စားဖွယ်စုံ…အာလူးဟင်းလျာ…အဖုံဖုံ



<အာလူး ရာဇ၀င်>

Solanum tuberosum (ခေါ်) အာလူးကို ပီရူးနိုင်ငံရှိ အင်ကာ(Inca) လူမျိုးများက ဟိုးနှစ်ပေါင်း ၇၀၀၀ ကျော်ကတည်းက အင်းဒီးစ်တောင်စောင်းတလျှောက် စတင်စိုက်ပျိုးလာ ခဲ့ကြတာပါ။ အင်ကာလူမျိုးတို့ က အာလူးကို ‘papa’ ဟု ခေါ်ဆိုကြပြီး၊ ထို ဒေသထွက် အာလူးများဟာ ထွားကြိုင်းပြီး၊ အနှစ်များတဲ့ အ၀ါ ရောင်ဖြစ်ကာ၊ မရမ်းစေ့ရောင်အခွံက ဖုံးအုပ်ထားပါတယ်။ အာဟာရ ဖြစ် စားသောက်လေ့ရှိကြသလို၊ အင်ကာရိုးရာ တိုင်းရင်းေ ဆးကုထုံးအရ နာမကျန်းသောအခါ ခန္ဓာကိုယ်အရေပြားကို အာလူးဖြင့် ပွတ် တိုက်ပေးပါက ယူပစ်သလို ဖျားနာများ ပျောက်ကင်းလို့  ဆေးဝါးဖြစ်ပါ စိုက်ပျိုးကြပါတယ်။ ဒါ့အပြင် တန် ဘိုးမဖြတ်နိုင်တဲ့ သီးနှံဖြစ်လို့  ထိုလူမျိုးတို့ သေရင်၊ အာလူးကိုပါ ထဲ့မြှုပ်နှံလေ့ရှိကြ ပါတယ်တဲ့။ အာလူးကို အခြောက်ခံကာ ဧရာမပစ္စည်းထဲ့ ပုံးကြီးများတွင် သိမ်းဆည်းထားေ လ့ရှိပြီး၊ စစ်ပွဲ များဖြစ်၍ ငတ်မွတ် ခေါင်းပါးသော အခါတွင်လည်းကောင်း၊ ခရီးရှည် သွားသောအခါတွင် လည်းကောင်း ရိက္ခာကုန်ကြမ်း အဖြစ် သိုလှောင်ထားကြ တယ်လို့ ဆိုပါတယ်။

၁၅၃၇ ခုနှစ်မှာတော့ စပိန်ကျူးကျော်သူများသည် ပီရူးနိုင်ငံသို့  ရွှေရတနာများ လာရောက်ရှာဖွေကြရာ မှစ၍ အာလူး စားသုံးခြင်းကို အမှတ်မထင် တွေ့ ရှိခဲ့ပါတယ်။ စပိန်တို့က အာလူးကို ‘patata’ လို့ ခေါ် ဝေါ်ကြပြီး၊ ၄င်းတို့ ဌာနေပြန်တဲ့ လမ်းခရီးတွင် သင်္ဘောသားများကို အာလူးကျွေးရာ၊ ပင်လယ်ခရီးကြမ်း တွင် ဒုက္ခပေးနေကျ ဗီတာမင်စီဓာတ် ချို့ တဲ့ရောဂါ လုံးဝမဖြစ်စေတော့ပါဘူးတဲ့။ ထိုအချိန်မှစ၍ စပိန် ကုန်သည်များဟာ ပီရူးနိုင်ငံရှိ အာလူးအမြစ်ဥတို့ ကို ယူဆောင်လာပြီး စိုက်ပျိုးခဲ့ကြရာမှ စ၍ စပိန်တွင် အာလူးစားသုံးသော ယဉ်ကျေးမှုစတင်လာ ခဲ့ပါတော့တယ်။ အချိန်ကာလများရွေ့ လျားလာပြီး၊ လမ်းပန်း ဆက်သွယ်မှုများ ပွင့်လန်းလာပြီးနောက်မှာတော့ ၁၉၀၀ ခန့် တွင် အိုင်ယာလန်၊ ၁၉၄၅ တွင် ဗြိတိန၊် ၁၅၈၅ တွင် အီတလီ နှင့် အင်္ဂလန်၊ ၁၅၈၇ တွင် ဘယ်လ်ဂျီယမ် နှင့် ဂျာမနီ၊ ၁၅၈၈ တွင် သြစတြေးလျ၊ ၁၆၀၀ တွင် ပြင် သစ်၊ ၁၇၅၀ တွင် ဂျာမနီ စသည်ဖြင့် အာလူးများ စတင်စိုက်ပျိုး လာခဲ့ကြပါတယ်။ စဦး ပိုင်းတွင် ဥရောပနိုင်ငံများအားလုံး၌ အာလူးက လူကိုအဆိပ်ဖြစ်စေတတ်သည်ဟု ယူဆကာ မစားသုံး ကြသေးပါဘူး။ ဆေးသိပ္ပံပညာရှင်များက အာလူးဟာ စရိတ်နဲနဲ နဲ့ ခွန်အားကြွယ်ဝတဲ့ ကောက်နှံ အစား ထိုး အစားအစာဖြစ်လို့ နေ့ စဉ်အစာအာဟာရဖြစ် အရွယ် (၃)ပါးမရွေး စားသုံးသင့်ကြောင်း ဗဟုသုတ ဖွင့်ပေးခဲ့ပြီး၊ ဌာနေအာဏာပိုင်များကလဲ လယ်ယာစိုက်ခင်းများတွင် အာလူးကို မဖြစ်မနေ စိုက်ပျိုးစေခိုင်း ခဲ့လို့  ၁၇ ရာစုနှစ် အလယ်လောက်မှစပြီး ဥရောပတိုက် တစ်ခွင်လုံးမှာ အာလူးကို တွင်ကျယ်စွာ စားသုံး လာခဲ့ကြပါတော့တယ်။ ၁၇ ရာစု အလယ်လောက်တွင် ကမ္ဘာပေါ်မှာ အာလူးကို တွင်ကျယ်စွာ စားသုံး သောနိုင်ငံမှာ ပြင်သစ်ဖြစ်လို့ နေပါပြီ။ ပြင်သစ်ဘုရင်မ Marie Antoinette သည် သူမ၏ ဆံလိပ်ခွေ ပေါ်တွင် မရမ်းစေ့ရောင်ပွင့် ဖတ်မှာ ၀ါလွင်လွင်ဝတ်ဆံဖြင့် သင်းပျံ့ လှပတဲ့ အာလူးပန်း ခိုင်လေးများကို အမြတ်တနိုး ပန်ဆင့်လေ့ရှိ ပါတယ်တဲ့။ ၁၉၉၅ အောက်တိုဘာ တွင် NASA (ေ ခါ်) မြောက်အတ္တလန္တိတ် သုတေသနသိပ္ပံပညာရှင်များ အဖွဲ့ သည်၊ အာလူးက တာရှည် အထားခံပြီး အာဟာရလဲကြွယ်ဝစေလို့  အာကာသယဉ်မှူးများကို သဘာဝ ရဲ့ အာဟာရ အစားအစာ မီနူးအဖြစ် ကျွေးမွေးသင့်ကြောင့် သတ်မှတ် ခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုတစ်ခွင်မှာ အာလူးကို တစ်နှစ်ပတ်လုံး ရာသီစာ ကောက်နှံအဖြစ် တောင် သူဦးကြီးများအား တဟုန်ထိုး စိုက်ပျိုးစေခိုင်းခဲ့ ပါတော့တယ်။

၁၅ ရာစုအလယ် မင်-မင်းဆက်လက်ထပ်မှာ ပေါ်တူဂီသင်္ဘောသားများ တရုပ်ပြည်သို့  ကုန်သွယ် ဖောက် ကားရာမှ အစပြူကာ၊ အာရှတိုက်သို့  အာလူးစတင်ရောက်ရှိ လာခဲ့ပါတယ်။ ၁၇ ရာစုနှစ် အစော ပိုင်းသို့ ရောက်သောအခါမှာတော့ အိန္ဒိယ၊ မြန်မာ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း …စသည်ဖြင့် အာရှတိုက် တစ်တိုက် လုံးတွင် အာလူးစားသုံးသော ယဉ်ကျေးမှု ခေတ်စားလို့ နေပါပြီ။ စာဖတ်ပရိတ်သတ်တို့ ကို ဗဟုသုတ အဖြစ် ဝေမျှရပါလျှင် ယနေ့ ကမ္ဘာပေါ်တွင် အာလူးမျိုး စိပ်ပေါင်း ၁၀၀ ကျော်ရှိပြီး၊ ကမ္ဘာနှင့်အ၀ှမ်း အာလူး စိုက်ခင်း ဧကစုစုပေါင်းမှာ ၁၉,၅၀၀,၀၀၀ ရှိပါတယ်။ ၂၀၀၆ ခုနှစ် စစ်တမ်းများအရ တရုပ် နှင့်အိန္ဒိယတို့ က ကမ္ဘာ့အာလူးထွက်ရှိမှုရဲ့ ၃ ပုံ ၁ ပုံ ဖြစ်ပါတယ်။ အာလူးဟာ စိုက်ပျိုးရအလွန်လွယ်ကူပြီး၊ ကမ္ဘာ့အစား အများဆုံး ကောက်ပဲသီးနှံ များဖြစ်ကြသော ဆန်၊ ဂျုံ၊ ပြောင်းတို့ နောက်တွင် အာလူးက စတုထ္ထနေရာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် အာလူးအစားဆုံ ဒေသမှာ ဥရောပတိုက် ဖြစ်ပြီး၊ အရှေ့ တောင် အာရှတွင် တော့ တရုပ် နှင့် ဂျပန်တို့ က အစားများကြပါတယ်။ အာလူးဟာ အခြား ကောက်ပဲသီးနှံများ ထက် ဈေးေ ပါလို့  ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာလဲ ထမင်းအစားထိုး ဗိုက်ပြည့်စာအဖြစ် စားသုံးလျှက် ရှိနေကြပါတယ်။ စရိတ် စက နဲပြီး ဗိုက်ဝစေတဲ့ အာလူးကို နိုင်ငံတကာရှိ လူမျိုးဘာသာစုံ (၀ါ) အလွှာစုံအိမ် ရှင်မများဟာ အာလူး ကို အခွံခွာ၍ လည်းကောင်း၊ အခွံ လိုက်လည်းကောင်း၊ အလုံးလိုက် လည်းကောင်း လှီးဖြတ်၍လည်း ကောင်း၊ သား/ပုစွန်ပြွမ်း အာလူးဟင်းလျာ အမျိုးမျိုး၊ သက်သက်လွတ် ဟင်းလျာများ၊ စွပ်ပြုတ်၊ အပူစာ၊ အအေးစာ၊ အသုပ်၊ အကြွတ်ကြော်၊ ကင်၊ မီးဖုတ်၊ ပြုတ်၊ ပူရီ၊ ကတ်သလိတ်၊ စနွင်းမကင်း၊ ရွှေကြည်၊ ကိတ်၊ pan ကိတ်၊ pie ကိတ်၊ ရေခဲမုန့် ၊ အာလူးစိမ်းဖျော်ရည် စသည်ဖြင့် မတူညီသော အရသာတို့ ဖြင့် နေ့ စဉ်သုံးဟင်းလျာအဖြစ် သူ့ ရိုးရာဓလေ့များအတိုင်း နည်းအမျိုးမျိုးဖြင့် စီမံချက်ပြုတ်လျှက် ရှိကြပါတယ်။
+++++++++++++++++++++++++++++++++++++++++++

မြန်မာစတိုင်လ် အာလူးဟင်းလျာ လေးများ။

မြန်မာ့ရိုးရာမုန့် အချိုများဖြစ်ကြတဲ့ အာလူးစနွင်းမကင်း/ အာလူးရွှေကြည်/ အာလူးပူတင်းတို့ ကလဲ အလှူ မင်္ဂလာပွဲများမှာ ပွဲလည်တင့်လျှက်ရှိကြတာပါ။ ၀ါရင့်အိမ်ရှင်မများသိပြီးကြသလို၊ မသိသေးတဲ့ အိမ်ရှင်များ အတွက် သာမန်အရသာနဲ့ မတူ၊ ဆန်းသစ်တဲ့ အာလူးဟင်းလျာလေးတွေကို အောက်ပါအတိုင်းဝေမျှရ မည်ဆိုပါလျှင်-

< အာလူး ထမင်းသုပ် >

မြန်မာအိမ်ရှင်မ များအတွက်တော့ အာလူးက အကောင်းဆုံးဖော်မွန်ပါ။ နှစ်သက်ရာ အသားမျိုးစုံ/ ပင် လယ်စာ/ပုစွန် စသည့် အဓိကဟင်းလျာများတွင် အပွားခတ်ရန်အတွက် အာလူးရောကာ (အချို/အစပ်) ဆီပြန်ဟင်းချက်ကြသလို၊ ပုစွန်ချဉ်ရည်ဟင်း/ ကြက်ဥ -ဘဲဥကုလာဟင်း တို့ တွင်လည်း အာလူးပါမှ အရ သာပိုမိုပေါ်လွင်ပါတယ်။ နောက်ပြီး အာလူးသုပ်/ အာလူးစွပ်ပြု တ်/ သီးစုံကုလားဟင်း စသည့် အရန် ဟင်းလျာများတွင်လည်း အာလူးက မပါမဖြစ်ပါ။ ဒါ့အပြင် အာလူးချောင်းကြော်(အပျော့ကြော်-အကြွတ် ကြော်)/ အာလူးအမွကြော်/အာလူးကတ်တ လိတ်ကြော်/ အာလူးမွှေကြော်/အာလူး-ဟင်းနုနယ်-ဆေးဘဲ ဥကြော်/ အာလူး ခေါက်ဆွဲသုပ် စသည်ဖြင့် ကလေး-လူကြီးများအားလုံး နှုတ်မြိန်သွားရည်စာ စားသုံးရုံမျှ မက၊ သက်သက်လွတ်သမား များအတွက် ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ ဖြည့်စွက်စာအာဟာရလေး ပါဘဲ။ မြန်မာတိုင်းရင်း သား အစားအစာများဖြစ်ကြတဲ့ မွန်ရိုးရာ အာလူး-စပါးလင်-ကြွက်နားရွက်မှိုသုပ်၊ ကချင်ရိုးရာ အာလူး စွန်တန်ဟင်းရည်၊ ရှမ်းရိုးရာ အာလူးငါးထမင်းနယ် တို့ ကလဲ စွဲမက်စရာလေး ပါဘဲ။

<အာလူးချောင်း အကြွပ်ကြော်>

ပုံမှန်စားနေကျ အာလူးကြော်တွေနဲ့ အရသာမတူတဲ့ လက်ရာလေးပါ။ ဦးစွာအာလူးကို အခွံမခွာဘဲ ရေစင် စင်ဆေးပြီး အချောင်းကလေးတွ လှီးဖြတ်ကာ ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်၊ ကြက်သွန်နီ-ဖြူမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ကြက်ဥတို့ကို ရေအနည်းငယ်စီရောပြီးမုန့် နှစ်ထဲနှစ်ကာ အာလူးတွေ ရွှေအိုရောင်ပြောင်းတဲ့ထိ ဆီအိုးထဲ ထဲ့ကြော်တာပါ။ ပြီးရင် အာလူးကြော် ပူပူနွေးနွေးပေါ် ခရမ်းချဉ်သီးဆော့စ်နဲ့ ကြက်သွန်မြိတ် လေး ဖြူးစားလိုက်ပါ။ (လွယ်ကူမြန်ဆန်တဲ့နည်းလေးမို့  ခရစ်စမတ် နဲ့  နှစ်သစ်ကူးညတွေမှာ ခံတွင်း ဖွင့်နှုတ်မြိန်စာ အဖြစ်စားရန်အလွန်သင့်တော်ပါ တယ်)

<အာလူး အစပ်မွှေကြော်>

ကြက်သွန်ဖြူ/ ငရုပ်သီးစိမ်း/ ဂျင်းတို့ ကိုဆီသတ်ပြီး၊ ပြုတ်ချေထားတဲ့ အာလူးကို ရောမွှေကာ ဆား/ ဟင်း ခတ်မှုန့် / ပဲငံပြာရည်အကြည် နဲ့ နှံအောင်မွှေပြီး၊ နံနံပင်ပါးပါးလှီးပြီး ဖြူးစားရုံပါဘဲ။ (ထမင်း ပူပူလေးနဲ့ တွဲစားလို့ ရတဲ့အပြင်၊ ပေါင်မုန့်ကြိုက်သူများလဲ ပေါင်မုန့်ကြားမှာ ညှပ်စားလို့  ကောင်းတာပါပဲ။ အာလူးက ဆီစုပ်လို့  ဆီများများ ထဲ့ဖို့ တော့ လိုပါလိမ့်မယ်)

<အာလူး ငဖယ်လိပ်ကြော်>

မြန်မာပြည်ရဲ့  ၂၁ ရာစုမှာ လူကြိုက်များ ရေပန်းစားနေတဲ့ အာလူး ငဖယ်လိပ်ကြော်ဟာ လုပ်ရတာ လွယ် ကူတဲ့ အပြင်စားလို့ လဲ အလွန်ကောင်းပါတယ်။ ဦးစွာ အာလူးကို အခွံခွာကာ အလွှာပါးလေးတွေ လှီး ထားရပါတယ်။ ပြီးတော့ ညက်နေအောင် ထောင်းထားတဲ့ ဂျင်း/ကြက်သွန်ဖြူ/ ဆား/ ငရုတ်ကောင်း/ဟင်း ခတ်မှုန့်တို့ ကို ငါးဖယ်နဲ့ ရောနယ်ပြီး၊ စီးပိုင်နေအောင်ထောင်း ရပါတယ်။ အာလူးအလွှာပါးထဲမှာ အဲဒီ ငါးဖယ် အရောအနှောတို့ ကို ထည့်လိပ်ပြီး၊ အလိပ်မပြည် သွားအောင် သန့် စင်တဲ့ ဒုတ်သေးသေးနဲ့ ထိုးပြီးထိန်းပေးကာ၊ အာလူးအနားလေးတွေကြွပ်ပြီး ရွရွလေး ဖြစ်လာတဲ့ထိ ဆီပူထဲထဲ့ကြော်ထားတာပါ။ ငရုတ်ကောင်းနံ့သင်းတဲ့ အာလူး ငါးဖယ်လိပ်ကြော်ကို ငါးမကြိုက်တဲ့ သူတွေတောင် ခံတွင်းတွေ့ စေပါ တယ်တဲ့။

<အာလူး ၀က်သားလုံးကြော်>

လုပ်ရတာ နဲနဲလက်ဝင်လို့  မြန်မာအိမ်ရှင်မများ အိမ်မှာလက်စွမ်းပြလေ့မရှိ သလောက်ပါဘဲ။ ဒါပေမယ့် အရသာရှိလို့ မြန်မာပြည်ရှိ တရုပ်စားသောက်ဆိုင်ကြီးများ၊ Dim sum ဆိုင်များနှင့် ဟိုတယ်ကြီးများရှိ စားသောက်ဆိုင်များမှာ ရောင်းအားကောင်းတဲ့ မီနူးလေးပါ။ ကြိတ်ထားတဲ့ ၀က်သား/ အကြော်ခံမှုန့် /တရုပ်ငရုပ်ကောင်းမှုန့် / ခေါက်မွှေထားတဲ့ဘဲဥ/ ဇကာစိတ်သလို ခပ်သေးသေးလေး လှီးထားတဲ့ အာလူး တို့ ကို သမအောင်ရောနယ်ကာ အလုံးလေးတွေ လုံးပြီး၊ ဆီပူပူထဲမှာ မြုပ်အောင်ကြော်ထားတာပါ။ အကျက် ညီအောင် ဟိုဘက်ဒီဘက် လှန်ပေးပြီး ညိုဝါရောင် သန်းတဲ့အထိ ကြော်ထားပါတယ်။ အရသာ ပိုမိုပေါ်လွင်အောင် ငရုတ်ဆီလေးနဲ့ တို့  စားကြပါတယ်။

<အာလူးအစပ်ချက်> 

ကျွန်မတို့  အဖွားလက်ထပ် ကတည်းက ရှေးရိုးနည်းအတိုင်း ချက်စားလာခဲ့ကြတဲ့ အာလူးအစပ်ချက် အရန် ဟင်းလျာလေးပါ။ ကြက်သွန်ဖြူ/ ငရုတ်သီးစိမ်း တို့ ကို ညက်နေအောင်ထောင်းပြီး၊ ဆီသတ်ကာ အခွံခွာပြီး အတုံးလေးတွေ တုံးထားတဲ့ အာလူးရော ထဲ့ကြော်ပြီး၊ အရသာအတွက် ဆား/အချိုမှုန့်/ ငံပြာရည် သင့်ရုံထဲ့ကာ ရေအနဲငယ်ရောပြီး ဆီပြန်လာတဲ့အထိ အဖုံးအုပ်ကြော် ထားတာပါ။ (အချို့ ကလဲ ဟင်းအိုးမီးဖိုမှ ချခါနီးမှာ ကုလားမဆလာနဲ့  မန်ကျည်းမှည့် ရည်ထဲ့ကြပါတယ်။ သူ့ ချည်းဘဲ သက်သက် လွတ်ချက်စားနိုင်သလို၊ အလတ်စားအရွယ် ကျော့ပုစွန်လေး များရောထဲ့၍ စားနိုင်ပါတယ်။)

<အာလူးပဲဆီပေါင်း>

မြန်မာပြည်ရဲ့ အထက် အညာဒေသမှာ စားလေ့ရှိတဲ့ အာလူး ပဲဆီပေါင်း ဟင်းလျာလေးပါဘဲ။ ပဲဆီ စစ်စစ် ထဲမှာ ကြက်သွန်ဖြူ/ ကြက်သွန်နီ နှင့် ငရုပ်သီးအခြောက်တို့ ကို ထက်ပိုင်းချိုးထဲ့ကာ ဆီသတ်ပြီး၊ ပါးပါး လှီးထားတဲ့ အာလူးကို ထဲ့ကြော်ပါတယ်။ အာလူး မကျက်တကျက်အချိန်မှာ ပဲငါးပိ/ခရုဆီ/ပဲငံပြာရည် အနည်းငယ်ဆီထဲ့ကာ မီးအေးအေးနဲ့  ဆက်ကြော်ပြီးတော့၊ အာလူး နူးသွားတဲ့ အခါမှာ နှမ်းလှော်ဖြူးထဲ့ ထားတာပါ။


(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...