မြန်မာ့ပညာရေး အမှန်တရားနှင့် မဝေးစေချင်



တစ်ခုခုတော့ လွဲနေပြီထင်ပါတယ်။ ဇွန်လ ၂၄ ရက်ထုတ် ဒီမိုကရေစီတူဒေးသတင်းစာမှာ ပါဝင်တဲ့ ‘‘အဝေးသင် တက္ကသိုလ်တွင် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကို သင်ကြားပေးနိုင်ရန် ဆောင် ရွက်မည်’’ဆိုသည့် သတင်းတစ်ပုဒ်ကို ဖတ်ရသဖြင့် ယင်းသတင်းပါအကြောင်းအရာ ကြောင့် ဤဆောင်း ပါးကို ရေးဖြစ်ခဲ့ပါတယ်။ ယင်းသတင်းပါအ ကြောင်းအရာတွင် ရန်ကုန်အဝေး သင်တက္ကသိုလ်၏ တာဝန် အရှိ ဆုံးပုဂ္ဂိုလ်တစ်ဦးက ‘‘အဝေးသင် ပညာရေးသည် နိုင်ငံတကာနှင့် ယှဉ်ကြည့်မယ်ဆိုလျှင် မဆိုး ကြောင်း၊ သူတို့နှင့် တန်းတူ သဘောမျိုးဖြစ်ကြောင်း၊ နှိုင်းယှဉ် မည်ဆိုရင် နှိုင်းယှဉ်လို့ရသည့် အနေအ ထားတွင် ရှိကြောင်း’’ ပြောဆိုထားသည်ကို ဖတ်ရသဖြင့်လွန်စွာ အံ့အားသင့်မိပါသည်။

နိုင်ငံတကာနှင့် နှိုင်းယှဉ်လို့ ရတယ်ဟု ဆိုထားခြင်းမှာ အဝေးသင်ပညာရေး၏ သင်ရိုးညွှန်းတမ်းများကို ဆိုလိုတာလား၊ အဝေးသင်ပညာရေးမှ ထွက်ပေါ်လာသော ဘွဲ့ရကျောင်းသားများ၏ အရည်အသွေးကို ဆိုလိုတာလား၊ ဒါမှမဟုတ် ဘွဲ့နှင်းသဘင် ခန်းမမှ နှစ်စဉ်ပုံမှန် ထွက်ပေါ်လာသည့် မြောက်မြားစွာသော ဘွဲ့ရ ကျောင်းသားများ၏ အရေအတွက်ကို ဆိုလိုတာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါ။ မြန်မာနိုင်ငံ၏ လက်ရှိပညာ ရေးစနစ်ကိုကြည့်လျှင် နိုင်ငံတ ကာကို နှိုင်းယှဉ်ဖို့ဝေးစွ အာဆီယံနိုင်ငံများ အတွင်းပင် အလယ်အလတ် အဆင့်မရောက်သေးသည်ကို အထွေအထူးပြောစရာ လိုမည်မထင်ပါ။ ပညာရေး အသိုင်းအ၀န်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ကျောင်းသားများနှင့် ဘွဲ့ရပညာတတ် ပုဂ္ဂိုလ် များအားလုံး သိရှိလက်ခံထားပြီး ဖြစ်ပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံကို ၀ိဇ္ဇာ၊ သိပံ္ပဘာသာရပ်များ အတွက် လာရောက်ပညာတော်သင်ယူကြသော နိုင်ငံခြားသားဟူ၍ မရှိပါ။ မြန်မာနိုင်ငံကပဲ နိုင်ငံတကာ သို့ ပညာတော်သင်များထွက်သွားမစဲ တသဲသဲ ဖြစ်နေသည်မှာ လက်ရှိမြန်မာ့ပညာ ရေးအဆင့်အတန်းကို သက်သေ ခံနေသည်မဟုတ်ပါလား။ မြန်မာ စာနှင့် ဗုဒ္ဓဘာသာစာပေများအတွက် မြန်မာနိုင်ငံကို လာရောက် ပညာသင်ယူကြသော နိုင်ငံခြား သားများတော့ရှိကြပါသည်။

မြန်မာ့ပညာရေးအဆင့် အတန်းကိုကြည့်လျှင် ဘာသာရပ် ဆိုင်ရာ သင်ရိုးညွှန်းတမ်းများက တော့ ယခင် စစ်အစိုးရလက်ထက် ကတည်းကပင် နိုင်ငံတကာအ ဆင့်မီသည်ဟုပြောရပါမည်။ သို့ သော်လည်း ပညာရေးစနစ်ကို အဓိက စီမံခန့်ခွဲသူများနှင့် လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်သူများ၏ အားနည်း ချက်များကြောင့် အရည်အချင်း ပြည့်မီသော နိုင်ငံတကာစံချိန်မီ ဘွဲ့ရကျောင်းသား၊ ကျောင်းသူ များနှင့် အဖိုးတန်လူ့စွမ်းအား အရင်းအမြစ်များ လွန်စွာရှားပါး ခဲ့ရပါသည်။ ပညာရေးစနစ်တစ် ခုမည်မျှ ကောင်းမွန်သည်ကို ပြောဆိုနိုင်ရန် အဓိကအခြေခံအချက်များစွာ ရှိပါသည်။ အရေးကြီးသော အချက် များမှ အချို့ကိုပြောဆိုရလျှင် (က) မှန်ကန်သော ပညာရေးစီမံခန့်ခွဲမှုစနစ်၊ (ခ)စစ်မှန်သော ပညာရှင်များ ၏ဦးဆောင်မှုနှင့် မှန်ကန်သော ဆုံးဖြတ်နိုင်မှုစွမ်းအား၊ (ဂ) ပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများ၊ (ဃ) ပညာရေးစနစ်ကို လက်တွေ့အကောင်အထည်ဖော်ကြရမည့် ဆရာ၊ ဆရာမများ၏အရည်အ သွေးပြည့်ဝ မှုနှင့် အရည်အသွေးကို အပြည့်အ၀အသုံးချနိုင်မှု၊ (င) ပညာရေးဆိုင်ရာဘတ်ဂျက် သုံးစွဲနိုင်မှု၊ (စ) ပညာရေးနှင့် ဆက်နွှယ်သော လက်တွေ့အသုံးချသုတေသနဖွံ့ဖြိုးမှု၊ (ဆ) အရည်အသွေးအာမခံနိုင်မှု (Quality Assurance)၊ (ဇ) စက်မှုလက်မှု ကဏ္ဍများ၊ သိပံ္ပနှင့် နည်းပညာ ကဏ္ဍများနှင့် စီးပွားရေးဆိုင်ရာ ကဏ္ဍများစသည့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများကို ပညာရေးမှ နည်းပညာ အထောက်အပံ့ ပေးစွမ်းနိုင်မှု စသည့် အထက်ပါ အခြေခံအချက်များ ကောင်းမွန်နေပြီဆိုလျှင် ယင်းပညာရေးစနစ်သည် စံချိန်မီပညာရေးစနစ်၊ နိုင်ငံတကာအဆင့်မီပညာရေးစနစ်ဟုဆိုနိုင်ပေမည်။ နိုင်ငံတကာနှင့် တန်းတူညီ သော ပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများရှိရုံဖြင့် နိုင်ငံ တကာအဆင့်မီပညာရေးစနစ်ဟု ပြောလျှင်ဖြင့် လူရယ်စရာပင်ဖြစ်ပေလိမ့်မည်။

ပညာရေးစနစ်ကောင်းမွန် စေရန် မူဝါဒများကို မည်သို့ပင် ချမှတ်စေကာမူ လက်တွေ့အ ကောင်အထည် ဖော်နိုင်မှုအား နည်းနေလျှင် အေင်မြင်နိုင်မည် မဟုတ်ပေ။ မြန်မာနိုင်ငံ၏ လက် ရှိပညာရေးစနစ်သည် ၁၉၇၃ ခုနှစ် ပညာရေးဥပဒေများကို အ ခြေခံထားသော ပညာရေးစနစ် ဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက် ပိုင်း စစ်အစိုးရတက်လာပြီး နောက် ၁၉၇၃ ခုနှစ် ပညာရေး ဥပဒေများကို ပြင်ဆင်မွှမ်းမံခဲ့ သော်လည်း စီမံခန့်ခွဲမှုနှင့် လက် တွေ့အကောင်အထည်ဖော်နိုင်မှု အားနည်းသောကြောင့် အောင် မြင်မှုမရရှိခဲ့ပေ။ ပညာရေးတွင် ပညာရှင်များ၏ လွတ်လပ်စွာ စီမံ ဆောင်ရွက်ခွင့်မရှိခြင်း၊ ပက တိအခြေအနေမှန်နှင့် လိုက်လျောညီထွေမရှိခြင်းနှင့် ဗဟိုချုပ်ကိုင်မှု လွန်ကဲခြင်းတို့သည် ပညာရေးဖွံ့ ဖြုးတိုးတက်ရေးအတွက် အဓိက အတားအဆီးများဖြစ်ခဲ့သည်။ ဗဟိုချုပ်ကိုင်မှုစနစ်တွင် ပညာ ရေးကို အဓိကဦးဆောင်သူသည် ပညာရေးကိုနားလည်တတ်ကျွမ်း သူ မဟုတ်ပါက ယင်းပညာရေး အဆင့်အတန်းသည် အောက်ဆုံး အထိ ကျဆင်းသွားမည်မှာ မလွဲ ဧကန်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိတက္က သိုလ်ပညာရေးကို ကြည့်လျှင် သင်ကြားရေးနှင့် သုတေသနပိုင်း ဆိုင်ရာများ တွင် အားနည်းချက် လွန်စွာကြီးမားလျက် ရှိဆဲပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ဒီဂရီကော လိပ်နှင့် ကောလိပ်စုစုပေါင်း ၁၆၈ ခုအနက် အချို့ဝန်ကြီးဌာနများအောက်ရှိ အသက်မွေးဝမ်းကျောင်းတက္က သိုလ်ကောလိပ်အနည်းငယ်မှလွဲ ၍ ကျန်တက္ကသိုလ်ကောလိပ် အများစုတွင် သင်ထောက်ကူဆိုင် ရာ ပစ္စည်းများမပြည့်စုံခြင်း၊ ကျွမ်း ကျင်သော အရည်အသွေးမြင့် ဆရာ၊ ဆရာမများ နည်းပါးနေ ခြင်းတို့က ပညာရေးအတွက် အဓိကအရေးတကြီးလိုအပ်ချက်များပင်ဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ဘွဲ့ရလူငယ်အမြောက်အမြား ထွက်ပေါ်လာခဲ့သော်လည်း အ ရည်အသွေးနှင့် အဆင့်အတန်း အာမခံနိုင်မှု (Quality Assuance) မရှိခြင်းက ဘွဲ့ရလူငယ်များအ တွက် အနာဂတ်ကို မရေမရာဖြစ် စေခဲ့ပါသည်။ လက်ရှိအဝေးသင် တက္ကသိုလ်မဆိုထားနှင့်၊ ကျန်တက္ကသိုလ် ဒီဂရီကောလိပ် များ သည်ပင်လျှင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အခြေအ နေရောက်အောင် နှစ်အတော်အ တန်လျှောက်လှမ်းရဦးမည်ဖြစ်သည်။

လက်ရှိ အဝေးသင်တက္က သိုလ်ကျောင်းသားများသည် ဆရာ၊ ဆရာမများနှင့် ထိတွေ့ သင်ယူမှု အလွန် နည်းပါးခြင်း၊ ၎င်းတို့ကိုယ်တိုင် အဝေးသင်ပညာ ရေးကို ယုံကြည်မှုမရှိခြင်း၊ ဘွဲ့တစ်ခုရရှိရေးအတွက် ကျူရှင်ကိုသာအဓိကအားထားနေကြ ရ ခြင်း၊ ရုပ်မြင်သံကြားသင်ခန်းစာ ပို့ချချက်များကို ကြည့်ရှုသင်ယူမှု မရှိသလောက်နည်းပါးခြင်း၊ ဗီစီ ဒီသင်ခန်းစာပို့ချချက်မှတစ်ဆင့် လေ့လာသင်ယူမှုနည်းပါးနေ သေးခြင်း၊ အဝေးသင်စာစဉ် (Assignments) များကို ကိုယ် တိုင်ဖြေဆိုမှုနည်းပါးပြီး အသင့် ဖြေဆိုပြီးသား စာစဉ် အဖြေစုံများမှ ၀ယ်ယူကူးချခြင်းနှင့် တစ်ပွဲထိုး အလွတ်ကျက်စနစ်ကို သုံပြီး စာမေးပွဲဖြေဆိုနေကြခြင်း တို့သည် ယနေ့အဝေးသင်ကျောင်းသားများ၏ ဘွဲ့တစ်ခုရရှိရေးအတွက် လက်တွေ့ပြုမူဆောင်ရွက်နေပုံ များပင်ဖြစ်သည်။ ထို့အပြင် အဝေးသင်တက္ကသိုလ်သည် သင်ကြားရေးနှင့် လက်တွေ့ဘာသာ ရပ်များ အတွက် ကိုယ်ပိုင်ဆရာ၊ ဆရာမများမရှိဘဲ အခြားတက္က သိုလ်များမှ ဆရာ၊ ဆရာမများ ၏ အကူအညီကို ယူနေကြရခြင်း က အဝေးသင်တက္ကသိုလ်၏ အား နည်းချက်ဖြစ်သည်။ ဤအခြေအ နေတွင် အသက်မွေး ၀မ်းကျောင်း ဘာသာရပ်များကိုပါ သင်ကြားဦး မည်ဆိုလျှင်တော့ ဟုတ်ပါ့မလား ဟုပင် မေးခွန်းထုတ် စရာဖြစ်နေပါ သည်။

အဆောက်အအုံ တစ်ခု ဆောက်မည်ဆိုလျှင် အခြေခံ အုတ်မြစ်ခိုင်မာဖို့တော့ လိုပါမည်။ သို့မဟုတ်ပါက အဆောက်အအုံတစ်ခုလုံးပြိုကျပျက်စီးလိမ့်မည်ဖြစ်သည်။ ပညာရေးစနစ်ကောင်း တစ်ခုတည်ဆောက်မည် ဆိုလျှင်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။

အောက်ခြေအထိ ဆင်းပြီး ပကတိအခြေအနေအမှန် ကို ဦးစွာမြင်အောင် ကြည့်ရပါမည်။ ထိုသို့မဟုတ်ဘဲ ပညာရေး နှီးနှောဖလှယ်ပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ် ခြင်း၊ မူဝါဒများချမှတ်ခြင်း၊ ဥပ ဒေများရေးဆွဲခြင်းစသည်တို့ကို ပြုလုပ်နေရုံမျှဖြင့် မြန်မာ့ပညာ ရေးအဆင့်အတန်း မြင့်မားလာ နိုင်မည် မဟုတ်ပေ။

နိုင်ငံတော်အကြီးအကဲများ၊ ဌာနဆိုင်ရာ အကြီးအကဲများ အနေဖြင့် အောက်ခြေအထိ ဆင်းသည်ဆိုရာ တွင်လည်း အဓိပ္ပာယ် ရှိရန်လိုအပ်ပါသည်။ ယနေ့ဌာနဆိုင်ရာ အတော်များများသည် အထက်လူကြီးများ ကို အလွန် ကြောက်ရွံ့တတ်ကြသော ကြောင့် အမှန်တရားကို မခြွင်းမ ချန်ရဲရဲဝံ့ဝံ့တင်ပြရဲသော စိတ် ဓာတ်များ ပျောက်ဆုံးလျက်ရှိ သည်။ အထက်မှ လူကြီးလာစစ် မည်ဟု ကြိုသိထားလျှင် လူကြီး စိတ်ကျေ နပ်အောင် ကြိုတင် ပြင်ဆင်ထားတတ်သည့် အလေ့ အထများထွန်းကားဆဲပင်ဖြစ်သည်။ ကြိုတင်ပြင်ဆင် သည်ဆို ရာဝယ် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်းတင်ပြ မည့်အချက်အလက်စာရင်း ဇယား များကို မဆိုလိုပါ။ ပကတိ အခြေအနေအမှန်ကို ပြောင်းလဲ ထားခြင်းများ၊ အမှားကို ဖုံးကွယ်ထားခြင်း များ၊ လူကြီးနှင့် အဆင် မပြေနိုင်သည်ဟု ယူဆရသည့် လူပုဂ္ဂိုလ်များကို ရှင်းထုတ်ဖယ် ရှားထားခြင်းများ၊ လူကြီးနှင့် ဆက်ဆံရေးအဆင်ပြေမည့်သူ များကို စုစည်းကြိုဆိုခြင်းများ စသည်တို့ကို ဆိုလိုပါသည်။ ထို့ အပြင်အရေးကြီးသည်မှာ ဗိုလ် ချုပ်လူထွက်များထက် အမှန်တ ကယ်တတ်ကျွမ်းသော ပညာရှင်များကို နေရာပေးပြီး တက္ကသိုလ် ကောလိပ်များကို လွတ်လပ်စွာ စီမံလုပ်ကိုင်ခွင့်ပြုရန်ဖြစ်သည်။ ဗဟိုကသာ ချုပ်ကိုင်မည်ဆိုလျှင် မြန်မာ့ပညာရေး အနာဂတ် မ ကောင်းနိုင်ပါ။

နိုင်ငံတော်အကြီးအကဲများ မှအစ အထက်ဟုခေါ်အပ်သော လူကြီးမင်းအားလုံးသည် ပကတိ အမှန် တရားကို သိလိုလျှင် မလို အပ်ဘဲ ကြိုတင်အကြောင်းမကြား ဘဲနှင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်း များကို မကြာခဏ ပြုလုပ်ပါဟု လေးစားစွာ အကြံ ပြုလိုပါသည်။ ကြိုတင်အကြောင်းကြားလျှင်ဖြင့် အမှန် တရားကို ဖုံးကွယ်တင်ပြခြင်းများရှိလာနိုင်သည့်အပြင် လူကြီးစိတ်ကျေနပ်မှုရရှိစေရေးအတွက် မည်မျှပင် ဌာနဆိုင်ရာငွေကြေး၊ အသုံးစရိတ်မပြည့်စုံစေကာမူ လူကြီးမင်းတို့အား ဧည့်ဝတ်ကျေပွန်စွာ တခမ်းတနား ကြိုဆိုကြမည်သာဖြစ် သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ဌာနဆိုင်ရာလူကြီးမင်းများဧည့်ခံစရိတ်သည် ကျပ် သန်းပေါင်းများစွာရှိပါသည်။ ယင်းငွေများဖြင့် စာသင်ကျောင်းများ၊ ဆေးရုံဆေးပေးခန်းများ၊ လမ်းတံတား များတည်ဆောက်လျှင် နိုင်ငံတော်အတွက်များစွာ အကျိုးရှိမည်ဖြစ် သည်။

မည်သို့ပင်ဆိုစေ၊ တာဝန်ရှိ သူအသီးသီးသည် အောက်ခြေအ ထိ မဖြစ်မနေဆင်းကြည့်ရန် လိုအပ်ပေ သည်။ သို့မှသာ ပကတိ အခြေအနေမှန်ကို မြင်နိုင်ပြီး လက်တွေ့ကျသည့် စီမံဆောင် ရွက်မှုများပြုလုပ်နိုင် မည်။ သို့မ ဟုတ်ပါက အောက်ခြေမှ တင်ပြ ချက်များကို စားပွဲပေါ်တွင်သာ ထိုင်ဖတ်နေမည်ဆိုပါက ပကတိ အမှန်တရားနှင့် ဝေးနေဦးမည် ဖြစ်သည်။ ထို့ပြင် အထက်လူကြီးကို ကြောက်ရွံ့သည့် အလေ့အ ထ မရှိစေရေးအတွက် မိမိ၏ လက် အောက်ဝန်ထမ်းများကို ခြိမ်း ခြောက်ဆူပူပြောဆိုခြင်းထက် အပြု သဘောဆောင်သည့် ပဲ့ပြင် ဆုံးမပြောဆိုခြင်းက အကြီးအကဲ နာယကဂုဏ်နှင့် ညီညွတ်ပေမည်။

အပြန်အလှန် ရိုသေလေး စားသည့် အမူအကျင့်များ မထွန်း ကားဘဲ ကြောက်ရွံ့တတ်သည့် အလေ့အထ များဖြစ်ထွန်းနေသ ရွေ့အမှန်တရားနှင့် ဝေးနေဦး မည်ဖြစ်သည်။ ရိုသေလေးစားခြင်းနှင့် ကြောက်ရွံ့ခြင်း သည် မတူပါ။ ကြောက်ရွံ့ခြင်းသည် အာဏာရှင်၏ စရိုက်လက္ခဏာ ဖြစ်သည်။ အာဏာရှင်ယဉ်ကျေး မှုမပျောက်သမျှ ကာလပတ်လုံး မည်သည့်ကဏ္ဍအတွက် မည်သည့်မူဝါဒများ ချမှတ်ဆောင် ရွက်စေကာမူ မည်သို့မျှ အောင် မြင်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် မြန်မာ့ပညာရေး အဆင့်အတန်းကို စိတ်ရင်းအမှန် ဖြင့် တိုးတက်စေချင်လျှင် အထက်အောက် အပြန်အလှန်လေး စားခြင်း၊ အပြန်အလှန်နား ထောင်တတ်ခြင်း၊ အောက်ခြေအထိ ဆင်းပြီး ပကတိ အခြေအနေ မှန်ကို မြင်အောင် ကြည့်တတ် ခြင်း၊ အောက်ခြေမှ အထက်သို့ မှန်မှန်ကန်ကန် တင်ပြရဲခြင်း စသည့် ယဉ်ကျေးမှုဖြစ်ထွန်းရန် မဖြစ်မနေ လိုအပ်ပါကြောင်း စေတနာအမှန်ဖြင့် ရေးသားလိုက်ရပါ သည်။


7Day News Journal
No.425 Monday, June 30, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...