သက်တမ်းအရှည်ဆုံး အသက်မွေးဝမ်းကြောင်း အတွက် တိုက်ပွဲဝင်ခြင်း


အင်ဒိုနီးရှား နိုင်ငံရှိ ဒုတိယ အကြီးဆုံးမြို့ ဆူရာဘာယာတွင် အရှေ့တောင်အာရှ၏ အကြီးဆုံး ပြည့်တန်ဆာ ရပ်ကွက် ရှိနေသည်။ အာဏာပိုင်များက ၎င်းပြည့်တန်ဆာ ရပ်ကွက်ကို ဖျက်သိမ်းရန် ဆန္ဒရှိနေသော်လည်း ရပ်ကွက်တွင် နေထိုင်သူများနှင့် အလုပ် လုပ်ကိုင်နေသူ များကတော့ အာဏာပိုင် များ၏ အစီအစဉ်ကို တတ်စွမ်းသရွေ့ ဆန့်ကျင်ကန့်ကွက် နေခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ နယ်သာလန်၏ ကိုလိုနီ ပြုကျင့်မှု ခံစဉ်အတွင်း ၎င်းရပ်ကွက်ရှိ ဒတ်ခ်ျ လူမျိုး ပြည့်တန် ဆာခေါင်း အမျိုးသမီး၏ အမည် ကိုအစွဲပြုပြီး ဒေါ်လီရပ်ကွက်ဟု ဆိုစမှတ်ပြု ခဲ့ကြသည်။ ဒေါ်လီရပ်ကွက်၌ ၁၉၇၀ ခုနှစ် များတွင် ပြည့်တန်ဆာအိမ် အနည်းငယ်သာ ရှိခဲ့သော်လည်း ယနေ့တွင်တော့ ပြည့်တန်ဆာ နှင့် ပြည့်တန်ဆာခေါင်း ရာပေါင်း များစွာတို့ ဖြင့် စည်ပင် နေသည့် ရပ်ကွက်ကြီး တစ်ခု ဖြစ်နေပြီ ဖြစ် သည်။

ဒေါ်လီရပ်ကွက်မှာ လိင်လုပ်ငန်းတစ်ခုသာ တည်ရှိနေသည် မဟုတ်၊ ဒေါ်လီရပ်ကွက်ကို အမှီပြုပြီး အခြား စီးပွားရေး လုပ်ငန်းများလည်း လည်ပတ်နေခဲ့သည်။ ပြည့်တန်ဆာ ရပ်ကွက်တွင် နေထိုင်သူများသည် ဖောက်သည်များနှင့် ဖောက်သည်လောင်း များအား အစားအစာများ ရောင်းချခြင်း၊ ဖောက်သည် များထံမှ မော်တော်ဆိုင်ကယ် ရပ်နားခကို ကောက်ခံခြင်း တို့ဖြင့် ငွေရွှင် နေခဲ့သည်။

ဒေါ်လီရပ်ကွက်ကြီး သူ့နည်းသူ့ဟန်ဖြင့် လည်ပတ် နေသော်လည်း ယခုအချိန်တွင် အာဏာပိုင် များသည် ရပ်ကွက်ကို ပိတ်ပစ် နိုင်ရန်ကြိုးပမ်း နေပြီဖြစ်သည်။ ရပ်ကွက်မှ ဇွန် လ(၁၈) ရက်နေ့နောက်ဆုံး ထားပြီး ဖယ်ရှားပေးရန် ပြည့်တန်ဆာများအား အာဏာပိုင် များက ရာဇသံ ပေးပြီးပြီ ဖြစ်သော်လည်း စကပ် တိုတိုကျပ်ကျပ် ၀တ်ဆင်ထားပြီး ဒေါက်မြင့် ဖိနပ်စီးထားသော မိန်းကလေးငယ် များသည် ဧည့်သည်များ အား မီးရောင် ဖျော့ဖျော့ထွန်းထားသည့် အခန်းများထဲသို့ ဖိတ်ခေါ် နေကြဆဲဖြစ်သည်။

ပြည့်တန်ဆာ ခေါင်းများကလည်း ပုန်းလျှိုးကွယ်လျှိုး မနေကြပါ။ ဖောက်သည် ဖြစ်လာနိုင်သူများကို ၀မ်းသာ အားရဖြင့် ဖိတ်ခေါ်သမှု ပြုနေကြပါသည်။ ကာရာအိုအေ အခန်းတစ်ခုတွင် အလုပ်လုပ်ကိုင် နေသော လိင်အလုပ်သမ တစ်ဦးက ဖြတ်သန်းဖြစ်လာ ပြုနေသည့် ဂျာနယ်လစ် များအား မြင်တွေ့သည့် အခါတွင် ပြေးထွက်လာပြီး ဒေါ်လီကို ဖွင့်လှစ်ထားဆဲ ဖြစ်ကြောင်း လက်သီးလက်မောင်း တန်းပြီး အော်ဟစ် ပြောဆိုခဲ့သည်။

ဆူရာဘာယာ၏ ပြုပြင်ပြောင်းလဲရေး လိုလားသော အမျိုးသမီး မြို့တော်ဝန် ထရီ ရီစမာဟာရီနီက “ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေပါစေ ပြည့်တန်ဆာ ရပ်ကွက်ကို ပိတ်ပစ် မည်”ဟု ကြွေးကြော် ထားသည်။ ဒေါ်လီရပ်ကွက်ရှိ လိင်အလုပ်သမများ ပြည့်တန်ဆာ အလုပ်ကိုစွန့်လွှတ်ပြီး အခြားအလုပ်အကိုင် တစ်ခု ကို လုပ်ကိုင်နိုင်ရန် အတွက် တစ်ဦးလျှင် (၄၂၅) ဒေါ်လာစီ ထောက်ပံ့မည်ဖြစ်ကြောင်း အစိုးရက ကမ်းလှမ်းထားသည်။

ရီစမာဟာရီနီက အမျိုးသမီးများ ယခု ရက်ပိုင်းအတွင်း ငွေလာရောက် ထုတ်ယူကြရန် ဆော်သြထား သည်။ မြို့တော်ဝန်သည် ယခုအချိန်အထိ အင်အားသုံး ဖယ်ရှားခြင်း မပြုသေးသော်လည်း ရာမာဒန် ဥပုသ်လကုန် ဆုံးမည့် ဇူလိုင်လကုန်ပိုင်းတွင် ရပ်ကွက်တစ်ခုလုံးကို ဖျက်သိမ်းပစ်ရန် ဆန္ဒရှိနေခဲ့သည်။

သို့သော် လိင်အလုပ်သမများ၊ ပြည့်တန်ဆာခေါင်းများနှင့် ရပ်ကွက်တွင်းရှိ အခြား စီးပွားရေး လုပ်ငန်းရှင် များက လမ်းမပေါ်ထွက် ဆန္ဒပြမှုများကို ပြုလုပ်နေပြီဖြစ်သည်။ အစိုးရ ကပေးသော နစ်နာကြေးသည် အသက်မွေး ၀မ်းကြောင်း လုပ်ငန်းကို စွန့်လွှတ်လိုက်ရ ခြင်းနှင့် မကာမိကြောင်း သူတို့က ပြောဆိုခဲ့ သည်။ ““အစိုးရက ကျွန်မတို့ကို အလေးမထား ပါဘူးရှင်။ ပိုပြီးရေရှည် တည်မြဲမယ့် အဖြေ တစ်ခုကို ကျွန်မတို့ လိုချင်ပါတယ်၊ ပြည့်တန် ဆာတွေကို ငွေပေးပြီး အလုပ် မလုပ်ခိုင်းရုံနဲ့ ပြဿနာ ပြေလည်သွားမှာ မဟုတ်ပါဘူး”” ဟု ပြည့်တန်ဆာ တစ်ဦးဖြစ်သည့် အသက်(၄၃) နှစ်အရွယ် ဆူယတ်မီက ပြောဆိုခဲ့ သည်။

ပြည့်တန်ဆာရပ်ကွက် ဖျက်သိမ်း လိုက်ခြင်းကြောင့် ရပ်ကွက်နေ အားလုံး ထမင်းငတ် သွားလိမ့်မည် ဖြစ်ကြောင်း၊ အစိုးရသည် အခြေခံ လူတန်းစားများ မည်ကဲ့သို့ အသက်မွေး နေရသည်ကို နားမလည်ဘဲ လုပ်ချင်ရာကို လုပ်နေကြောင်း ဒေါ်လီရပ်ကွက် နေသူ တစ်ဦးဖြစ်သလို ပြည့်တန်ဆာများ အရေး လှုပ်ရှားနေသည့် ဆာပုတြာက ပြောဆိုခဲ့ သည်။

““လမ်းတွေကို ပိတ်ဆို့ထားမယ်ရှင်၊ ဘယ်ရဲကိုမှ ရပ်ကွက်ထဲ အ၀င်မခံဘူး””ဟု ဆာပုတြာက ပြောဆိုခဲ့ သည်။

ဒေါ်လီရပ်ကွက်ရှိ လမ်းများသည် ညအချိန်တွင် လှုပ်ရှားသွားလာမှု များဖြင့် ပျားပန်းခတ် သကဲ့သို့ စည်ကား လှသည်။ သို့သော် နေ့လည်ပိုင်းတွင် ဒေါ်လီရပ်ကွက်လေးမှာ သုသာန်တစ်စပြင် တစ်ခုကဲ့သို့ ဆိတ်ငြိမ်နေခဲ့သည်။ ပလက်ဖောင်းများ ထက်တွင် ဧည့်သည် ကိုစောင့်မျှော်နေသည့် ပြည့်တန်ဆာ တစ်ယောက်တစ်လေကိုသာ တွေ့ရတတ်သည်။

ပြည့်တန်ဆာအိမ် တစ်အိမ်၏ နံဘေးရှိ အိမ်၏၀ါရံတာတွင် လမ်းလျောက်တတ်ကာစ ကလေးငယ် တစ်ဦးနှင့် သူ၏မိဘများ ထိုင်နေကြသည်။ အိမ်ရှေ့ရှိ လမ်းမထက်တွင် ကလေးငယ်များက ဘောလုံး ကစား နေကြသည်။ ဒေါ်လီရပ်ကွက်တွင် ရပ်ကွက်နေများနှင့် ပြည့်တန်ဆာများသည် အေးအတူပူအမျှဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ မှီတင်း နေထိုင်နေကြသည်။

ကမ္ဘာပေါ်တွင် မူဆလင်ဦးရေ အများဆုံး အင်ဒိုနီးရှားသည် ဘာသာတရားရိုသေ ကိုင်းရှိုင်းသူများသော နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း ဒေါ်လီရပ်ကွက် ရှိနေခြင်းကြောင့် ရပ်ကွက်နေများ ၀င်ငွေရရှိပြီး သား သမီးများကို ပြုစု ပျိုးထောင်ခွင့် ရရှိခဲ့ကြသည်။

အင်ဒိုနီးရှားရှိ လူ (၁၄၀၀၀) ကျော် သည် ဒေါ်လီကဲ့သို့ ပြည့်တန်ဆာရပ်ကွက်များ မှရရှိသော ၀င်ငွေဖြင့် ရပ်တည် နေရကြောင်း အင်ဒိုနီးရှားရှိ လွတ်လပ်သော လူငယ်အသင်း (KOPI)မှ အနစ္စါက ပြောဆိုခဲ့ သည်။

ကလေးငယ် ထောင်ပေါင်းများစွာ သည် မိဘများ၏ ပြည့်တန်ဆာ ရပ်ကွက်မှ ရရှိငွေများ အပေါ် မှီခို နေထိုင်ရကြောင်း၊ ဒေသဆိုင်ရာ အစိုးရသည် ပြည့်တန်ဆာ ရပ်ကွက်အား ပိတ်ပစ်ရန် မဆုံးဖြတ်မီတွင် ရပ်ကွက်ရှိ လိင်အလုပ်သမ များနှင့် ရပ်ကွက်နေ များကို တိုင်ပင်ခြင်း မပြုခဲ့ကြောင်း၊ အကျိုးဆက်အဖြစ် ရပ်ကွက်နေ အားလုံးကို ထိခိုက်မှု ရှိတော့မည်ဖြစ်ကြောင်း သူကပြောဆိုခဲ့သည်။

အသက် (၃၈) အရွယ် လစ်စ်မှာ အကျိုးဆက်ကို စတင် ခံစားနေ ရပြီဖြစ်သည်။ လစ်စ်မှာ လိင်အလုပ်သမ အဖြစ် လုပ်ကိုင်နေသည် မှာ(၁၂) နှစ်ရှိပြီဖြစ်ပြီး သူ၏ ကလေးနှစ်ဦးပင် စာသင်ကျောင်း တက်ရောက် နေကြပြီဖြစ်သည်။ ““ကျွန်မက မူလတန်းတောင် အောင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မကလေးတွေကို အနာဂတ် ကောင်းစေချင်တယ်။ ဒါကြောင့် လုပ်တတ်တဲ့ ဒီအလုပ်နဲ့ပဲ ငွေရှာရတယ်လေ၊ ငွေမရရင် ကလေးတွေကို ဘယ်လိုပြုစု ပျိုးထောင်မလဲရှင်”” ဟု သူက ပြောဆိုခဲ့သည်။

ဧည့်သည် အနည်းအများကို မူတည်ပြီး တစ်လလျှင် ဒေါ်လာ(၂၅၀) မှ(၈၀၀) ကြား ရရှိတတ်ကြောင်း၊ သို့သော် ငွေများများစား စားတော့ စုမိဆောင်းမိခြင်း မရှိကြောင်း လစ်စ်က ပြောသည်။ ဧည်သည့် တစ်ဦး လျှင် (၁၀)ဒေါ်လာ သတ်မှတ် ထားသော်လည်း တစ်ဝက်ကိုသာ စုနိုင်ပြီး ကျန်တစ်ဝက်ကို ပြည့်တန်ဆာ ခေါင်းအား ပေးရကြောင်း သူက စိတ်ပျက်လက်ပျက် ပြောဆိုခဲ့သည်။

အင်ဒိုနီးရှားတွင် ပြည့်တန်ဆာလုပ်ငန်းသည် တရားမ၀င် သော်လည်း ပြည့်တန်ဆာ ရပ်ကွက်များကို ပိတ်ပစ်လိုက်ခြင်းကြောင့် လိင်လုပ်ငန်းကို အမှီပြု အသက်မွေးရသူ များစွာရှိနေသဖြင့် ယင်းကဲ့သို့ ပိတ်ပစ် ရန်နှင့် နောက်ဆက်တွဲ ကိစ္စများသည် အာဏာပိုင် များအတွက် ခေါင်းခဲစရာ ဖြစ်ခဲ့သည်။

ပြည်သူ့ဆန္ဒတဲ့

သို့သော် ဆူရာဘယာရှိ အာဏာပိုင်များကတော့ ဒေါ်လီရပ်ကွက်ကို အမြစ်ပြတ် သန့်ရှင်းရေး လုပ် ချင်နေသည်။ ““ဒေါ်လီ ရပ်ကွက်မှာမနေတဲ့ ပြည်သူတွေက ရပ်ကွက်ကို ဖျက်သိမ်း စေချင်နေပါတယ်။ ဒါက သူတို့ ဆန္ဒပါ။ ကျွန်တော်တို့ ဆန္ဒမဟုတ်ပါဘူး၊ ရပ်ကွက်မှာ နေတဲ့ကလေးတွေအပေါ် လိင်လုပ်ငန်း က အရပ်မဲကြီး ထိုးမှာကို မလိုလားပါဘူး၊ ဒါအပြင် အိပ်ခ်ျအိုင်ဗီ ကူးစက်မှုနှုန်းလည်း တိုးတက်လာ နေလို့ ပါဗျာ””ဟု အရှေ့ဂျာဗား၏ ဒုတိယအုပ်ချုပ်ရေးမှူး ဆိုင်ဖာလာယူဆွတ်ဖ်က ပြောဆိုခဲ့သည်။

ပြည့်တန်ဆာများအား နစ်နာကြေး အပြင် အလုပ်အကိုင် ပြောင်းလဲနိုင်ရန် အသက် မွေးဝမ်းကြောင်း သင်တန်းများလည်း ပေးမည် ဖြစ်ကြောင်း အစိုးရအရာရှိ များကပြောဆိုခဲ့သည်။ သို့သော် ဒေါ်လီ ရပ်ကွက်ရှိ ပြည့်တန်ဆာများကို နှစ်ပေါင်းများစွာ အကူအညီပေး နေသည့် အန်ဂျီအိုလ် ၀န်ထမ်းများ ကတော့ လိင်အလုပ်သမများ အလုပ်အကိုင် ပြောင်းလဲ လုပ်ကိုင်ရန် မလွယ်ကူကြောင်း သတိပေး ပြောဆိုခဲ့သည်။

““ဒီရပ်ကွက်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး အများစုက ပညာ မတတ်ကြပါ ဘူး၊ ဒါကြောင့် အလုပ်ရဖို့ သိပ်ခက်ခဲပါလိမ့်မယ်””ဟု အန်ဂျီအိုတစ်ခုဖြစ်သည့် ယာယာဆန်အက်ဘ်ဒီအာဆီ၏ ဒါရိုက်တာ လီလစ် ဆူလစ်တြိုဝါတီ ကပြောဆိုခဲ့သည်။ ပြည့်တန်ဆာများအား ကျွမ်းကျင်မှုသစ်များ သင်ကြား ပေးရမည်ဖြစ် ကြောင်း၊ သို့သော် အလုပ်အကိုင် သစ်များ ရရှိစေရန် လေ့ကျင့် သင်ကြားမှုများသည် စိတ်ရှည် သည်းခံ မှုနှင့် အချိန်ယူမှုရှိရန် အဓိက လိုအပ်ပြီး သင်ကြားမှုများ ပြုလုပ်စဉ် တွင် ပြည့်တန်ဆာများ ၏မိသားစုများ မည်သည့်နည်းဖြင့် အသက်မွေးကြ ရမည်ကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း သူက သတိပေး ပြောဆိုခဲ့သည်။

ဒေါ်လီရပ်ကွက် တွင်တော့ ဆန္ဒပြမှုများ က ဆက်လက် ရှိနေဆဲဖြစ်သည်။ ရပ်ကွက်နေများနှင့် လိင် အလုပ်သမ များကတော့ သူတို့၏ အသက်မွေးမှုကို ရပ်ဆိုင်းရန် လုံးမ၀မဖြစ်နိုင်ဟု တင်းခံနေကြသည်။

““ဥပုသ်လ ကျော်သွားတာနဲ့ အလုပ် ပြန်စမှာပါ။ ဘယ်သူကမှ ဒေါ်လီရပ်ကွက်ကို တားလို့ မရပါဘူး”” ဟု ဆာပုတြာက တင်းမာ ပြတ်သားစွာ ပြောဆိုခဲ့သည်။

Ref: Battle over Indonesian redlight district:BBC

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...