Primolut and N Penorit အမျိုးသမီးသုံးဆေးများ


(၁) ဆရာရှင့် Penorit (Norethisterone Acetate + Ethinyloestradiol) ဆိုတဲ့ ဆေးအကြောင်းနှင့် ကောင်းကျိုး၊ ဆိုးကျိုးများကို သိလိုပါသည်ရှင်။
(၂) ကျမ အသက်က ၃၂ ပါ။ အမျိုးသား အသက်က ၂၆ ပါ။ ၁ လခွဲ အထိ ရာသီမလာလို့ ကိုယ်ဝန်စစ်ကြည့်တော့လည်း မဟုတ်လို့ ဆရာဝန် ပြကြည့်တော့ Primolut N ကို မနက်တစ်လုံး ညတစ်လုံးနဲ့ ၁ဝ ရက် သောက်ခိုင်းပါတယ်။ ၁ဝ ရက် မပြည့်ခင်မှာတင် ၃-၄ ရက်လောက်
ရာသီ ကောင်းကောင်း လာပါတယ်။ အခုတော့ ရာသီလည်း ရပ်သွားပါပြီ။ ကလေး ယူလို့ ရနိုင်ပါပြီလားလို့ သိချင်တာပါ။ မျိုးဥထွက်စေတဲ့ ဆေးမျိုးတွေကော သောက်ဖို့ လိုပါသေးလားရှင်။
Penorit မှာ Norethisterone Acetate 10mg နဲ့ Ethinyloestradiol 0.02mg တွေ ပါတယ်ဆိုရင် -
၁။ မ-မျိုးဥ ထွက်မှာကို တားဆီးပေးတယ်။ နောက်ပြီး သားအိမ်အဝမှာရှိတဲ့ အကျိအချွဲကို စေးပြစ်စေတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ရမှာကို တားပေးတယ်။
၂။ နောက်ပြီး တချို့ ရာသီမလာတာအတွက်လည်း ပေးနိုင်တယ်။ မလာတာ ၈ ပါတ်အထိ ဖြစ်သူတွေကို ပေးလေ့ရှိတယ်။
၃။ Ethinyloestradiol ဆေးက Estrogen ဟော်မုန်းနည်းတဲ့ အမျိုးသမီးတွေကို ပေးတယ်။ များသောအားဖြင့် သွေးဆုံးချိန် ဖြစ်တာမျိုးအတွက် ပေးတယ်။ မျက်နှာရဲနေတာ၊ မွေးလမ်း ခြောက်တာ-ယားတာ စသဖြင့် ဖြစ်တာမျိုး။ Osteoporosis ဆိုတဲ့ အရိုးရောဂါ ကာကွယ်ဘို့လည်း ပေးတယ်။

ဆေးပြားကို ရေနည်းနည်းနဲ့ သောက်ပါ။ ၂ ရက်ဆက် သောက်ပါ။ ၃-၆-၁၅ ရက်ကြာရင် သွေးဆင်းမယ်။ ကိုယ်ဝန်ရှိနေသူကို မပေးရ၊ ကလေးနို့တိုက်နေရင် သတိနဲ့ပေးတယ်။

ဘေးထွက် ဆိုးကျိုးတွေ = ခေါင်းကိုက်၊ ဝမ်းပျက်၊ ကိုယ်အလေးချိန်ပြောင်းလဲ (ပိန်-ဝ)၊ ဆံပင်ပါး၊ ရင်သားတင်း၊ ဆိုးဝါးတဲ့ မကောင်းကျိုးတွေကတော့ သွေးပြန်ကြောရောင်၊ သွေးလွှတ်ကြောပိတ်၊ အဆုပ်သွားသွေးကြောပိတ်၊ နှလုံးသွေးကြောပိတ်၊ ဦးနှောက်သွေးကြောသွေးယို၊ ဦးနှောက်သွေးကြောပိတ်၊ သွေးတိုး၊ သည်းခြေအိတ်ရောဂါ၊ အသဲကင်ဆာ၊ အသဲကင်ဆာ မဟုတ်တဲ့အကြိတ်တွေ ဖြစ်တတ်တယ်။ တကယ်လို့ သွေးဆင်းများမယ်၊ ဖျားမယ်၊ စိတ်အနေအထားပြောင်းမယ်၊ အအိပ်ပျက်မယ်၊ မွေးလမ်းပိုးဝင်မယ် ဖြစ်ရင် ဆရာဝန်ပြပါ။ သွေးခဲ့တာပြဿနာရှိသူ၊ ဦးနှောက်-သွေးကြောရောဂါရှိသူ၊ ရင်သား-ကင်ဆာရှိသူ၊ သားအိမ်အတွင်းလွှာ-ကင်ဆာရှိသူ၊ အသဲ-ကင်ဆာရှိသူ၊ ဘာကြေင့်မှန်း မသိဘဲ သွေးဆင်းနေသူတွေကို မပေးရပါ။ Rifampin, Barbiturates, Phenylbutazone, Phenytoin sodium, Griseofulvin, Corticosteroids, Ampicillin and Tetracyclines ဆေးတွေနဲ့ တွဲပေးတာ သတိထားရတယ်။

Primolut N ဆေးထဲမှာ Norethisterone ခေါ်တဲ့ Progesterones ဟော်မုန်းတမျိုးတည်း ပါတယ်။ Estrogen မပါဘူး။ Mini-pill ကိုယ်ဝန်တားဆေး ခေါ်တယ်။ ဒီဆေး စွဲသောက်နေသူ တဝက်မှာ ရာသီလာပေမဲ့ မျိုးဥ မထွက်ဘူး။ ဟော်မုန်း ၂ မျိုးတွဲ တားဆေးထဲက Estrogen ဟော်မုန်းနဲ့ မသင့်သူတွေကို ပေးတယ်။

ဒီရောဂါတွေအတွက် ပေးတယ် -
1. ရာသီဆင်း မရပ်တာကို Primolut N တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၁ဝ ရက် ပေးတယ်။ ၁-၃ ရက်အတွင်း ကောင်မယ်။ နောက်ထပ်အဲလို မဖြစ်အောင် ၃ ပါတ်လောက် ထပ်ပေးတယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်၊ ရာသီစက်ဝန်းရဲ့ ၁၉ ရက်ကနေ ၂၆ ရက်အတွင်းမှာ ပေးတယ်။
2. မွေးကတည်းကဖြစ်ဖြစ်၊ နောက်မှဖြစ်ဖြစ် ကိုယ်ဝန် မဟုတ်ဘဲ ရာသီ ထိန်နေသူတွေကို Prolactin-producing pituitary tumour ရောဂါမရှိတာ သေခြာအောင် အရင်လုပ်ရမယ်။
• ပဌမနေ့မှာ Estradiol valerate 10 mg ထိုးဆေး ၂ လုံးထိုးတယ်။
• ၁၄ ရက်ကြာရင် Estradiol valerate 10 mg ၁ လုံးထိုးမယ်။
• ရာသီစဆင်းတဲ့နေ့နောက် ၁၉-၂၆ ရက်အတွင်းတွေမှာ တနေ့ ၂-၃ ကြိမ်ပေးမယ်။
• ၂၈ ရက်မှာ သွေးဆင်းမယ်။
• နောက်ထပ် အဲလို ၂-၃ ပါတ် ဆက်ပေးတယ်။ ရာသီစဆင်းတဲ့နေ့နောက် ၆ ရက်မြောက်နဲ့ ၁၆ ရက်မြောက် နေ့တွေမှာ Estradiol valerate 10 mg ၁ လုံးထိုးမယ်၊ ၁၉ ရက်နဲ့ ၂၆ ရက်မြောက်နေ့တွေမှာ တနေ့ ၂ ကြိမ်၊ ပေးမယ်။
• ထိုးဆေးမပါဘဲ ရာသီစဆင်းတဲ့နေ့နောက် ၁၉ ရက်ကနေ ၂၆ ရက်နေ့တွေအတွင်း တနေ့ ၂ ကြိမ်ပေးပြီးလဲ စမ်းနိုင်ပါတယ်။
3. ရာသီမလာခင် ဖြစ်တတ်တဲ့ ခေါင်းကိုက်၊ စိတ်ကျ၊ ကိုယ်ရောင်၊ ရင်သားတင်း၊ စတာတွေ သက်သာစေဘို့ ရာသီစဆင်းတဲ့နေ့နောက် ၁၉ ရက်ကနေ ၂၆ ရက်နေ့အတွင်း တနေ့ ၂-၃ ကြိမ် ပေးတယ်။
4. ရာသီလာရက်သတ်မှတ်ခြင်း၊ ဟော်မုန်း ၂ မျိုးပါ တားဆေးက ပိုသင့်တော်တယ်။ တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၁ဝ-၁၄ ရက် သောက်ပါ။ ဆေးကုန်ပြီး ၂-၃ ရက်မှာ သွေးဆင်းပါမယ်။
5. Endometriosis သားအိမ်ရောဂါတမျိုး၊ ရာသီလတခုရဲ့ ၅ ရက်မြောက်နေ့မှာ ဆေး တနေ့ ၂ ကြိမ် သောက်ပါ၊ သွေးတစက်စက်စလာရင် ၂ ပြား၊ ၂ ကြိမ် တိုးသောက်ပါ။ သွေးရပ်သွားရင် ဆေးပြန်လျှော့ပါ။ ၄-၆ လ ကြာ သောက်ရမယ်။ ဆေးကုသနေတုံးမှာ မျိုးဥလဲမထွက်ဘူး၊ ရာသီလဲမဆင်းဘူး။ ဆေးရပ်လိုက်မှ သွေးဆင်းမယ်။

ဒီရောဂါတွေအတွက် မပေးရဘူး။ ကိုယ်ဝန် ရှိနေရင်၊ နို့တိုက်နေရင်၊ သွေးခဲရောဂါ ရှိရင်၊ ဆီးချိုရှိရင်၊ အသဲမကောင်းရင်၊ အသဲကင်ဆာ ရှိရင်၊ တခြား လိင်ဟော်မုန်းနဲ့ဆိုင်တဲ့ ကင်ဆာ ရှိရင်၊

ဘေးထွက်ဆိုးကျိုးတွေ = မျက်စိကြည့်မကောင်း၊ ပျို့ချင်၊ ခေါင်းကိုက်၊ ကိုယ်ရောင်၊ မိုင်ဂရင်း အမူးရောဂါ၊ အသက်ရှူခက်၊ အရေပြားအနီပြင်ထွက်၊ လိင်ဆန္ဒဖြစ်တာ အပြောင်းအလဲ ရှိတတ်တယ်၊ လူဝလာတတ်တယ်၊ ဆံပင်ကျွတ်တတ်တယ်၊ ဒါမှမဟုတ် အမွှေးထူတတ်တယ်၊ အိပ်ချင်တယ်၊ ဒါမှမဟုတ် အအိပ်ခက်တယ်။

အထူးသတိထားစရာတွေ = ဆီးချိုရှိနေသူများ၊ စိတ်ကျရောဂါရှိသူများ၊ Phenytoin, Barbiturates, Primidone, Carbamazepine, Rifampicin, Griseofulvin, Oxcarbazepine, Rifabutin ဆေးတွေနဲ့တွဲပေးတာ သတိထားရမယ်။

Dr. တင့်ဆွေ
၂၂-၄-၂ဝ၁၁

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...