မိဘမဲ့ ကလေးများအတွက် ပညာသင် ထောက်ပံ့ကြေး လာမည့် ပညာသင်နှစ် စပေးမည်



နိုင်ငံတစ်ဝန်းရှိ ငွေကြေး ချို့တဲ့ပြီး ပညာ ဆက်လက် သင်ယူရန် ခက်ခဲသော မိဘမဲ့ ကလေးငယ်များ အတွက် ကမ္ဘာ့ဘဏ် အကူအညီနှင့် သုံးနှစ်ဆက်တိုက် ပညာသင် ထောက်ပံ့မည့် အစီအစဉ်ကို လာမည့် ၂၀၁၄- ၂၀၁၅ ပညာသင်နှစ်တွင် စတင်မည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မူမူအောင်က ပြောကြားသည်။
ငွေကြေးချို့တဲ့သော ကလေး သူငယ်များအတွက် ဦးစားပေး စီစဉ်သည့် ပညာသင် ထောက်ပံ့ကြေး အစီအစဉ် ဖြစ်သောကြောင့် ငွေကြေး ချို့တဲ့သော မိဘမဲ့ ကလေးငယ်များကို ဦးစားပေး အနေနှင့် ထည့်သွင်းထားပြီး ဒုတိယ ဦးစားပေးတွင် အမှန်တကယ် ပညာ ဆက်လက် သင်ယူရန် ခက်ခဲသော ကလေးသူငယ်များ ပါဝင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပညာသင် ထောက်ပံ့ကြေး ရွေးချယ်ရာတွင် ဖွံ့ဖြိုးမှု နိမ့်ပြီး ကျောင်းထွက်နှုန်းနှင့် ကျောင်းပြီးဆုံးနှုန်း နည်းပါးသော မြို့နယ် လေးဆယ်ကို စီမံချက်ထား ဆောင်ရွက်ရန် လျာထားကြောင်း၊ စတုတ္ထတန်းမှ ဒသမတန်းအထိ ခန့်မှန်းခြေ ကျောင်းသား၊ ကျောင်းသူ ၃၇,၇၉၈ ဦးကို ပညာသင် ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ပညာသင် ထောက်ပံ့ကြေးတွင် မူလတန်း အဆင့်အတွက် ၅၀,၀၀၀ ကျပ်၊ အလယ်တန်း အဆင့်အတွက် ၈၀,၀၀၀ ကျပ်နှင့် အထက်တန်း အဆင့်အတွက် ကျပ်တစ်သိန်းတို့ကို နှစ်စဉ် ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မူမူအောင်က ပြောဆိုသည်။

“ဒီပညာသင် ထောက်ပံ့ကြေး အစီအစဉ်တွေက ပွင့်လင်း မြင်သာမှု ရှိအောင်၊ တန်းတူ ခံစားခွင့် ရှိအောင် အပြည့်အဝ အကောင်အထည် ဖော်ဖို့ လိုတယ်” ဟု ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နိုင်ငံရေး ပါတီများနှင့် ပညာရေး ဝန်ကြီးဌာနတို့ တွေ့ဆုံ ညှိနှိုင်းပွဲတွင် ကမ္ဘာ့ဘဏ် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍ ညှိနှိုင်းရေးမှူး Mr.Lars Sondergaard က အကြံပြု ဆွေးနွေးသည်။

ကမ္ဘာ့ဘဏ်၏ အတိုးမဲ့ ချေးငွေ အမေရိကန် ဒေါ်လာ သန်းခြောက်ဆယ်ထဲမှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အတွက် လျာထားသော အမေရိကန် ဒေါ်လာ သန်းနှစ်ဆယ်အတွက် ပညာသင် ထောက်ပံ့ကြေး၊ ကျောင်းထောက်ပံ့ကြေးနှင့် ပညာရေး ဝန်ထမ်းများ စွမ်းဆောင်ရည် တိုးမြှင့် သင်တန်းတို့တွင် သုံးစွဲသွားရန် ရှိကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက အဆိုပါ ဆွေးနွေးပွဲတွင် ရှင်းလင်းခဲ့သည်။

Credit : The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...