အားကျနေရုံဖြင့် မပြီးပါ . . .


ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်ကို လာရောက်လေ့လာနေသည့် ကျောင်းသူ၊ ကျောင်းသားများ အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

အားလပ်ရက်နေ့ တစ်နေ့မှာတော့ ကျွန်မတစ်ယောက်တည်း တစ်ပတ်တာလုံး အားခဲထားသမျှ ကြည့်ချင်သည့် ရုပ်ရှင်ဇာတ်ကားတွေ တစ်ခွေပြီးတစ်ခွေကြည့်၊ ဖတ်ချင်သည့်စာအုပ်တွေ များစွာထဲက နှစ်အုပ်လောက်ကို တစ်နေကုန် ထိုင်ဖတ်ခဲ့ပါတယ်။

ကျွန်မက စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ပြီးတိုင်း အဲဒီစာအုပ်ကိုရေးတဲ့ စာရေးဆရာရဲ့ ရေးသားနိုင်မှု စွမ်းရည်နဲ့ သူ့ရဲ့အောင်မြင်မှုကို တိတ်တဆိတ် အားကျနေတတ်သူလည်း ဖြစ်ပါတယ်။ ကျွန်မက သူတို့ရဲ့ စွမ်းရည်တွေကို အားကျတာနဲ့အမျှ ကျွန်မအဖေနဲ့ စကားပြောတိုင်းလည်း ‘ကျွန်မသူတို့လို အရမ်းပြောင်မြောက်တဲ့ အရေးအသားမျိုး ရေးတတ်ချင်လိုက်တာ၊ ကျွန်မလည်း သူတို့လို အောင်မြင်ချင် လိုက်တာ’ လို့ အမြဲပြောဖြစ်တယ်။ အဲဒီအခါတိုင်း ကျွန်မအဖေ ပြန်ပြောတတ်တဲ့စကားက ‘သူတို့လို အောင်မြင်ချင်ရင် သူတို့လို ကြိုးစားရမှာပေါ့။ ဒါပေမဲ့ လူငယ်တွေ အများစုက သူတို့လို လုပ်ရမယ်ဆိုတိုင်း အပေါ်ယံ သူတို့ရဲ့ နေထိုင်မှုပုံစံတွေ၊ ၀တ်စားဆင်ယင်မှု ဟန်ပန်တွေကို အတုယူဖို့လောက်ပဲ သိကြတယ်။ တကယ့် အနှစ်သာရဖြစ်တဲ့ သူတို့ဘယ်လိုတစ်ဆင့်ချင်း ကြိုးစားခဲ့ရ တယ်။ အဲ့ဒီလို တခြားသူတွေက မော်ကြည့်အားကျရတဲ့ နေရာမျိုးရောက်ဖို့ ဘယ်လောက်ပေးဆပ်ခဲ့ရသလဲ ဆိုတာမျိုးကိုတော့ မြင်အောင်ကြည့်ပြီး အတုမယူတတ်ကြဘူး ဖြစ်နေတယ်” တဲ့လေ။

ကျွန်မတို့တစ်တွေဟာ အောင်မြင်ကျော်ကြားတဲ့သူတွေကို အားကျတတ်ကြတယ်။ သူတို့တွေရဲ့ စွမ်းရည်တွေ၊ အောင်မြင်ကျော်ကြားမှု၊ လူသိများ ထင်ရှားမှုတွေကို အားကျတတ်ကြတယ်။ နောက်ပြီး သူတို့လို ဖြစ်ချင်ကြတယ်။ အဲ့ဒီအခါမှာ သူတို့ပုံစံကို လိုက်လံတုပလာကြတယ်။

ကျွန်မကို ဆရာတစ်ယောက်က ‘လူတစ်ယောက် နေရာတစ်ခုကို ရောက်ရှိအောင် မြင်နေတယ်ဆိုတာက အဲဒီနေရာကို သူအလကားရောက်ရှိခဲ့တာ မဟုတ်ဘူး။ အဲ့ဒီနေရာနဲ့ ထိုက်တန်တဲ့ ပေးဆပ်မှု၊ ကြိုးစားအားထုတ်မှုတွေကို အသုံးပြုခဲ့ရတယ်” လို့ ဆုံးမပြောဆိုဖူးတယ်။

တကယ်လည်း အောင်မြင်သူတစ်ယောက်ဆိုတာ အဲ့ဒီအောင်မြင်မှုကို မရရှိခင်မှာ အချိန်ကာလတွေ ရင်းနှီးပေးဆပ်ရ၊ ပင်ပန်းဆင်းရဲမှုဒဏ်တွေ ခံရပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတွက်လည်း ကြံ့ခိုင်အောင် ပြင်ဆင်ထားရတယ်။ အတိုက်အခံတွေကို ရင်ဆိုင်ကျော်လွှားရတယ်။ ရပ်တည်မှု တစ်ခု၊ နေရာတစ်ခု ရရှိလာဖို့ ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့ ကြိုးစားအားထုတ်မှုကို အရင်းအနှီးပြုရတယ်။ အခွင့်အရေးကောင်းတွေကို မိမိရရ ဆုပ်ကိုင်နိုင်ဖို့ ဉာဏ်ပညာကို အသုံးပြုခဲ့ရတယ်။ သူသွားမယ့် နယ်ပယ်တစ်ခုနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ အကုန်လုံးကို သေချာအချိန် ယူ လေ့လာဆည်းပူး ခဲ့ရတယ်။ အခက်အခဲတွေများစွာ၊ အနှောင့်အယှက် အပြိုင်အဆိုင်တွေ များစွာကို ကျော်ဖြတ်ပြီးမှ အဲ့ဒီအောင်မြင်မှုနေရာကို ရရှိခဲ့တာဖြစ်တယ်။ ရပ်တည်မှုတစ်ခုမှာ အခိုင်အမာ ရပ်တည်နိုင်တာဖြစ်တယ်။ နယ်ပယ်တစ်ခုမှာ အများက အားကျရတဲ့ နေရာတစ်ခုကို ရရှိခဲ့ပါတယ်။


ကျွန်မတို့တွေ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ကြဖို့ လိုအပ်ပါတယ်။ ကျွန်မတို့အားကျနေ တဲ့ အောင်မြင်သူတွေဟာ စစ်မှန်တဲ့ ရေရှည်အောင်မြင်မှုကို ရရှိထားသူတွေလား။ ကျွန်မတို့ ကိုယ်တိုင်ကရော ခဏတာအောင်မြင်မှု၊ အပေါ်ယံကျော်ကြားမှု၊ သိက္ခာမဲ့တဲ့ ပုံစံမျိုးနဲ့ လူသိများထင်ရှားမှု၊ ထင်ယောင်ထင်မှား အောင်မြင်မှုပုံစံတွေကို လိုချင်တာလား။ စစ်မှန်တဲ့အောင်မြင်မှု၊ ရေရှည်ရပ်တည်နိုင် တဲ့ ကျော်ကြားမှု၊ သိက္ခာရှိတဲ့ နေရာတစ်ခုနဲ့ လူသိများ ထင်ရှားချင်တာလား . . . . .

ဒီလိုခက်ခဲတဲ့ နေရာတစ်ခုဟာ အောင်မြင်သူတစ်ယောက်ရဲ့နေရာ ဖြစ်ပါတယ်။ ဒီနေရာကို အလွယ်တကူရောက်ရှိဖို့ ဖြတ်လမ်းနည်းနဲ့ လိုက်တဲ့သူတွေလည်း ရှိမယ်။ တကယ်မလေ့လာဘဲ ကံတွေ၊ စန်းတွေကြောင့်၊ အခြေအနေ တစ်ခုခုကြောင့် ခဏတာအောင်မြင်မှုကို ရရှိခဲ့သူတွေလည်း ရှိမယ်။ ဒါပေမဲ့လည်း အခြေခံကျကျ၊ အသေအချာ လေ့လာဆည်းပူးခဲ့သူ၊ ကိုယ်ပိုင်အရည်အသွေးတွေနဲ့ နည်းလမ်းမှန်မှန် လျှောက်လှမ်းခဲ့သူ တစ်ယောက်ကတော့ အောင်မြင်မှုနေရာမှာ ရေရှည်ရပ်တည်နိုင်မှာပါ။

ဒီနေ့ခေတ်မှာတော့ ကျွန်မတို့ကိုယ်တိုင် အပါအ၀င် လူငယ်အများစုဟာ အောင်မြင်သူတွေကို အားကျနေကြပါတယ်။ သူတို့လို လူအများအားကျတာကို လိုချင်နေကြပါတယ်။ ဥပမာ အဆိုတော် တစ်ယောက်ကို အားကျတဲ့ လူငယ်တစ်ယောက်က သူကိုယ်တိုင်လည်း အဲ့ဒီအဆိုတော် တစ်ယောက်လို အောင်မြင်ချင်တယ်ဆိုပြီး အဲ့ဒီလိုရဲ့ ပုံစံကို ပုံတူကူးပြီး လိုက်တုပနေကြပါတယ်။ သူ့လိုပုံစံ သီချင်းတွေ နည်းနည်းပါးပါး တုပသီဆိုတတ်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် တကယ့်အဆိုတော် တစ်ယောက် လို မြောက်ကြွကြွနဲ့ အောက်ခြေလွတ်နေတတ်ကြပါတယ်။ ဒီလိုတွေ လုပ်နေရုံနဲ့ ကျွန်မတို့ ကိုယ်ကျွန်မတို့ အောင်မြင်ကျော်ကြားနေကြပြီ ထင်နေကြပါတယ်။

တကယ်အောင်မြင်တာနဲ့ အောင်မြင်တယ်လို့ ကိုယ့်ဘာသာကိုယ်ထင်ပြီး ဘာမှရှေ့ဆက်မလုပ်ဘဲ သာယာနေတာမျိုးဟာ ကျွန်မတို့ရဲ့ ရည်မှန်းချက်နဲ့ အနာဂတ်အိပ်မက်တွေကို ရပ်တန့်သွားစေတယ် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မအဖေပြောဖူးတဲ့ စကားတစ်ခွန်းလည်း ရှိပါတယ်။

“အောင်မြင်တဲ့ စာရေးဆရာတစ်ယောက် ဖြစ်ချင်တဲ့သူဟာ စာလေးတစ်ပုဒ် နှစ်ပုဒ်လောက် ပါတာနဲ့ ကိုယ့်ကိုယ့်ကိုယ် အတော်လေး အောင်မြင်နေတယ်ထင်ပြီး အဲ့ဒီအပေါ်မှာပဲ သာယာနေရင် ဒီထက်ပိုကောင်းတဲ့ စာတွေကို ရေးနိုင်တော့မှာ မဟုတ်ဘူး။ အဲဒါဆို အောင်မြင်မှုနဲ့လည်း ဝေးနေဦးမှာပဲ” လို့ ပြောပါတယ်။

စာပေဘက်မှ မဟုတ်ပါဘူး။ အခြား မီဒီယာလောကမှာပဲ ဖြစ်ဖြစ်၊ အနုပညာ နယ်ပယ်တွေမှာပဲ ဖြစ်ဖြစ်၊ စီးပွားရေး နယ်ပယ်မှာပဲ ဖြစ်ဖြစ် ဘယ်လိုနေရာမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ်အားကျရတဲ့သူ၊ စံထားရတဲ့ ပုဂ္ဂိုလ်တွေတော့ ရှိနေမှာပါပဲ။

သူတို့ကို အားကျနေရုံနဲ့လည်း ကျွန်မတို့လိုချင်တဲ့ သူတို့လို အောင်မြင်မှုမျိုးကို မရရှိနိုင်သလို၊ သူတို့ရဲ့ အပေါ်ယံ သွားလာနေထိုင်မှု၊ ၀တ်စားဆင်ယင်မှု၊ အောင်မြင်သူတစ်ယောက်ရဲ့ ဟန်ပန်ကို ပုံစံတူကူးချရုံ သက်သက်နဲ့တော့ စစ်မှန်တဲ့အောင်မြင်မှုနဲ့ အလှမ်းဝေးနေဦးမှာပဲ ဖြစ်ပါတယ်။

ကျွန်မတို့တွေ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ကြဖို့ လိုအပ်ပါတယ်။ ကျွန်မတို့အားကျနေ တဲ့ အောင်မြင်သူတွေဟာ စစ်မှန်တဲ့ ရေရှည်အောင်မြင်မှုကို ရရှိထားသူတွေလား။ ကျွန်မတို့ ကိုယ်တိုင်ကရော ခဏတာအောင်မြင်မှု၊ အပေါ်ယံကျော်ကြားမှု၊ သိက္ခာမဲ့တဲ့ ပုံစံမျိုးနဲ့ လူသိများထင်ရှားမှု၊ ထင်ယောင်ထင်မှား အောင်မြင်မှုပုံစံတွေကို လိုချင်တာလား။ စစ်မှန်တဲ့အောင်မြင် မှု၊ ရေရှည် ရပ်တည်နိုင် တဲ့ ကျော်ကြားမှု၊ သိက္ခာရှိတဲ့ နေရာတစ်ခုနဲ့ လူသိများ ထင်ရှားချင်တာလား ဆန်းစစ်ကြဖို့ လိုပါတယ်။

ကျွန်မတို့တွေဟာ အောင်မြင်သူတစ်ယောက်ကို သူ့အောင်မြင်မှုအတွက် အသားလွတ် မနာလိုဖြစ်နေလို့ မရပါ။ သူ့ကိုလိုက်ပြီး တိုက်ခိုက်နေတာမျိုးလည်း မလုပ်သင့်ပါ။ သူတို့လို ဖြစ်ချင်တယ်ဆိုပြီး မှားယွင်းတဲ့ တုပမှုမျိုးလည်း မပြုလုပ်သင့်ပါဘူး။ သူ့လို အောင်မြင်ချင်ရင် သူ့ရဲ့အောင်မြင်အောင် ကြိုးစားခဲ့ရတဲ့ စစ်မှန်တဲ့ ကြိုးစားအားထုတ်မှုကို မြင်အောင်ကြည့်ပြီး အတူယူရပါမယ်။ ကိုယ်တိုင်လည်း ကြိုးစားအားထုတ်ရပါမယ်။

ကျွန်မတို့တွေဟာ သူများလို အောင်မြင်ချင်ရင် အားကျနေရုံဖြင့် မပြီးပါဘူး။

Eleven Daily News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...