Choking First aid ‘ချုပ်’ ရရင် ဘာလုပ်ရမလဲ


၇-၂-၂ဝ၁၄ နေ့က ‘ဟောလီဝုဒ်’ ကလာတဲ့ ကျန်းမာရေးနဲ့ဆေးပညာ သတင်းတခုရှိတယ်။ နာမည်ကြီး မင်းသားကြီး ‘ကလင့်အိစ်ဝုဒ်’ ကနေ နယူးယော့မှာလုပ်တဲ့ ‘ထရီဘက်ကာ’ ရုပ်ရှင်ပွဲတော်မှာ ‘ချုပ်’ ရတဲ့ ဒါရိုက်တာ ‘စတိဖ်ဂျွန်’ ရဲ့ အသက်ကို ရှေးဦးသူနာပြုစုနည်းနဲ့ ကယ်လိုက်ပါသတဲ့။ မနေ့ကတင် ‘ဇရာအို လူပိုမဟုတ်’ ဆိုပြီး ရေးမိသေးတယ်။ ‘ကလင့်အိစ်ဝုဒ်’ (၈၃ နှစ်) ရှိပါပြီ။

ကျွန်တော့် Medical Writings ဆေးပညာစာများ (ဘလော့) မျက်နှာဖုံးမှာလဲ ပုံလေးနဲ့ တင်ပေးထားတာရှိပါတယ်။ Choking ချုပ်ရတယ်ဆိုတာ စားရင်းသောက်ရင်း ချက်ချင်းဖြစ်ပြီး အသက်သေနိုင်တယ်။ စားလိုက်တဲ့ အစားမာတခုကနေ အစာလမ်းနဲ့ အသက်ရှူလမ်းအဆုံမှာ တစ်ဆို့နေမယ်။ လူဟာ စကားမပြောနိုင်၊ အသက်မရှူနိုင်၊ မြိုမချနိုင်ဖြစ်နေမယ်။ ကလေးတွေဆိုရင် ကစားစရာတခုခုကနေ အဲလိုဖြစ်နိုင်တယ်။ ဖြစ်လာရင် ချောင်းဆိုးခိုင်းလို့ အင်နဲ့အားနဲ့မဆိုးနိုင်ဘူး။ အသက်ရှူသံ ဆူညံနေမယ်။ မျက်နှာ-ခြေသည်း-လက်သည်းတွေပြာနှမ်းလာမယ်။ သတိလစ်လာမယ်။

ရှေးဦးသူနာပြုနည်းကွဲလေးတွေရှိတယ်။ (၁) ဖြစ်နေသူနောက်မှာ ရပ်လိုက်ပါ။ သူ့ကို နောက်ကနေ ကိုယ့်လက်နှစ်ဖက်သုံးပြီး ဖက်ပါ။ သူ့ကို ရှေ့နဲနဲ ကုန်းအောင် ပြုပြင်ပေးပါ။ ကိုယ့်လက်တဖက်က လက်သီးဆုပ်ပြီး၊ ကျန်တဖက်က အဲဒီလက်ကိုဆုပ်ကိုင်ပါ။ ကိုယ်လက်တွေက လူနာရဲ့ ချက်အထက်နားမှာ ထားပါ။ လူနာရဲ့ ဝမ်းဗိုက်ကို ကိုယ့်လက်ကအထက်ဆီ ဦးတည်ပြီး၊ ဆွဲညှစ်သလို ခပ်မြန်မြန်လုပ်ပါ။ တနည်းပြောရရင် လူနာကို မ, ချီသလိုနေမယ်။ တစ်ဆို့နေတာ ထွက်မလာမခြင်း အဲလို ၅ ခါစီ လုပ်ပါ။

(၂) ဖြစ်နေသူရဲ့ နောက်ကျော လက်ပြင်နှစ်ခုကြားမှာ လက်ဖနောင့်နဲ့ ၅ ချက်ထိုးပါ။ နောက် ဝမ်းဗိုက်ကိုလဲ အဲလို ၅ ချက်ထိုးပါ။ မရသေးရင် ဒီနည်းအတိုင်း ထပ်လုပ်ပါ။ Heimlich maneuver နည်းလို့ခေါ်တယ်။ အမေရိကန် နှလုံးရောဂါ အသင်းကတော့ နောက်ကနေထိုးတာကို မလုပ်ခိုင်းဘဲ ဝမ်းဗိုက်ကနေသာထိုးဘို့ အကြံပေးပါတယ်။

ကိုယ်တယောက်ထဲ အဲလို ချုပ်ရနေရင် - မတ်တတ်ရပ်နေပါ။ နောက်ဖက်ကမာတာ ဥပမာ နံရံ၊ ကုလားထိုင်ရှိပါစေ။ ကိုယ့်ဝမ်းဗိုက် ချက်အထိကနားမှာ ပြောခဲ့တဲ့နည်းအတိုင်း လက်နှစ်ဖက်ကိုဆုပ်ထားနည်းအတိုင်း လက်သီးဆုပ်တင်ပါ။ လက်ဆုပ်ကို အတွင်းဖက်နဲ့ အထက်ဆီပင့်တင်နည်းလုပ်ပါ။

လူနာက သိပ်ဝရင်၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ဖြစ်ရင် - လုပ်ပေးသူရဲ့လက်ဆုပ်ကို အထက်နားနဲနဲမှာ (ရင်ခေါင်းနေရာ) တင်ထားပြီး လုပ်ပါ။

မရသေးဘဲ လူနာက သတိလစ်နေပြီဆိုရင် လူနာကို မာတဲ့ကြမ်းပြင်မှာ ပလက်အိပ်စေပြီး ရင်ပတ်ဖိနည်း CPR လုပ်ပါ။ ဆရာဝန်ခေါ်ပါ။ အရေးပေါ်နံပါတ်ခေါ်ပါ။

သတိလစ်နေသူရဲ့ အသက်ရှူလမ်းရှင်းနည်း
မာတဲ့ကြမ်းပြင်မှာ လှဲချလိုက်ပါ။ မြင်နိုင်တဲ့ အရာမှန်သမျှ နှာခေါင်းနဲ့ ပါးစပ်ကနေ ဖယ်ရှားပါ။ ပါးစပ်ထဲမှာရှိနေတာကို လက်ချောင်းသုံးပြီးဖယ်ရှားပါ။ ဖြစ်နိုင်ရင် လက်အိတ်သုံးပါ။ ထုတ်ဘို့ကြိုးစားတာက အထဲသွင်းရာ မရောက်အောင် သတိထားပါ။ လူနာရဲ့ ခေါင်းကို တဖက်ဖက် (ဘယ်ဘက်) စောင်းထားပါ။ အန်ရင်လဲ အဲလို စောင်းထားပါ။ အန်ဖတ် အထဲမဝင်စေဘို့ဖြစ်တယ်။

http://www.contactmusic.com/story/clint-eastwood-saves-choking-man-s-life-at-golf-gala_4056572
CPR နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း http://dts-medicaleducation.blogspot.in/2009/12/cpr.html

ဒေါက်တာတင့်ဆွေ
၉-၂-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...