ပညာရေးသည် နိုင်ငံရေးဖြစ်သည်
အထက်ပါစကားကို ပြောကြားခဲ့သူကတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပါ။ ကန်တော်လေးမြူနီစီပယ်ကျောင်း၌ ၂၉-၄-၁၉၄၆ နေ့ကကျင်းပသော မြန်မာနိုင်ငံကျောင်းဆရာများ ညီလာခံတွင်ပြောကြားခဲ့တာပါ။ "နိုင်ငံရေး" ဟူသည်နိုင်ငံနှင့်လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက် ငြိမ်း ချမ်းသာယာစေရေးအတွက် ဆောင်ရွက်ခြင်းပါ။ နိုင်ငံဖွံ့ဖြိုးရေးအတွက် အလိုအပ်ဆုံးအရာမှာ စွမ်း ရည်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ပင်ဖြစ်ပါသည်။ လူ့စွမ်းအားမြင့်မားအောင် အုံနှင့်ကျင်းနှင့် လေ့ကျင့်ပေးနိုင်သည့်လုပ်ငန်းသည် ပညာရေးပင်ဖြစ်ပါသည်။
ပညာရေးကို အကောင်အထည်ဖော်နေတဲ့ ကျောင်းဆိုတာ စာသာသင်ရာအရပ် မဟုတ်ပါ။ "အနာဂတ် လူ့အဖွဲ့အစည်းရဲ့ လူမှုဘဝပုံစံငယ်" ပါ။ အသိပညာ၊ အတတ်ပညာလောက်သာ သိစေတတ်စေဖို့ မဟုတ်ပါ။ ကလေးများရဲ့မွေးရာပါ အရည်အသွေးကိုအနာဂတ်မှာ သူတို့ကြုံတွေ့ရမည့် လူ့အဖွဲ့အ စည်းမှာ အံဝင်ခွင်ကျနေထိုင်တတ်အောင် လေ့ကျင့်ပေးတာပါ။ ယနေ့ကလေးတစ်ဦးချင်းရဲ့ အရည် အသွေးနှင့်အသိဉာဏ် ဖွံ့ဖြိုးလာမှ အနာဂတ်လူ့အဖွဲ့အစည်းလည်း ဖွံ့ဖြိုးမှာပါ။ လူတစ်ဦးချင်းစီမှာ အနိမ့်ဆုံးရှိရမည့် အရည်အသွေးကတော့ တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံရဲတဲ့ စိတ်တွေပါ။ ကျောင်းသင်ခန်းစာတွေဟာ အဲဒါကိုအကောင်အထည်ဖော်တဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါ တယ်။ နိုင်ငံ ရေးကို အကောင်အထည်ဖော်ရာမှာ လိုအပ်တဲ့နိုင်ငံသားတွေရဲ့ အရည်အသွေးဟာအဲဒီအရည်အသွေး ပါပဲ။ နိုင်ငံရေးဆိုတာဟာလည်း အဲဒီစိတ်ထားကြွယ်ဝသူတွေ များပြားရေးကိုဆောင်ရွက်ရတဲ့လုပ်ငန်း ပါပဲ။
တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ရှိရုံနှင့်လည်း မရသေးပါ။ ပရဟိတစိတ်ဓာတ် ပြည့်နေ အောင် လည်း လေ့ကျင့်ပေးရပါမယ်။ အတ္တအကျိုးထက် အများကောင်းကျိုးကို သယ်ပိုးတဲ့စိတ်ထားပါ။ အဲဒီလိုဖြစ်ဖို့တော့ ကျောင်းတွေရဲ့ ကျောင်းကောင်စီတို့၊ စာကြည့်တိုက်အသင်း၊ ကြက်ခြေနီအသင်း၊ အိမ်တွင်းမှုအသင်း၊ ပန်းချီနှင့် အနုပညာအသင်း၊ စိုက်ပျိုးရေးအသင်းတို့မှာ ပါဝင်လှုပ်ရှားပြီး အသင်း ကောင်းကျိုး၊ အတန်းကောင်းကျိုး၊ ကျောင်းကောင်းကျိုး ကို ဆောင်ရွက်စေ ပါတယ်။ နိုင်ငံရေးတွင် ဦးဆောင်မည့်သူ၊ ပါဝင်မည့်သူဆိုတာ အတ္တထက်ပရအကျိုးသယ်ပိုးသူတွေပါ။ တကယ်တော့နိုင်ငံရေး ဟာနိုင်ငံရဲ့ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးဆိုတော့ အများအကျိုး သယ်ပိုးသူတွေ ပေါကြွယ်နေဖို့ လိုပါတယ်။ အဲဒီလူတွေကသာ နိုင်ငံအကျိုးသယ်ပိုးကြမှာမို့ပါ။ အဲဒီလိုနိုင်ငံသားတွေ ပေါ်ထွန်းလာအောင် လေ့ ကျင့်ပေးနေတာက ပညာရေးကို အကောင်အထည်ဖော်နေတဲ့ ကျောင်းတွေမှာပါ။
ဒါ့အပြင် ကျောင်းတွေမှာ လေ့ကျင့်ပေးမှုမှန်သမျှဟာ ချုပ်ချယ်မှု၊ ပိတ်ပင်မှုကင်းရပါမယ်။ လွတ်လပ်တဲ့ အတွေး၊ အယူအဆတွေ၊ လုပ်ကိုင်မှုတွေပြည့်လွှမ်းတဲ့ ယဉ်ကျေးမှုထွန်းကားနေရပါမယ်။ အမြင်ကျယ် ရပါမယ်။ သင်ခန်းစာဘောင်၊ စာသင်ခန်းဘောင်တွေကို ကျော်လွန်ပြီး ကမ္ဘာတစ်လွှားဖြစ်ပျက်မှု အဖုံဖုံ နှင့်သဘာဝအလှတရားကို ရှုမြင်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးနေခြင်းပါ။ လွတ်လပ်ခြင်းသည် တိုး တက်မှု၏အခြေခံမို့ ပညာရေးမှာ လွတ်လပ်မှု (liberty) ကိုထိပ်ဆုံးထား အကောင်အထည်ဖော်ရပါ မယ်။ ပြီးတော့ကျောင်းဝင်းထဲဝင်၊ စာသင်ခန်းထဲရောက်လာတဲ့ ကလေးမှန်သမျှမှာ မိဘအရှိန်အဝါ၊ ဓန ဥစ္စာကြွယ်ဝမှုတွေဆိုတဲ့ သူတို့ရဲ့ဘဝနောက်ခံ အဆောင်အယောင်တွေ ဘာမှပါမလာတော့ဘဲ တန်းတူသင်ကြားခွင့်၊ လေ့ကျင့်ခွင့် (Equity) ရပါတယ်။ ဆူကြုံနိမ့်မြင့်မရှိပါ။ မိသားစုဘဝနောက်ခံ ဘယ်လိုကွဲပြားပေမဲ့ စာသင်ခန်းထဲရောက်လာရင် အတူတူပါပဲ။ တန်ဖိုးတက်လာအောင် လာလေ့ကျင့် တဲ့ခေါင်းဆောင်လောင်း၊ ပြည်သူ့သားကောင်း မျိုးဆက်သစ်တွေပါပဲ။ အဲဒီတော့ အသင်းအကျိုး၊ အတန်းအကျိုး၊ ကျောင်းအကျိုး သယ်ပိုးကြတဲ့အခါမှာလည်း ဘဝမတူတာတွေ ဘေးချိတ်ပြီး ဘုံရည် မှန်းချက်အတွက် ကိုယ်စီကိုယ်င တာဝန်ယူဆောင်ရွက်ကြပါတယ်။ မတူကွဲပြားမှုကို အစွမ်းထက်အင် အားအဖြစ် အသုံးချ (Diversity and Unity) ကြပါတယ်။ ဒါ့အပြင် ကျောင်းသူ၊ ကျောင်းသားရဲ့ အရည်အသွေးကို အကဲဖြတ်တဲ့အခါမှာ၊ သင်ကြားလေ့ကျင့်ပေးတဲ့အခါမှာလည်း တရားမျှတမှု (Justice) အပြည့်ဝဆုံးဖြင့် အကောင်အထည်ဖော်ရပါမယ်။ တရားမျှတမှုကို ကလေးတွေစံထားပြီး အထုံအဖြစ်ခံယူနိုင်အောင် လေ့ကျင့်ပေးနေပါတယ်။ ပညာရေးဟာ အဲဒီ "လောကပါလတရား (၃) ပါး" ထွန်းတောက်ရေးကို မဖြစ်မနေအကောင်အထည်ဖော်နေရပါမယ်။ အဲဒါဟာနိုင်ငံရေးလုပ်ငန်းရဲ့ ရည် မှန်းချက်ကိုအကောင်အထည်ဖော်ခြင်းပါ။
အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုသကဲ့သို့ စည်းကမ်းကိုလေးစာလိုက်နာတတ်အောင် လည်း လေ့ကျင့်မှုပုံစံအမျိုးမျိုးဖြင့် လေ့ကျင့်ပေးပါတယ်။ အားကစားစည်းကမ်း၊ လမ်းစည်းကမ်း၊ ကျောင်း စည်းကမ်းတွေကို လိုက်နာတတ်အောင် လေ့ကျင့်ပေးကြတယ်။ အားကစားပြိုင်ပွဲဆို လျှင် စည်းကမ်းအပြင် အသင်းအဖွဲ့၏ စည်းလုံးညီညွတ်မှု၊ ပြိုင်ဘက်ကို လေးစားတန်ဖိုး ထားမှု၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်မှု၊ လျင်မြန်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှု၊ အားကစားအတတ်ပညာ၊ နည်းပညာ အသုံးချမှု စတာတွေပါဝင်ပါတယ်။ အားကစားကို အလေ့အကျင့်ခံအဖြစ်ထားပြီး လူ့တန်ဖိုးတွေတက် လာအောင် လေ့ကျင့်ပေးနေတာပါ။
ကျောင်းဟာ ဒီမိုကရေစီရဲ့ပုခက်ပါ။ ကျောင်းမှာဒီမိုကရေစီသင်မပေး၊ လေ့ကျင့်မပေးသမျှ ဒီမိုကရေစီ လူ့အဖွဲ့အစည်းသို့ မရောက်နိုင်ပါ။ ထို့အတူဒီမိုကရေစီယဉ်ကျေးမှုလည်း မထွန်းကားနိုင်ပါ။ သို့ပါ၍ ဒီမိုကရေစီအဖွဲ့အစည်းရဲ့ "စံ"၊ "အနှစ်သာရ" တွေကိုကျောင်းတွေက မဖြစ်မနေသင်ပေးရပါမယ်။ ဒါပေမဲ့ အထူးသတိချပ်ရမှာကတော့ ဒီမိုကရေစီဟာ "အသိတရား" သက်သက်မဟုတ်ပါ။ "အကျင့်တ ရား" ပါ။ ဒါကြောင့်မို့ကလေးတိုင်း လေ့ကျင့်နိုင်အောင် "ကျောင်းလွှတ်တော်" (သို့မဟုတ်) "ကျောင်း ကောင်စီ" ဖွဲ့စည်းလေ့ကျင့်ပေးရပါလိမ့်မယ်။ တကယ်တော့ နိုင်ငံရေးသည်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုး တက်ရေးပါ။ လူတစ်စု၊ တစ်ဖွဲ့၏အာဏာစိုးမိုးရေးမဟုတ်ပါ။ ကျောင်းတွေကလည်း ငါ့အသင်း ကျောင်းမှာ ထိပ်ဆုံးနေရာ ရောက်ရှိရေးဆိုတာထက် ငါတို့အသင်းက စာသင်ခန်းအတွက်၊ အတန်းအ တွက်၊ ကျောင်းအတွက်ဘယ်လို အကောင်းဆုံးဆောင်ရွက်ပေးရမလဲဆိုတာကို ဂုဏ်ယူတတ်စေဖို့ပါ။ အဲဒီအတွက် ကျောင်းကောင်စီမှာ အသင်းခေါင်းဆောင်၊ အတန်းခေါင်းဆောင် ရွေးတဲ့အခါမှာ အများအကျိုးသယ်ပိုးတတ်သူ ရွေးတတ်အောင် လေ့ကျင့်ပေးရ ပါလိမ့်မယ်။ ထို့အတူမိမိရွေးထားတဲ့ခေါင်း ဆောင်နှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိတဲ့အလေ့အထ ခိုင်မြဲအောင်လည်း လေ့ကျင့်ပေးရန်လိုပါ တယ်။ ကျောင်းသားတွေမှာရှိရမည့် အဓိကအရည်အသွေး ကတော့ "မိမိကိုယ်ကိုယ်ကောင်းအောင် အရင်ဆုံးကြိုးစားရမယ်ဆိုတဲ့ အသိနှင့်အကျင့်" ပါ။ အရေးကြီးဆုံးပါ။ အတန်းတွေကြီးလာတာနှင့်အတူ လူ့တန်ဖိုးတွေတက်လာဖို့က အဓိကပါ။ မိမိကိုယ်တိုင် အရင်ကောင်းပါမှ အတန်း၊ ကျောင်းနှင့်နောက် ဆုံးမှာ နိုင်ငံကောင်းမယ်ဆိုတဲ့ အသိကို အထုံပါရမီအဆင့်ထိရောက်အောင် လေ့ကျင့်ပေးရပါမယ်။
လူ့တန်ဖိုးတွေနှင့်အတူ လောကမှာတတ်သိ၊ တတ်အပ်တဲ့ပညာတွေ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီ ဝင်၊ ရူပဗေဒ ….စသည်ဖြင့်) သင်ကြားပေးရပါတယ်။ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချပညာတွေပါ။ လူ့တန်ဖိုးထက်ပိုပြီး အရေးပေးလေ့ကျင့်မိရင် ကျမ်းဂန်တတ်ပြီး အရေးပေးလေ့ ကျင့်မိရင် ကျမ်းဂန်တတ်ပြီး သီလမဲ့ကာအဆိပ်ပင်နှင့်တူမှာစိုးလို့ပါ။ ပညာရေးမှာ အထူးသတိထားရ မည့်အချက်ပါ။ ဒါ့ထက်ဆိုးတာက "စာမေးပွဲရမှတ်" ပြိုင်ပွဲကို ပညာရေးလို့ ထင်နေသရွေ့ နိုင်ငံဖွံ့ဖြိုး ရေး ဆုတ်ယုတ်မှုကိန်းဆိုက်နေတာကို "နိုင်ငံရေးအမြင်" ဖြင့်ကြည့်တတ်တဲ့ ပညာရေးကို မျိုးဆက်သစ် တွေဆီ ဖြည့်ဆည်းပေးဖို့ပါ။
တကယ်တော့ လူဟာနိုင်ငံရေးသတ္တဝါပါ။ နိုင်ငံဖွံ့ဖြိုးရေးအတွက် လူသားကိုဖွံ့ဖြိုးအောင် လေ့ကျင့်ပေး တဲ့ 'ပညာရေး' နှင့် 'နိုင်ငံရေး' တို့ဟာ ရုပ်နှင့်နာမ်ပါပဲ။ ကောင်းမွန်တဲ့ပညာရေး၊ မြင့်မားတဲ့ပညာရေးမရှိ ဘဲနှင့် နိုင်ငံရဲ့အရေးအရာမှန်သမျှ ဖွံ့ဖြိုးမှာ၊ တိုးတက်မှာမဟုတ်ပါ။ ပညာရေးကို အားမပေးတဲ့ နိုင်ငံ နှင့်လူ့အဖွဲ့အစည်းဟာလည်း ဖွံ့ဖြိုးဖို့နေနေသာသာ အသက်ရှင်ခွင့်ပင် ရလိမ့်မည်မဟုတ်ပေ။ "နိုင်ငံ့ အရေးအရာ ဖွံ့ဖြိုးမှုအစ ပညာရေးကပါ"။ ယခုသုံးနေတဲ့ "အမျိုးသား စည်းကမ်းအစ-စာသင်ကျောင်း က" ဆိုတဲ့ဆောင်ပုဒ်ကို ပြင်ချင်ပါတယ်။ ကျောင်းတွေက စည်းကမ်းတစ်ခုတည်း လေ့ကျင့်ပေးတာမှ မဟုတ်လော။ ဗလငါးတန်ပြည့်စုံမှုလည်း ပါပါတယ်။ တကယ်တော့ "အမျိုးသားဖွံ့ဖြိုးရေး မဏ္ဍိုင်အစ စာသင်ကျောင်း" ကဖြစ်စေချင်ပါတယ်။
အမျိုးသားခေါင်းဆောင်ကြီးရဲ့ နှုတ်ထွက်စကားဟာ နိုင်ငံ့အရေးကိုဆောင်ရွက်လိုလျှင် ပညာရေးကို အလေးပေးဆောင်ရွက်မှ အောင်မြင်မှာလို့ဆိုခဲ့တာပါ။ နိုင်ငံအရေးအရာ ရှင်သန်တိုးတက်ဖို့ရာ အသက်ဝိညာဉ်ပညာရေး ဖွံ့ဖြိုးနေပါမှဖြစ်မယ်လို့ ညွှန်းလိုက်တာပါ။ မပစ်ပယ်ပါနှင့် အားပေးပါ၊ ချီး မြှောက်ပါလို့ တိုက်တွန်းနေတာပါ။ နိုင်ငံရဲ့အနာဂတ်အရေးဟာ ပညာရေးမြင့်မားမှုပေါ်မှာ လုံးဝမှီနေပါ တယ်။ နိုင်ငံရဲ့အဓိကအရေးကို တကယ်စိတ်ပါစိတ်ဝင်စားပြီး အကောင်အထည်ဖော်နိုင်စွမ်း အားရှိသူ တို့ရဲ့လက်ထဲ အပ်ရမည့်အချိန်ဆိုတာကိုလည်း မမေ့အပ်ပါဘူး။ ကမ္ဘာမှာပညာရေးကို အကောင်အ ထည်ဖော်မှု အားနည်းခဲ့ပြီးပညာကိုယ်ခံ အားနည်းသူတွေပေါလာလို့ အစွန်းရောက်မှု၊ ဆူပူမှုတွေ နိစ္စဓူဝကြုံနေကြားနေရပါတယ်။ ပညာရေးအောင်မြင်ပြီး ဉာဏ်ပညာကြီးတဲ့ လူ့တန်ဖိုးမြင့် နိုင်ငံသား တွေပြည့်ဝတဲ့အရပ်တွေမှာ အပြန်အလှန်နားလည်မှု၊ ကိုယ်ချင်းစာမှု၊ အတ္တပရမျှတမှုတွေ ထွန်း တောက်ကာ ငြိမ်းချမ်းမှု၊ သာယာမှု၊ ဖွံ့ဖြိုးမှုတွေ ပြည့်လျှမ်းနေပါ တယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသူ၊ နိုင်ငံ သားတို့ရဲ့ ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေး ကို ဆောင်ရွက်နေတာပဲ မဟုတ်ပါလား။ ဒါ့ကြောင့်မို့ပညာရေး ဟာ နိုင်ငံရေးရဲ့ အဓိကသော့ချက်ဖြစ်ကြောင်း အမျိုးသားခေါင်းဆောင်ကြီး ညွှန်းခဲ့တာလို့ဆိုပါရစေ။ နိုင်ငံ့အနာဂတ် သာယာရေးအတွက် အမျိုးသားခေါင်းဆောင်ကြီးနှင့် နိုင်ငံကိုချစ်သူ တိုင်း ပညာရေးကို မြှင့်တင်ပေးကြပါလို့ တိုက်တွန်းပါရစေ။
The Politics Journal
No.29, Feb.27, 2014