လူငယ်နှင့် ဘာသာစကား
ဒီနေ့သမီးက စာမေးပွဲပြီးပေမယ့်။ တနင်္လာနေ့ကစပြီး အင်္ဂလိပ်လိုသင်တဲ့ကျောင်း စတက်ရမယ်။ ငယ်တုန်းအခြေခံကောင်းရထားဖို့ လိုတာပေါ့ဟု ပြောလာသူက တတိယတန်းကျောင်းသူ မယွန်းသီရိ ၏ဖခင် ဦးတင်ကိုကိုပင်ဖြစ်သည်။
တစ်ဦးချင်းစီ၏ အသိပညာတိုးတက်လာမှုနှင့်အတူ နောက်အနာဂတ်မျိုးဆက်လူငယ်များကို မည်ကဲ့သို့ ပြုစုပျိုးထောင်ရမည်ကို မြန်မာနိုင်ငံမှ မိဘတိုင်းသိရှိလာကြပြီ ဖြစ်သည်။
နိုင်ငံတကာနှင့် ယှဉ်ပြိုင်လာရတော့မည့် အနာဂတ်အခွင့်အလမ်းများအတွက် မိဘများကိုယ်တိုင်က မိမိတို့၏သားသမီးများအား နိုင်ငံခြားဘာသာကို မိခင်ဘာသာတစ်ခုအနေဖြင့် အဓိကသင်ကြားသည့် ပုဂ္ဂလိကစာသင်ကျောင်းများတွင် ထားရှိလာကြသည်အထိ ယှဉ်ပြိုင်မှုများပြင်းထန်လာရာ အနာဂတ် လူငယ်များ၏အနာဂတ်ကို မှန်းဆနိုင်သည်။
MHR သင်တန်းကျောင်းမှ Deputy Managing Director ဒေါ်ဆွေဇင်အေးက "အစ်မဆို အစ်မက လေးကို International ကျောင်းမှာ ထားတယ်။ ကလေးအတွက်လဲ ပိုတိုးတက်လာနိုင်မယ်ထင်တယ် လေ။ ဘာသာစကားနဲ့ ပတ်သက်လို့ International School တက်တဲ့ကလေးတွေဆိုရင် အင်္ဂလိပ်စာ အပြင်ဒုတိယဘာသာဖြစ်တဲ့ တရုတ်တို့ဂျပန်တို့ကို ရွေးချယ်သင်ယူတာတွေရှိတယ်" ဟုပြောသည်။
အရှေ့တောင်အာရှနိုင်ငံများ၏ အင်္ဂလိပ်ဘာသာစကား ပြောဆိုမှုကိုလေ့လာပါက ရုံးသုံးဘာသာကို အင်္ဂလိပ်စာအဖြစ် ကျင့်သုံးသည့်ဖိလစ်ပိုင်နိုင်ငံသည် အကောင်းဆုံးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အင်္ဂ လိပ်အသံထွက်မှာလည်း အခြားသောတိုင်းပြည်များထက် မညံ့ကြောင်းဒေါ်ဆွေဇင်အေးက ထောက်ပြ ပြောဆိုသည်။
ဒီမိုကရေစီစနစ် စတင်ကျင့်သုံးရန် ကြိုးပမ်းနေသည့် မြန်မာနိုင်ငံကို နိုင်ငံတကာမှ စီးပွားရေးအရေးယူ ပိတ်ဆို့မှုများ ဖြေလျှော့လာပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် ဘာသာ စကားတတ်ကျွမ်းမှုသည် အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြမည့် နိုင်ငံခြားကုမ္ပဏီများတွင် ဝင် ရောက်အလုပ်လုပ်ကိုင်ကြမည့် လူငယ်များသည် သက်ဆိုင်ရာနိုင်ငံအလိုက် ဘာသာစကားတတ်ကျွမ်း မှသာ လုပ်ခလစာကောင်းသော ရာထူးများတွင်လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း Zaw Education Centre မှဦးဇင်ဇော်ထက်ထွန်းက "ဘာသာစကားက အလုပ်လုပ်မယ်ဆိုရင် အခုမှမဟုတ်ဘူး အရင်ကလဲ အရေးပါတယ်။ အခုနောက်ပိုင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတော့ဘာသာစကားက ပိုပြီးအရေးပါလာတယ်။ ဘာသာစကားမတတ်ထားဘူးဆိုရင် ရာထူး၊ လစာမှာ ခြေတစ်လှမ်းနောက်ကျ လိမ့်မယ်" ဟုအကြံပြု ပြောကြားခဲ့သည်။
လူငယ်များအနေဖြင့် ဘာသာစကားတစ်ခုအပြင် အခြားဘာသာစကားများကိုလည်း တတ်မြောက်နိုင် မည်ဆိုပါက မိမိတို့၏အနာဂတ်ကို ပိုမိုအခွင့်အရေးပိုလာနိုင်ကြောင်း သိလာကြပြီဖြစ်သည်။
ဒေါ်ဆွေဇင်အေးက "ဘာသာစကားနှစ်မျိုး၊ သုံးမျိုး တတ်ထားရင်တော့ ပိုကောင်းတာပေါ့။ အာရှဘက် မှာဆိုတရုတ်စာ၊ ဂျပန်စာတတ်ထားရင်ရသလို Europe ဘက်ဆိုရင် ပြင်သစ်၊ စပိန်ဘာသာစကားက လိုအပ်တယ်။ အင်္ဂလိပ်စာကတော့ တစ်ကမ္ဘာလုံး သွားလို့ရတာပေါ့" ဟုဆိုသည်။
ထို့ကြောင့်ပင် ယနေ့ခေတ်လူငယ်များသည် မိမိအဓိကကျွမ်းကျင်သော ဘာသာစကားအပြင် သီးခြား လေ့လာသင်ယူလိုသည့် အတတ်ပညာထွန်းကားရာ နိုင်ငံတွင်ပြောဆိုဆက်သွယ်နိုင်မည့် အခြားဘာ သာစကားများကိုပါ သင်ယူလာနေကြပြီဖြစ်သည်။ "အရင်ကတော့ အင်္ဂလိပ်စကားပြီးရင် တရုတ် စကားကို လေ့လာကြတယ်။ အဲဒီနောက်ပိုင်း ကိုရီးယားကုမ္ပဏီတွေ ဝင်လာတော့ ကိုရီးယားဘာသာ စကား လေ့လာသူတွေများလာတယ်။ နောက်ပိုင်းမှာတော့ ဂျပန်ကုမ္ပဏီတွေ ဝင်လာတော့ဂျပန်စာ လေ့လာသူတွေများလာတယ်။ အဲဒါအပြင်နိုင်ငံခြားအလုပ်အကိုင် ခေါ်ယူမှုပေါ်မူတည်ပြီးတော့လဲ ဘာ သာစကားလေ့လာမှုကို ရွေးချယ်လာကြတယ်" ဟုဦးဇင်ဇော်ထက်ထွန်းက သုံးသပ်ပြောကြားခဲ့သည်။
ယနေ့ခေတ်တွင် လူငယ်များအမြင်ကျယ်လာသည်နှင့်အမျှ မိမိတို့ရပ်တည်လိုသည့် အလုပ်ပိုင်းဆိုင်ရာ ပညာရပ်များကိုလည်း နိုင်ငံရပ်ခြားသို့ သွားရောက်သင်ယူနေကြပြီဖြစ်သည်။ နိုင်ငံရပ်ခြားတွင် သွား ရောက်ပညာသင်ယူလိုသူများသည် အင်္ဂလိပ်ဘာသာစကား လေ့လာမှုအပြင် သွားရောက်လိုသည့် နိုင်ငံ၏ ဘာသာစကားများကိုလည်း လေ့လာမှုရှိလာကြသည်။
ကမ္ဘာကိုရွာကြီးတစ်ရွာအဖြစ် တင်စားခေါ်ဝေါ်လာတဲ့ ယနေ့ Globallization ခေတ်တွင် နိုင်ငံတကာ နှင့်ကူးလူးဆက်ဆံမှုမှာ ယခင်ထက်များပြားလာနေပြီဖြစ်သည်။ ထို့ကြောင့်နိုင်ငံအသီးသီးမှ ဘာသာ စကား၊ ယဉ်ကျေးမှု၊ ဖက်ရှင်၊ ဗဟုသုတများသည် ကူးစက်လာပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပိုမိုနီးစပ်လာ နေသည်ကို ယနေ့ခေတ်လူငယ်များ၏ နေ့စဉ်ဘဝ၊ လှုပ်ရှားပြောဆိုနေထိုင်မှုများကို လေ့လာပါကသိ ရှိနိုင်မည် ဖြစ်သည်။
ဘာသာစကားကို လေ့လာသင်ယူနေကြသည့် လူငယ်များအနေဖြင့် ဘာသာစကားတစ်ခု အမြဲတမ်း လေ့လာနေရန်လိုအပ်သလို အမြဲတမ်းဝမ်းစာဖြည့်တင်းနေသင့်ကြောင်း ဘာသာစကားသင်ဆရာ အများစုက ထောက်ပြပြောဆိုသည်။
အင်္ဂလိပ်စကားပြောသင်တန်းများ သင်ကြားနေသူဆရာဦးမိုးက "ဘာသာစကားကို ဘယ်လိုပဲသင်သင် ကိုယ်တိုင်လဲစိတ်ပါဝင်စားပြီး ကြိုးစားဖို့လိုသလို နေ့စဉ်ပြောဆိုဆက်ဆံနေတဲ့ ပတ်ဝန်းကျင်အသိုင်းအ ဝိုင်းကလဲလိုတယ်။ ပြောတတ်ပြီဆိုပြီး ရပ်နေလို့မရဘူး။ တောက်လျှောက်လေ့လာနေဖို့လိုတယ်" ဟု အကြံပြုပြောကြားခဲ့သည်။
နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ကာပညာသင်ကြားသည့် လူငယ်အများစုမလွဲမသွေ ရင်ဆိုင်ကြ ရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး ဒေါ်ဆွေဇင်အေးက "နိုင်ငံခြားတိုင်းပြည်မှာ ပညာသင်ကြားဖို့ သွားတဲ့လူငယ်တွေကို သိစေချင်တာက ရောက်ရောက်ချင်းခြောက်လလောက်ကတော့ လူးလဲပြီးခံကြ ရတယ်။ အသံထွက်ချင်းမတူတော့ စာသင်ပြောဆိုဖို့နားလည်နိုင်ဖို့ တော်တော်ကြိုးစားရတယ်။ အခြေခံမကောင်းသူဆို အင်္ဂလိပ်စာ Foundation တွေတောင်ပြန်တက်ကြရတာတွေရှိတယ်။ တစ်နှစ်၊ နှစ်နှစ်လောက် ဒီအသိုင်းအဝိုင်းနဲ့ ထိတွေ့မှုများလာရင်တော့ ပိုပြီးတိုးတက်လာတယ်" ဟု ပြောသည်။
နိုင်ငံတကာတွင် အင်္ဂလိပ်ဘာသာရပ်ပြီးပါက ပြင်သစ်၊ စပိန်၊ ဂျာမနီဘာသာစကားများသည် အသုံး များသော ဘာသာစကားများဖြစ်သည်။
ယနေ့ခေတ်တွင် ဘာသာစကားတတ်မြောက်မှုသည် လူတစ်ယောက်၏ဘဝရပ်တည်မှုကို များစွာအ ထောက်အကူပြုလာသောကြောင့် ဘာသာစကားသည် မဖြစ်မနေသင်ယူရမည့် လူနေမှုပုံစံတစ်ခုဖြစ် လာသည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ဘာသာဗေဒပညာရှင်များ၏ သုံးသပ်ချက်အရ ဘာသာစကားနှင့် ပတ်သက်ပြီး ဘာသာစကားမျိုးစုံ လေ့လာနိုင်ပါက ထိုသူ၏ဉာဏ်ရည်ဉာဏ်သွေး ပိုမိုမြင့်တက်လာနိုင်ကြောင်း သိရသည်။
The Flower News Journal
Vol.10, No.10, March.4-10, 2014