန် ဖြစ်နေတာနဲ့ ကလေးမရစေတာ မဟုတ်ပါ။ ၅ ယောက်မှာ ၁ ယောက်က အဲလိုဖြစ်နေကြတာပါ။ နှစ်မျိုးလုံးကနေ ကိုယ်ဝန် ရစေပါတယ်။ ကလေးရဘို့ခက်-မခက်ကို လေ့လာမှုတွေအရ RV နောက်ပြန်ဖြစ်နေသူတွေမှာ နည်းနိုင်တယ်လို့တော့ ဆိုပါတယ်။ ကလေးမရစေဘူးပြောတာ မဟုတ်ပါ။ ဆရာ့ဆေးခန်းလေး RV နဲ့လာမွေးသူတွေ မနည်းရှိပါတယ်။ AV ထဲကလဲ ကလေးမရနိုင်သေးသူတွေ တပုံတပင်ရှိတယ်။

RV ဖြစ်ဖြစ် AV ဖြစ်ဖြစ် အမျိုးသမီးဟာ ပက်လက်အနေအထားနေချိန်မယ် သုက်ရည်ကို ဗဂျိုင်းနားအဝ နေရာမှာသာ စွန့်ထုတ်တယ်ဆိုရင်တောင်မှ အောက်ဖက်ဆီကို ဆင်းဝင်စေနိုင်တယ်။ RV ဖြစ်နေသူ ပက်လက်အနေအထားမှာ သုက်ရည်ကို ဗဂျိုင်းနားအတွင်းနက်ဆုံးနေရာမှာ စွန့်ထုတ်တယ်ဆိုရင်လဲ ဖိုနဲ့မ ဆွဲအားသဘောအရ အလွယ်တကူ ဝင်လာစေမယ်လို့လဲ ယူဆတယ်။ AV မှာ သုက်ရည်ကို ဗဂျိုင်းနားအတွင်းနက်ဆုံးနေရာမှာ စွန့်ထုတ်တယ်ဆိုရင် ဖိုနဲ့မ ဆွဲအားသဘောအပြင် ကမ္ဘာဆွဲအား သဘောနဲ့ (ဂဲသြမေထရီ) သဘောတရားတွေအရ ပိုလို့တောင် လွယ်စရာအကြောင်း ရှိမယ်လို့ ယူဆနိုင်တယ်။ သုက်လွှတ်ချိန်မှာ RV ဖြစ်နေသူ အမျိုးသမီးရဲ့ တင်ပါးအောက်မှာ ခပ်နိမ့်နိမ့် အခုအခံလေး ထားပါ။ ခါးက တင်ပါးရဲ့ အောက်မှာရောက်နေပါစေ။ အတူနေခြင်း အဆုံးသတ်ပြီးချိန်မှာ ပက်လက် ဆက်နေပါ။ ဆေးကြောတာကို ချက်ချင်းမလုပ်ပါနဲ့။ စိတ်ထဲမှာ သန်စွမ်းလှတဲ့သုက်ပိုးတွေဟာ ကူးခတ်ပြီး အတွင်းထဲကို ဝင်နေကြတယ်လို့ ခိုင်မာတဲ့ စိတ်ကူးထားပေးပါ။

ဆေစစ်ခြင်း
လိုအပ်လာရင်တော့ မျိုးပွါးအထူးကုဆရာဝန်ဆီသွားပါ။ ဒါတွေ လုပ်ပါလိမ့်မယ်။
1. ယောက်ျား-သုက်ပိုး စစ်ဆေးခြင်း၊
2. အမျိုးသမီးသွေးစစ်ခြင်း၊ ရာသီရက် ၃ မှာ FSH, LH, PRL and TSH လုပ်မယ်။
3. ရာသီရင် ၈ မှာ Hysterosalpingogram, X-ray of the uterus and tubes လုပ်မယ်။
4. ရာသီရက် ၁ဝ-၁၃ မှာ Vaginal ultrasound scan လုပ်မယ်။

တခြားနည်းတွေ
မရသေးရင် (IVF) ဆိုတဲ့ ခန္ဓာကိုယ်အပြင်မှာ မ-မျိုးဥနဲ့ ကျား-သုက်ပိုး ပေါင်းစပ်စေပြီး၊ သားအိမ်ထဲ ထည့်ပေးနည်း လုပ်ရတော့မယ်။ ဒီနည်းကို စပယ်ရှယ်လုပ်တဲ့ ဆေးရုံတွေက IVF လုပ်ဘို့ တခြားနိုင်ငံကနေလာရင် သူတို့ တိုင်းပြည်မှာ ရက် ၂ဝ ကြာနေရမယ်၊ ဆေးခန်းကို ၄-၇ ခါလာရမယ် ပြောတယ်။ (စာသပ်သပ်ရေးထားပါတယ်။)

အကြံပေးချက်
ဗီတာမင်တွေနဲ့ သဘာဝ သုက်ပိုးအားပေး အစာတွေ စားသုံးနိုင်ပါတယ်။ သွပ်ဓါတ်နဲ့ ဖေါလစ်အက်စစ်ပါအားဆေးက သုက်ပိုးအရည်အသွေးကို အထောက်အကူ ပြုစေတယ်။ (မာစတာဘေးရှင်း) နဲ့ ကလေးမရနိုင်တာ မဆိုင်ပါ။ ကလေးမရတာ မျိုးရိုးလိုက်တယ်လို့ထင်ခဲ့တာ မှားပါတယ်။ စိတ်တင်းအားများနေလို့ ကလေးမရဘူးဆိုတာလဲ မမှန်ပါ။ လိင်စိတ် သန်-မှန်နေယုံနဲ့ ကလေးရစေမယ်ဆိုတာ မမှန်ပါ။ လိင်စိတ် နည်းနေတာနဲ့လဲ မဆိုင်ပြန်ပါ။ စစ်တာဆေးတာတွေ အားလုံး ကောင်းနေပေမဲ့လဲ ရှင်းမပြနိုင်တဲ့ ကလေးမရနိုင်သေးတာ ရှိတယ်။ ကလေးမရသေးလို့ တယောက်ယောက်၊ နှစ်ယောက်လုံးကို အပြစ်တင်-ထင် မနေသင့်ပါ။ တရားစာရွတ်တာဟာ တိုက်ရိုက် အထောက်အကူ ပြုတာကို သက်သေမပြနိုင်ပေမဲ့ အပြုသဘောဆောင်တယ်ဆိုတာ ကောင်းပါတယ်။

ဖတ်စရာစာတွေ
• Infertility ကလေးမရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
• Infertility Q and A ကလေးမရနိုင်သေးခြင်း အမေးအဖြေများ http://dts-medicaleducation-adult.blogspot.in/2014/02/infertility-q-and.html
• Semen Leakage (1) သုက်ရည်ထွက်ကျခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/semen-leakage.html
• Semen Leakage (2) သုက်ရည်ထွက်ကျခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/why-semen-comes-out-of-vagina.html
• Fertomid 50 mg မျိုးဥကျွေဆေး http://dts-medicaleducation-adult.blogspot.in/2012/11/fertomid-50-mg.html
• Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး http://dts-medicaleducation-adult.blogspot.in/2012/05/clomiphene-citrate.html
• IUI and IUTPI ကိုယ်ဝန်ကို အပြင်ကနေရအောင် လုပ်ပေးနည်း (၂) မျိုး http://dts-medicaleducation-adult.blogspot.in/2013/09/iui-and-iutpi.html
IUI နည်းနဲ့ ကလေးရစေခြင်း http://dts-medicaleducation-adult.blogspot.in/2013/07/iui.html

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...