အနန္တောအနန္တဂုဏ် ခြစားသွားကြသည့် ကျောင်းဆရာအချို့အကြောင်း
ဆယ်တန်းစာမေးပွဲကာလဖြစ်သည်။
အထက်တန်းကျောင်း စာမေးပွဲဌာနတွေရှေ့မှာ ကျောင်းသား၊ ကျောင်းသူလေးတွေကို စာကျက်ကြ ရင်းတန်းလန်းမြင်နေရတတ်သည်။ စာအုပ်နှင့်မျက်နှာ မခွာတမ်းကျက်ကြရတုန်း။ သူတို့လေးတွေ ကို မြင်တော့ ကိုယ်တို့ငယ်စဉ်ကလည်း ထိုနည်းလည်းကောင်းဟုဆိုရမည် ထင်သည်။
ရာသီဥတုက မနက်စောစောဆိုလျှင် အတန်ငယ်အေးသလိုထင်ရပေမယ့် နေမြင့်လာသည်နှင့် အပူ ဓာတ်ကမြင့်လာတတ်သည်။ ထို့ကြောင့် နေ့ပူလို့ညချမ်းတပေါင်းလသရမ်းဟု ရှေးလူကြီးတွေက ဆိုစ မှတ်ပြုကြခြင်းဖြစ်၏။ သည်ကာလရောက်ပြီဆို တပို့တွဲနှောင်းကတည်းက အရွက်ခြွေနှင့်ထားသည့် ကုက္ကိုပင်တွေက မြစိမ်းနုကမ္ဗလာကိုခြုံခဲ့ကြပြီးပြီမို့ ကျောင်းသို့သွားရာ လမ်းမကြီးက ကုက္ကိုအရိပ်တန်း အောက်မှာနံနက်နေထန်းတစ်ဖျားမရောက်သေးခင်မို့ အေးမြနေတတ်သည်။ တစ်ခါတစ်ရံ ကုက္ကိုရွက် ဝါအကြွင်းအကျန်လေး တစ်ရွက်တလေးများ လေမှာဝဲလာလျှင် လွယ်အိတ်ကိုပခုံးမှာမြဲအောင် ချိတ်ပြီး မိအောင်ဖမ်းရသည်။ အဲသည့်ရွက်ဝါလေးကို လက်ထဲမှာမိလိုက်ပြီဆိုသည် ကနေ့ဖြေရမည့်ဘာသာ ရှောရှောရှူရှူ ဖြေနိုင်မည်ဟုနိမိတ်ကောက်မိကြရသည်လည်း အမော။ တချို့ကတော့လည်း အင်္ကျီရင် ဘတ်မှာ၊ ဆံထုံးရင်းမှာ အောင်သပြေခက်ကလေးတွေ ထိုးလိုက်ကြလို့ . . . ။ မိဘတွေကလည်း သည်လိုစာမေးပွဲရက်ထဲမှာဆို မတတ်နိုင်တာ တတ်နိုင်တာထား စာမေးပွဲဖြေမည့် သားသမီးလေးတွေ ကို ကောင်းနိုးရာရာ စားသောက်စရာဖွယ်ဖွယ်ရာရာလေးတွေ ချက်ပြုတ်ကျွေးမွေးတတ်ကြသေးသည်။ တချို့တလေအယုံအကြည်ရှိသူတွေ များကျတော့လည်း ဓာတ်နက္ခတ်ဗေဒင်ဆရာတွေဆီသွားကြ၊ ယတြာအဆောင်တွေဘာတွေလုပ်ကြနှင့် သည်ရက်ထဲမှာဆို တန္တရမန္တရဆရာတွေလည်း အလုပ်ဖြစ် ကြ၏။ တချို့မိဘတွေဆို ကိုယ့်သားသမီးလေးတွေအတွက် ကိုယ်တိုင်လိုက်ပြီး အသက်သတ်လွတ် စားကြရ၊ စိတ်ပုတီးနှင့် အဓိဋ္ဌာန်ဝင်ကြရအလုပ်တွေပင်ရှုပ်ကြလို့။
မိဘတွေတွင်လားဆိုတော့လည်းမဟုတ်။ ဆရာ၊ ဆရာမတွေကလည်း တပည့်တွေအတွက် အပူအပင် မကင်းကြ။ မနက်ပိုင်းစာမေးပွဲအပြီး နေ့လယ်ပိုင်းဆို တပည့်တွေကိုအိမ်ခေါ်ပြီး အနီးကပ်မှရသည့် စပေါ့လေးတွေ ဘာလေးတွေကိုသင်ကြသေးသည်။ ညတိုင်းဆိုလည်း အငြိမ်မနေကြ။ ခပ်ညံ့ညံ့ရှိသည့် ဟိုတပည့် သည်တပည့်တွေအိမ်ရှေ့လျှောက်ပြီး စာကျက်သံနားစွင့်ကြရတာလည်း မမောနိုင်မပန်းနိုင်။
အဲဒါကျွန်တော်တို့ငယ်စဉ်ကာလ လွန်ခဲ့သည့်အနှစ် ၄၀ ကျော်က။ သည်တုန်းက ယခုလိုလည်းကျူရှင် တွေ မပေါ်သေး။ လစာလိုချင်ရုံသက်သက် ကျောင်းဆရာဝင်လုပ်ကြသည့် ခေတ်မျိုးလည်း မဟုတ် သေး ။ ကျောင်းမှာကောင်းကောင်းမသင်ဘဲ ကိုယ့်ကျူရှင်ကျမှ ကျူရှင်လခမြိုးမြိုးမြက်မြက် တောင်း တတ်သည့် ခေတ်မျိုးလည်းမဟုတ်သေး။ ဆရာ၊ ဆရာမတွေက ခပ်ညံ့ညံ့တပည့်တွေဆို အိမ်ခေါ်ပြီး ထမင်းပါကျွေးသင်ပေးသည့်ခေတ်။
သို့မို့ကြောင့် ညအိပ်ရာဝင်တိုင်းဆို ငယ်ငယ်ကပညာသင်ကြားပေးခဲ့ကြသည့် ကိုယ့်ဆရာတွေကို ရှိခိုးဦးချ ကန်တော့ပြီး အိပ်ရမှကျွန်တော်ဖြင့်အိပ်လို့ပျော်သည်။
အခုတော့ အဲသည်ခေတ်က ပုံပြင်ဖြစ်သွားပြီ။ ကျောင်းဆရာအများစုကြီးကတော့ နာသုံးနာ လည်း ပျောက်ခြင်း မလှပျောက်ကြလျက် အာစရိယဂုဏ်ကို ဖျာပုံထည်လိုလမ်းဘေးမှာပုံရောင်းလုပ်စားကြ သည့်ခေတ်သို့ရောက်လာခဲ့လေပြီဟု ကျွန်တော်ဆိုချင်နေမိသည်။
ကျောင်းဆရာတိုင်းကိုတော့ဖြင့် ဝါးလုံးရှည်ဖြင့် သိမ်းမယမ်းလို။ ဆရာတော်ဆရာကောင်းတွေရှိနေကြ ဦးမည်ပင်။ သို့သော်ရှိတော့ရှိတယ်။ ရှားတယ်ဆိုသလိုတော့ဖြစ်မည်ထင်၏။ တကယ်တော့ကျောင်း ဆရာတွေကိုချည်း အပြစ်တင်နေမိတာကလည်း မဟုတ်သေးပြန်။ ဖြတ်ခဲ့ရပြီးသောခေတ်ကြီးကိုက အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားဆိုသည့် ခေတ်မျိုးပင်မဟုတ်တော့ဘဲ အမြီးနဲ့ခေါင်း ကျက် ကျက်၊ မကျက်ကျက် အလယ်သားကိုမှ ရွေးဝါးတတ်သော ရှေ့ဆောင်နွားလား ကောက်ကောက်သွား ခဲ့သည့်ခေတ်ပျက်ကြီးဖြစ်ခဲ့ပေသည်ကိုး။ သည်တော့လည်း ပျက်ကြပြီဟေ့ဆိုမှတော့ အဲ့သည်ခေတ် ကြီးထဲမှာ အပြိုင်အဆိုင်သူ့ထက်ငါနောက်မကျစတမ်း ငါးပါးမကသံဃာစင်ပါမှောက်အောင် ပျက်လာခဲ့ ကြသည်ပဲ။
မည်သို့ဆိုစေ ‘ဆရာ’ ဆိုသည်ကတော့ အနန္တောအနန္တငါးပါးထဲတွင် ဘုရားနှင့်တစ်ဂိုဏ်းတည်းပြထား သည်မို့ နည်းနည်းတော့ဖြင့် ကိုယ့်ဂုဏ်ကိုယ်ထောက်ထားကာ ဆင်ခြင်ကြဖို့ ကောင်းသည်ထင်၏။
သင်ယူနေကြရသည့် ကလေးတွေဆိုသည်ကတော့ ဘဝတစ်ခုလုံးကိုအဆုံးအဖြတ်ပေးမည့် သည် ပညာရေးကအသက်တမျှ အရေးတကြီးတန်ဖိုးထားနေကြသည်ပဲ။ သည် ၁၀ တန်းလေးမှမအောင် လျှင် လူဖြစ်နိုင်ဖို့ဆိုသည်က အတော်ကြီးကို အလှမ်းဝေးသည်လေ။ ဆယ်တန်းအောင်သည်ဆိုရာ၌ ပင် အောင်ရုံမျှအမှတ်ကလေးနှင့် လူစဉ်မမီနိုင်သည်မဟုတ်လေတော့ အမှတ်ကောင်းကောင်းရဖို့က လည်း သေရေးရှင်ရေးကိစ္စ ဖြစ်နေပြန်သေးသည်။ အမှတ်ကောင်းမှလိုင်းကောင်းရမည့် ပညာရေးစနစ် မျိုးကြီးပေကိုး။
သည်တော့လည်း ကိုယ့်အတန်းပိုင်က သူ့ကျူရှင်မတက်လို့ငြူစုသည်ဆိုပြန်တော့ မိဘမှာရှိသည်မရှိ သည်မပထား၊ ဘယ်လောက်ပဲကျူရှင်လခတောင်းတောင်း ပေးပြီးတက်ကြရစမြဲ။
စာမေးပွဲနီးလာပြီဆိုလျှင်တော့ အောင်စာရင်း၏ဟိုဘက်ကမ်းရေအဆန်ကို ဟန်ကျပန်ကျရောက်နိုင်ဖို့ အတွက်ဆရာကိုမျှမက မြင်လေရာကောက်ရိုးမျှင်ကိုပင် ဆွဲမိကြတော့သည်ဆိုသလိုမျိုး နတ်ကိုးရ၊ ဗေဒင်မေးရ၊ ယတြာလုပ်ရ . . . . ။ ပျာယာပင်ခတ်ကြလို့။
သည်နှစ်စာမေးပွဲစသည့်မတ်လ ၁၂ ရက်နေ့တုန်းက 7Day နေ့စဉ်သတင်းစာမျက်နှာဖုံးပေါ်တွင် ဓာတ်ပုံတစ်ပုံတွေ့လိုက်ရသည်။ မြင်မြင်ချင်းတော့ဖြင့် တောင်ပြုံးပွဲနတ်နန်းလားထင်မိရသည်။ ပုံစာကို ဖတ်တော့မှ ရွှေတိဂုံစေတီတော်မြောက်ဘက်မုခ်တွင်ရှိသော လောကပါလမယ်တော်၏ နတ်နန်းတွင် ဆယ်တန်းဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူလေးတွေ စာမေးပွဲကို အမှတ်ကောင်းကောင်းနှင့် အောင်ပါစေကြောင်း လာရောက်ဆုတောင်းကြရင်းနှင့် တင်မြှောက်ပသထားသည့် အုန်းငှက်ပျောပွဲ တွေတဲ့။ နတ်နန်းတစ်ခုလုံးကျပ်ခဲ့လို့။
ကျွန်တော်ဖြင့် အံ့သြမနေတော့။ လွန်ခဲ့သည့်အနှစ် ၄၀ ကျွန်တော်တို့ခေတ်တုန်းကလည်း သည်အ တိုင်းပင် ဘုရားရှိခိုးနတ်ကိုးနှင့်ယတြာအောင်ပန်းအမျိုးမျိုးလည်း ထိုးခဲ့ကြရသည်ပဲ။
သည်ရက်ထဲမှာပင်ဖတ်ရသည့် နောက်စာမေးပွဲသတင်းတစ်ပုဒ်ကတော့ဖြင့် ရင်ထဲမှာ အတော်မ ကောင်းဖြစ်လိုက်ရသည်။ စာမေးပွဲအောင်မြင်ရန်အတွက် ကျောင်းအုပ်ဆရာကြီး ဦးဆောင်ကာ ကိုးနဝင်းဆရာတော်ထံတွင် သိဒ္ဓိတင်ပြီးသံလွင်မြစ်ကိုဖြတ်၍ပြန်လာသော ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့ အပိုင်ကိုမောင်ရွာမှ ကျောင်းသား၊ ကျောင်းသူ ၁၄ ယောက်ပါသည့် စက်လှေတစ်စင်းမြစ်ထဲတွင် နစ်မြှုပ်သွားပြီး အလယ်တန်းပြ ဆရာမလေးတစ်ယောက် ရေနစ်ပျောက်ဆုံးနေ သည်တဲ့။ ထိုဆရာမ လေးကို လိုက်ဆယ်ကြသည့် ကျောင်းသားနှစ်ဦးကိုလည်း ဆေးရုံတင်ကုသနေရသည်တဲ့။
တပည့်တွေအပေါ်စေတနာ အနန္တဖြင့် အထက်လမ်းရော၊ ဘုရားကုရောဆိုသလို ကြိုစားပေးခဲ့ရှာသည့် ဆရာမလေးအတွက် စိတ်မကောင်းဖြစ်မိရသည်။ အတူသွားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူတွေ အဖို့တော့ သူတို့ဆရာမလေးအတွက် အဘယ်မျှစိတ်မကောင်းဖြစ်ကြလေမည်မသိတော့။ ကျောင်း သား၊ ကျောင်းသူလေးတွေစာမေးပွဲကိုမှ စိတ်ဖြောင့်ဖြောင့်ဖြေနိုင်ကြ ပါလေမည်လား မသိ။ ဖြေနိုင်ကြပါ လေမည်လားမသိ။ ဖြေနိုင်ကြပါစေဟုပဲဆုတောင်းပေးရသည်။ သည်စာမေးပွဲက သူတို့လေးတွေ၏ ဘဝပင်မဟုတ်ပါလား။
ကလေးတွေအတွက် အသက်ပေးသွားခဲ့ရရှာသည့် ဆရာမလေးအကြောင်းကို တွေးရင်းမှပင် စာမေးပွဲ အောင်စာရင်းတွေ ထွက်ခါနီးတိုင်း ကိုယ့်တပည့်ရင်းကျောင်းသား၊ ကျောင်းသူလေးတွေအပေါ် မိုက်မိုက်ရိုင်းရိုင်း ရက်ရက်စက်စက်လုပ်စားနေကြသည့် အထက်တန်းပြကျောင်းဆရာ အချို့အ ကြောင်း လွန်ခဲ့သည့်နှစ်ကတည်းက ကြားခဲ့ရသေးသည်ကို သတိရလိုက်မိရသည်။
သည်ဆရာမျိုးတွေက ဆရာဝါးလည်းဝကြပြီဆိုသည့် ဆရာမျိုးတွေဖြစ်၏။ ဆရာဝါးဝသည်ဆိုရာ၌ သင်သည့်ပြသည့်နေရာတွင် ပိုတော်လာပိုတတ်လာခဲ့သည်မျိုးမဟုတ်။ လုပ်စားသည့်နေရာတွင်သာ ဧတဒဂ်ရလာကြခြင်းဖြစ်၏။ လုပ်စားသည်ဆိုရာ၌လည်း သင်ရေးပြရေးတွင်သာ လုပ်စားသည်မဟုတ် ပြန်။ ဆရာမိဘအသင်း ရန်ပုံငွေကိုဝိုက်လိုက်ရမည်လား၊ အဆောက်အအုံပရိဘောဂစသည့် ပြုပြင် ထိန်းသိမ်းခငွေထဲက ရိတ်လိုက်ရမလား အကုန်ကျွမ်းကုန်ကြပြီဆိုသည့် ကျောင်းဆရာမျိုးတွေဖြစ် သည်။
အထက်တန်းပြဆိုတော့ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းကျူရှင်တွေကိုလည်း မိုးကြိုပစ်လွတ်အောင် ဖွင့်ကြသည်။ သူတို့ကျူရှင်တက်မှ သူတို့ကြည်ဖြူမှုရကြမည်ဖြစ်တော့ ကျောင်းသားအများစုကလည်း မဖြစ်မနေပင် ကြိုစားပြီးတက်ကြရသည်။ ကျူရှင်လခကလည်း သည်ခေတ်ထုံးစုံအတိုင်း နည်းနည်းမ ဟုတ်။ မနည်းလည်းမတတ်နိုင်။ မတက်၍မှမဖြစ်တော့ တက်ကြရသည်ပ။
ထိုအပြင် သူ့အတန်း၊ သူ့ကျူရှင်မှာတက်သည့် ဘယ်ကျောင်းသားကတော်သည်၊ ဒီထွက်နိုင်သည်။ သူ့မိဘစီးပွားရေးက ဘယ်လောက်တောင့်တင်းသည်ဆိုသည်ကိုလည်း ချုံထွင်နေကျမို့ ယုန်ကိုမြင် အောင်လည်း ထိုဆရာများက ကြည့်ထားတတ်ကြသည်။ ယုန်ဘယ်ဘက်ထွက်အောင် ဘယ်ဘက်က အစလုပ်ပြီးထွင်ခုတ်ခုတ်ရမည်လဲလည်း သိတတ်ကြ မြင်တတ်ကြသည်။
သို့နှင့်ဆယ်တန်းဘာသာရပ်အလိုက် အဖြေလွှာတွေကိုထိုသို့သော အထက်တန်းပြဆရာမျိုးတွေက ရန်ကုန်တက္ကသိုလ်မှာ၊ ဒဂုံတက္ကသိုလ်မှာလာပြီး အမှတ်ခြစ်ကြရသည်ဆိုသည့်အခါ ချုံစထွင်ရမည့် ခုတ်ကွက်တစ်ခုဖြစ်လာတော့သည်။
ပထမအဆင့်က အောင်စာရင်းမထွက်မီ အမှတ်သိချင်ကြရင်ပြော၊ ကြည့်ပေးမည်။ အမှတ်ကြည့်ခက ဘယ်လောက်ဟုဆိုသည့်အခါ ကျောင်းသားကရော၊ ကျောင်းသားမိဘတွေကပါ မသိချင်ဘဲနေပါ့မ လား။ သည်အမှတ်သည်ပင် တစ်ဘဝစာမဟုတ်လား။ သည်တော့အမှတ်ကြည့်ခမှာတွင်ပင် မြိုးမြိုး မြက်မြက်ကလေးရလိုက်ကြသည်။
အဖြေလွှာတွေကို အဂတိမဖြစ်အောင် ခုံနံပါတ်တွေကိုဖုံးကာ လျှို့ဝှက်နံပါတ်တွေ တပ်ထားသည် ဆို ပေမင့်အဂတိကို ချင်ခြင်းတပ်သူတွေဆိုသည်က နေရာတိုင်းမှာရှိနှင့်ပြီးသားလေ။ သည်လိုနည်းနှင့် ရမှတ်တွေကိုရအောင် ကြည့်လာခဲ့ကြပြီးဖြစ်သည်။ ရမှတ်ကိုသိလာခဲပြီဆိုတော့လည်း နောက်တစ် ဆင့်တက်ရမည့် နောက်စားပေါက်က အဆင်သင့်။
နောက်တစ်ဆင့်အနေနှင့်ကျတော့ ကလေးကခြောက်ဘာသာ (သို့မဟုတ်) ငါးဘာသာဂုဏ်ထူးရမှာ။ အမှတ်က သီသီလေးနှစ်မှတ်လောက်စီ ကပ်လိုနေတယ်။ ဖြည့်ပေးလိုက်ရင် ဂုဏ်ထူးထွက်ပြီပဲ။ အဲဒါ ကတော့ ဈေးနည်းနည်းကြီးတယ်။ တစ်ဘာသာငါးသိန်း။
ဆိုသည့်အခါ ကျောင်းသားရော၊ မိဘပါမနေနိုင်ကြတော့။ ဂုဏ်ထူးလိုချင်လာကြပြန်သည်။ တတ်နိုင် သည့်မိဘမျိုးကတော့ ငွေငါးသိန်းလောက်ကိုဖြင့် ရင်းပစ်လိုက်မည်ပေါ့။
အထူးသဖြင့် စာတော်သည့်ကလေးမျိုးတွေက သည်ကိစ္စနှင့်ပတ်သက်၍ ပိုပြီးဝေဒနာရတတ်သည်။ ဆရာ့ပြောပုံလေးကလည်း သင်းသည်လေ။ “ကလေးကအခုနှစ်မှတ်လောက်စီလိုနေတဲ့ သင်္ချာနဲ့ ဓာတု ဗေဒနှစ်ဘာသာမှာသာ ဒီထွက်လိုက်ရင် ခြောက်ဘာသာဂုဏ်ထူးလေ။ ပွဲသိမ်းပြီပေါ့။ ဆေးတန်း ဝင်မှာပဲ . . . ”
အပြောမျိုးနှင့်ဆိုသည့်အခါ ခေတ်ကလည်း ဆေးကျောင်းတက်ရမှ လူဖြစ်သယောင်ဆိုပြန်တော့ကြာ သလားလို့ နှစ်ဘာသာဆယ်သိန်း၊ မရှိရှိတာလက်ဝါးပူတိုက်ရတိုက်ရ ဖြစ်ကုန်ကြတော့သည်တဲ့။
တကယ်တော့ ကလေးကသူ့ကြိုးစားမှုနှင့်သူ အောလ်ဒီထွက်ထားပြီးသား။ အဲသည်ပြီးပြီးသားကြီးကို ထိုကျောင်းဆရာက ဒီထွက်ဖို့နှစ်မှတ်လိုနေသည်လုပ်ကာ အသားလွတ် ငွေ ၁၀ သိန်းဝင်အုပ်ခြင်းဖြစ် ၏။
ဟိုဘက်နှစ်တွေတုန်းက တတ်နိုင်သည့်မိဘနှင့် စာတော်သည့်တပည့်လေးတွေထံမှ သူဘယ်လောက် ဝါးမျိုထားခဲ့ပြီမသိ။ ပြီးခဲ့သည့်နှစ်တုန်းကတော့ မိဘလုပ်သူက “တိုးမနေတော့ပါဘူး ဆရာရယ်။ ရသလောက်နဲ့ပဲ နေပါစေတော့” ဟုလုပ်သည်နှင့် ထိုဆရာမှာထွေးမရအန်မရဖြစ်တော့သည်တဲ့။ သွားမတိုးလျှင်လည်း ရမှတ်ကကလေး၏ ကိုယ်စွမ်းကိုယ်စဖြင့် အောလ်ဒီကထွက်နေပြီးသား။
နောက်ဆုံးတွင်တော့ ထိုကျောင်းဆရာ၏ လိမ်ဆင်ကြီးကဘူးပေါ်သလို ပေါ်တော့သည်တဲ့။
သည်အခါကျပြန်တော့လည်း ရှေ့မျက်နှာပင်နောက်သို့ ပြောင်းမနေတော့ဘဲ မျက်နှာပြောင်နှင့် သည်ကိစ္စကိုပြဿနာမလုပ်ဖို့ တောင်းပန်ပြန်သည်တဲ့။
ကြားရသည့်အခါ ရက်ရက်စက်စက် မိုက်မိုက်ရိုင်းရိုင်း ပက်ပက်စက်စက်နှင့် ဆရာ့ဂုဏ်ကိုချနင်းလုပ် စား တတ်ပေတယ်ဟု စိတ်မကောင်းဖြစ်မိရသည်။
သည်နှစ်စာမေးပွဲသို့ဝင်ကြမည့် ကြိုးစားပမ်းစားဖြင့် ကိုယ်တိုင်းလည်းအားထုတ်၊ ဘုရားကုလည်းကု၊ နတ်ကိုးခေါစာပစ်နှင့် ဆယ်တန်းတံတိုင်းကြီးကို ကျော်ဖြတ်ဖို့ကြိုးစားနေကြရ သည့် ကျောင်း သား၊ ကျောင်းသူလေးများ ထိုသို့သောအနန္တဂိုဏ်းမဝင်သည့် ကျောင်းဆရာမျိုးနှင့် ဝေရာမဏိဝေးပါစေသော် . . . ဟုလည်း ဆုတောင်းမိရသည်နှင့် တစ်ဆက်တည်းလည်း နာသုံးနာအပြည့်ဖြင့် အာစရိယဂုဏ် မြောက်ခဲ့သည့် ငယ်ငယ်ကကိုယ့်ဆရာများကိုလည်း ဦးချကန်တော့မိပြန်ရ အကြိမ်ကြိမ်။ ။
7Day News Journal
Vol.13, No.3, March.19, 2014
- (အရှေ့သို့) ရုပ်ရှင်လမ်းမကြီးပေါ်က စစ်ရုပ်ရှင်ကားများ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်
- (အနောကျသို့) အိပ်မက်အမှိုက်ပုံး Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်