အစာထဲက အဆိပ်

စိုက်ပျိုးရေး နည်းပညာများ ထွန်းကားလာသော ယနေ့ အချိန်တွင် ဟင်းသီးဟင်းရွက် များကို သတိမမူဘဲ စားသုံးပါက အဆင် မသင့်လျှင် ဥပါဒ်ဖြစ်မည့် အခြေအနေ ပိုများလာသည်။
ဟင်းသီးဟင်းရွက်၊ အသီးအနှံများသည် ကျန်းမာရေး ရှုထောင့်အရ သင့်တော်သော အစားအစာများ ဖြစ်သော်လည်း ယခု နောက်ပိုင်းတွင် ပိုမိုတွင် ကျယ်စွာ အသုံးပြု လာကြသည့် ပိုးသတ်ဆေးများ၊ အပင်ကြီးထွား စေသော ဓာတုဆေးများ၊ အရသာ ကောင်းမွန်စေရန် သုံးသည့် ဓာတ်မြေသြဇာစသည့် ဓာတု ပစ္စည်း များကြောင့် စားသုံးသူ များတွင် အန္တရာယ် ဖြစ်ပေါ်ခြင်း သည်များ ရှိလာသည်။
ဈေးများ အတွင်း ရောင်းချ နေသည့် အသီးအရွက် အချို့အား သုတေသန စစ်ဆေးမှုများ အရ ပိုးသတ်ဆေး ပါဝင်မှုနှုန်းသည် စားသုံးသူအား အန္တရာယ် ဖြစ်စေသည်အထိ ပမာဏ များပါဝင်နေ သည်ကို တွေ့ရှိခဲ့ရသည်ဟု သတင်း ရရှိသည်။ ယခင် သီရိမင်္ဂလာဈေး ဟောင်း အတွင်း ရောင်းချသည့် မုန်ညင်း များတွင်လည်း တွေ့ရှိခဲ့ကြောင်း သိရသည်။“ဈေးထဲက မုန်ညင်းဖြူနဲ့ ကိုက်လန်ကို သုတေသန လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ သူတို့ သုံးတဲ့ ပိုးသတ်ဆေး နှစ်မျိုးက ခုနစ်ရက်ကြာတဲ့ အထိကို ရှိနေတယ်။ ခုနစ်ရက် နောက်ပိုင်းမှ လူစားလို့ ရနိုင်တဲ့ အနေအထားကို တဖြည်းဖြည်းနဲ့ ကျသွားတယ်”ဟု အဆိုပါ သီးနှံများအား သုတေသန ပြုလုပ်ခဲ့သည့် ပညာရှင် တစ်ဦးက ပြောသည်။
သီးနှံ စိုက်ပျိုးသည့် လူတိုင်းလိုလို တစ်မျိုးမျိုးသော ဓာတုပစ္စည်းများအား အသုံးပြုနေကြပြီး စည်းကမ်း လိုက်နာမှုများ မရှိပါက စားသုံးသူများပါ သေစေသည် အထိ အန္တရာယ်များ ကျရောက် စေနိုင်ကြောင်း အဆိပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များကလည်း ပြောကြား ထားသည်။ အော်ဂဲနို ဖော့စဖရပ်ကွန် ပေါင်းဖြစ်သည့် ပိုးသတ်ဆေး ပမာဏ အနည်းငယ်သည် လူတို့၏ အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် လည်းကောင်း၊ အရေပြားမှ တစ်ဆင့် လည်းကောင်း၊ အစားအစာ စားသုံးခြင်းမှ တစ်ဆင့် လည်းကောင်း ခန္ဓာကိုယ် အတွင်းသို့ ရောက်ရှိ သွားလျှင် ပမာဏ အနည်းငယ် ကပင် အာရုံကြောအား ထိခိုက် စေနိုင်ကြောင်း ဆေးသုတေသန ညီလာခံတွင် ပြုလုပ်သွားသည့် စာတမ်းဖတ်ပွဲ၌ ဆရာ ၀န်များက ဖတ်ကြား ခဲ့သည်။
ထိုကဲ့သို့ စားသုံးသူများ အပြင် ပိုးသတ်ဆေး အသုံးပြုသူများ တွင်လည်း အန္တရာယ် ကင်းသော ကာကွယ်မှုများ မရှိပါက အသက် သေဆုံးသည် အထိ ဖြစ်ပွားနိုင်ခြင်းနှင့် ပတ်သက်၍ “မနေ့က ရောက်လာတဲ့ တစ်ယောက်ဆို ဆေးဖျန်း နေရင်း ညနေကျတော့ မူးလဲသွားတယ်။ မေးကြည့်လိုက်တော့ ဆေးဖျန်း နေတာ နှာခေါင်းစည်းလည်း မတပ်ထားဘူး။ ဆေးဖျော်တာလည်း ကိုယ့်ဘာသာကိုယ် ဖျော်တယ်လို့ ပြောတယ်။ အကာအကွယ် မရှိတဲ့ အတွက် အငွေ့တွေက ခန္ဓာကိုယ်ထဲ ရောက်ပြီး နောက်ဆုံး တဖြည်းဖြည်းနဲ့ အသက်ရှူ ကျပ်လာတဲ့အထိ ဖြစ်လာမယ်။ ပြီးတော့ မျက်လုံး သူငယ်အိမ် အရမ်း ကျဉ်းသွားပြီး အဲဒီ့ အချိန် ဖြေဆေး မရဘူးဆိုရင် အသက် ဆုံးရှုံး သွားနိုင်တယ်”ဟု ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး ဆီးချိုနှင့် အထွေထွေ ရောဂါ အထူးကု သမားတော်ကြီး အဆိပ်သင့် ကုသဌာန ဒေါက်တာ ဦးရဲမြင့်က ပြောသည်။
ဓာတုပစ္စည်း ဖြစ်သည့် အဆိုပါ ပစ္စည်းများအား ရောင်းချခြင်း မပြုမီ အန္တရာယ်ကင်းသည့် ရက် အပိုင်း အခြားအလိုက် ကြိုတင်၍ အသုံးပြုရမည်ဟု သတ်မှတ်ချက် များလည်းရှိပြီး ထိုအချက်အား စိုက်ပျိုး ထုတ်လုပ်သူများ အနေဖြင့် လိုက်နာမှသာ စားသုံးသူ များတွင် အန္တရာယ် ဖြစ်ပွား စေမှုနည်းပါးမည် ဖြစ်သည်။“လွန်ခဲ့တဲ့ သုံးနှစ်လောက် တုန်းက ဆိုရင်တော့ စိုက်ပျိုးတဲ့သူ တွေက ပိုးသတ်ဆေး သုံးပြီး ခုနစ်ရက်၊ ဆယ်ရက်လောက်နေမှ ရောင်းချဖို့ လုပ်ကြတယ်။ အခု နောက်ပိုင်းတော့ ဈေးနှုန်း အတက်အကျ ကလည်း နေ့စဉ် ဖြစ်နေတာ ဆိုတော့ လူတွေက ကြာကြာ စောင့်လို့မရဘူး။ မစောင့် နိုင်တော့ဘူး။ အဲဒါနဲ့ တချို့ဆိုရင် ဆေးဖျန်းပြီး နှစ်ရက်လောက် နေတာနဲ့ ရောင်းကြတယ်”ဟု အင်းလေးကန် ဒေသတွင် ခရမ်းချဉ်သီး စိုက်ပျိုးရေး လုပ်ကိုင်နေသည့် တောင်သူ တစ်ဦးက ပြောသည်။
အသီးအနှံများတွင် ပိုးသတ်ဆေး သုံးသည့်အခါ ဈေးကွက်အတွင်း မပို့မီ ရက်ခြားပြီး သုံးစွဲရမည့် ဗဟုသုတများနှင့် ပိုးသတ်ဆေး၏ အန္တရာယ်အား ကျေးရွာ အထိ စိုက်ပျိုးရေး ပစ္စည်းများ ရောင်းချသော ကုမ္ပဏီများမှ တာဝန်ရှိသူ များက တောင်သူများကို အသိပညာ ပေးမှုများ ရှိသည်ဟု ဆိုသည်။ ထို့အပြင် ယခုနောက်ပိုင်း ဈေးကွက် အတွင်းရှိသည့် ပိုးသတ်ဆေး များသည် ယခင်ထက် ပြင်းအား ပိုမိုများပြားပြီး ဈေးကွက် အတွင်း မပို့မီ ၁၄ရက်ခန့် ကြိုတင် သုံးစွဲ သင့်ကြောင်း သတိပေး ပြောဆိုမှုများ လည်းရှိကြောင်း တောင်သူ အချို့က ပြောသည်။ ထိုကဲ့သို့ စနစ်တကျ မရှိသည့် ပိုးသတ်ဆေး ပါဝင်မှုနှုန်း များပြားနေသည့် အစားအစာ များကြောင့် အန္တရာယ် ဖြစ်ပွားမှု မရှိစေရန် စားသုံးသူများ အနေဖြင့် မဖြစ်မနေ လိုက်နာသင့်သည့် အချက် တစ်ချက်မှာ အသီးအနှံ များအား ထပ်ခါထပ်ခါ ဆေးကြောပြီးမှ စားသုံး သင့်ခြင်းဖြစ်ကြောင်း ဒေါက်တာ ရဲမြင့်ကပြောကြားသည်။
“တချို့တွေရဲ့ လွဲမှားတဲ့ အယူအဆ ဖြစ်တဲ့ ပန်းသီးဆိုရင် အခွံပါ စားရတယ် ဆိုတဲ့ အတွေး တွေက ပန်းသီး အခွံမှာ ဆိုရင် ပိုးသတ်ဆေးတွေ၊ ဖယောင်းတွေ ပါဝင်နေတယ်။ အခွံပါ စားရင် အဲဒါတွေပါ ခန္ဓာကိုယ်ထဲ ရောက်သွားတယ်။ အဲဒါကြောင့် အခွံခွာပြီး သေချာ ဆေးစားတာ အကောင်းဆုံးပဲ”ဟု အဆိုပါ ဆရာဝန်က ပြောသည်။ ပိုးသတ်ဆေး ပါဝင်သည့် အစားအစာများ စားသုံးခြင်းကြောင့် စားသုံးသူများတွင် ရေရှည်တွင် အာရုံကြောအား ထိခိုက် ခြင်း၊ အဆုတ်တွင် နမိုးနီးယား ကဲ့သို့ ရောဂါ ဖြစ်ပေါ်ခြင်း၊ အရေပြား ရောဂါများ ဖြစ်ပွားခြင်း၊ အတက် ရောဂါများ ဖြစ်ပွားခြင်း အပြင် ကင်ဆာရောဂါများ အထိလည်း ဖြစ်ပွားနိုင်ကြောင်း သုတေသန ပညာရှင်တစ်ဦးက ပြောကြားသည်။
မြ၀တီ
- (အရှေ့သို့) အရိုးမ်ား ကျန်းမာစေရန် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) Melanoma မှဲ့ကင်ဆာ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)