ဈေးပေါသော USB အားသွင်းစက်များ အသုံးပြုမှုကို ဩစတြေးလျ သတိပေး

အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးမှုနှင့် ဆက်စပ်ပြီး ဈေးပေါသည့် USB အားသွင်း ကိရိယာများကို အသုံးမပြုကြရန် ဩစတြေးလျ အာဏာပိုင်များက သတိပေး ကြေညာခဲ့သည်။
ဧပြီလအတွင်းက ဆစ်ဒနီမြောက်ပိုင်း ဂေါ့စ်ဖော့ဒ်တွင် အသက်(၂၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် နားကြပ်များ တပ်ဆင်ထားပြီး ပေါင်ပေါ်တွင် Laptop ကွန်ပျူတာကို တင်ထားလျှက်သားဖြင့် သေဆုံးနေ သည်ကို တွေ့ရှိခဲ့သည်။ အမျိုးသမီး၏ ရင်ဘတ်နှင့် နားရွက်များတွင် လောင်ကျွမ်းထားသည့် ဒဏ်ရာများ ရှိနေခဲ့သည်။
ရဲတပ်ဖွဲ့သည် သေမှုသေခင်းနှင့် ပတ်သက်ပြီး အချိန်ယူ လေ့လာစစ်ဆေးခဲ့သည့်နောက် ဈေးပေါပေါ USB အားသွင်းစက်များကြောင့် ဓာတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဇွန်လ(၂၇)ရက်နေ့တွင် ကြေညာပြီး ယင်းကဲ့သို့သော အားသွင်းစက်များကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် သတိပေးခဲ့သည်။
သေဆုံးသည့် အမျိုးသမီးသည် ဖိလစ်ပိုင်တွင် မွေးဖွားပြီး ဩစတြေးလျ နိုင်ငံသား ခံယူခွင့် ရထားသည်မှာ မကြာလှသေးချေ။ သူမသည် နားကြပ်ကြိုးကို Laptopတွင် ထိုးထားပြီး Laptopကို ဈေးပေါသည့် အား သွင်းစက် တစ်လုံးဖြင့် ဆက်သွယ်ကာ ပလပ်ထိုးထားခဲ့ကြောင်း သိရသည်။ ထို့အပြင် သူမ၏ဖုန်းမှာ လည်း ဈေးပေါသည့် အားသွင်းစက် တစ်ခုဖြင့်ပင် အားသွင်းထားခဲ့သည်။
“USBအားသွင်းစက် တစ်ခုနဲ့ ဖုန်းကို အားသွင်းထားတာပါ။ ဒါပေမဲ့ အားသွင်းစက်ကတော့ အဲဒီအချိန်မှာ အလုပ်မလုပ်တော့ဘူး”ဟု နယူးဆောက်သ်ဝေးလ်စ် ကုန်သွယ်ရေးရာ ဌာနမှ လင်းနယ်လီ ကောလင်းစ် က AFPသို့ ပြောကြားခဲ့သည်။ “အားသွင်းစက်ထဲက ဓာတ်အားဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်နဲ့ ဆက်မိ သွားတယ်။ ဖုန်းကို သူ့လက်ထဲမှာ ကိုင်ထားချိန်မှာလား၊ ဒါမှမဟုတ် နားကြပ်ကပဲ ဓာတ်လိုက်သွားတာ လား ဆိုတာတော့ သေချာမသိဘူး”ဟုလည်း ကောလင်းစ်က ဆိုသည်။
သူမက လူအများအနေဖြင့် အီလက်ထရောနစ် ပစ္စည်းများကို ဈေးပေါသည့် USB အားသွင်းစက်များဖြင့် ချိတ်ဆက်မှုမှ ရှောင်ကြဉ်သင့်ကြောင်းလည်း အကြံပြုခဲ့သည်။ “ကျွန်မတို့ကတော့ လူတွေကို သတိပေးချင် ပါတယ်။ ဈေးပေါတဲ့ အားသွင်းစက်တွေဟာ စိုးရိမ်စရာ အခြေအနေတွေကို ဦးတည်သွားနိုင်တယ်။ ဒီလို ဓာတ်အားသွင်းစက်တွေက လုံခြုံရေးစံနှုန်း သတ်မှတ်ချက်တွေနဲ့ လုံးဝ ကိုက်ညီမှု မရှိပါဘူး”ဟု ကောလင်းစ် က သတိပေးခဲ့သည်။
ဩစတြေးလျတွင် လုံခြုံရေး စံနှုန်းသတ်မှတ်ချက်များနှင့် မကိုက်ညီသော ကုန်စည်ပစ္စည်းများ ရောင်းချ မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ဩစတြေးလျဒေါ်လာ (၈၇၅၀၀) သို့မဟုတ်၊ ထောင်ဒဏ်(၂)နှစ်ဖြစ ကြောင်း သိရှိရသည်။
_Ref: Channelnewsasia
7Day Daily
No.422 Friday, June 27, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) IATSS Forum (ခေါင်းဆောင်မှုသင်တန်း) အတွက်လျှောက်လွှာများ ခေါ်ယူ Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) အိန္ဒိယတွင် ငါးမျှားနေသူကို လှေပေါ်ထိတက်ပြီး ကျားဆွဲခဲ့ Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...