ပညတ်သွားရာ


'အမည်နာမက လူ့အပေါ်သက်ရောက်မှုရှိနိုင်သလား' လို့ ကိုအောင်ကသူငယ်ချင်းတွေကို မေးခွန်း ထုတ်တယ်။

လန်ဘားက 'ရှိတယ်လို့ထင်တယ်။ လူ့ရဲ့စိတ်ပိုင်းဆိုင်ရာကို အမည်ကလွှမ်းမိုးတယ်' လို့သူကပြော တယ်။ 'သူရလို့အမည်ပေးခံထားရတဲ့သူက သူရဲဘောကြောင်နေလို့ မဖြစ်ဘူး။ ဖြူစင်အမည်ပေးခံရသူ ဟာ စိတ်နေစိတ်ထား အနေအထိုင်ဖြူဖြူစင်စင် ဂရုပြုပြီးနေတယ်' လို့ လန်ဘားကပြောတယ်။

ဘဲဥမကတော့ 'ကိုကောက်ဆိုတိုင်း ညစ်ပတ်ကောက်ကျစ်တာမဟုတ်ပါဘူး။ လူကိုလိုက်ပြီး ဖြစ်တာပါ' လို့ပြောတော့ ကိုကောက်က မျက်စိနှစ်ဖက်ပိတ်သွားအောင် အားပါးတရ ရယ်ပါတယ်။

'အမည်ကလူအပေါ် သက်ရောက်တာ ပုံပြင်ပြောမယ်' လို့ရွှီးကပြောတော့ 'ပုံပြင်တွေကလဲ ကုန်မကုန် နိုင်ဘူး' လို့မဲတူကနှာခေါင်းရှုံ့ပါတယ်။

'ဂျပန်နိုင်ငံမှာပေါ့၊ နပန်းသမားတစ်ယောက်ရှိတယ်။ သူ့နာမည်က အိုနာမီတဲ့၊ အဓိပ္ပာယ်ကတော့ လှိုင်းကြီးပေါ့၊ နပန်းသမားလှိုင်းကြီးပေါ့၊ နပန်းသမားလှိုင်းကြီးဟာ အင်မတန်သန်စွမ်းတယ်၊ နပန်း သတ်ကျွမ်းကျင်တယ်၊ သူနဲ့ယှဉ်ပြိုင်သူတိုင်းကို အနိုင်ရတယ်။ တစ်ချိန်ကသူ့ကို နပန်းပညာသင်ပေးခဲ့ တဲ့ဆရာတွေကိုတောင်မှ လှိုင်းကြီးက အနိုင်သတ်နိုင်တယ်'

'နာမည်နဲ့လိုက်ဖက်တဲ့ လှိုင်းကြီးပေါ့' လို့လန်ဘားကပြောတယ်။

'ဒါပေမဲ့ ပရိသတ်ရှေ့မှာလုပ်တဲ့ နပန်းပွဲတွေမှာ တပည့်လူငယ်တွေနဲ့သတ်ပုတ်ရင်တော့ သူ့ကိုကိုင် ပေါက်တာခံရတယ်၊ လှဲသိပ်ခံရတယ်'

'လူငယ်ခြေတက်တွေနဲ့ကျတော့ လှိုင်းကြီးလဲ လှေအောက်ရောက်သွားတာပေါ့'

'ဒီလိုဖြစ်တော့ လှိုင်းကြီးကစိတ်ညစ်တယ်၊ ဒါကြောင့်ပင်လယ်ကမ်းခြေက ဘုန်းကြီးကျောင်းကိုသွားပြီး သူ့စိတ်ခံစားချက်ကို လျှောက်တင်အကြံတောင်းတာပေါ့'

သူငယ်ချင်းတွေက ပုံပြင်ကိုစိတ်ဝင်တစားနားထောင်နေကြတယ်။

'ဘုန်းတော်ကြီးက နပန်းသမားကြီးကို ပင်လယ်ကမ်းစပ်က ဓမ္မာရုံလေးထဲကို ခေါ်သွားတယ်၊ ပြီးတော့ မင်းရဲ့နာမည်က လှိုင်းကြီးပဲ၊ ဒါကြောင့်ဒီနေ့ည ဒီဓမ္မာရုံထဲမှာ တစ်ညလုံးနေပါ၊ ပြီးတော့ပင်လယ်ထဲက လှိုင်းသံတွေကို ထိုင်နားထောင်ပါ၊ မင်းရဲ့စိတ်အာရုံကို လှိုင်းတွေပေါ်မှာပဲစုစည်းထားပါ၊ မင်းကိုယ်မင်း နပန်းသမားဆိုတာလဲ မေ့ထားလိုက်၊ လှိုင်းတွေကအရာရာကို မင်းမျက်စိရှေ့မှာပဲ ရိုက်ပုတ်ဖယ်ရှား သွားတာကို စောင့်ကြည့်ပါလို့ ခိုင်းတယ်တဲ့'

'မဲတူဆိုရင်တော့ မီးသွေးအိတ်ကိုထိုင်ကြည့်ခိုင်းမယ်ထင်တယ်' လို့ လန်ဘားကပြောလို့ မဲတူကမျက် မှောင်ကျုတ်ပြီး ပြန်ကြည့်တယ်။

'ဘုန်းတော်ကြီး ထွက်ခွာသွားတော့ ဓမ္မာရုံထဲမှာနပန်းသမားကြီး တစ်ယောက်တည်းပဲကျန်ရစ်တယ်။ လှိုင်းတွေကိုသာ အာရုံစိုက်နေဖို့သူကြိုးစားပေမဲ့မရဘူး၊ စိတ်အာရုံတွေကလွင့်ပါးနေတယ်၊ ဟိုရောက် ဒီရောက်ပေါ့'

'ဒါကတော့ လူ့သဘာဝပဲ' လို့ ကိုအောင်က မှတ်ချက်ချတယ်။

'တဖြည်းဖြည်းနဲ့ နပန်းသမားကြီးဟာ စိတ်ကိုလှိုင်းတွေပေါ်မှာသာ စုစည်းအာရုံစိုက်နိုင်လာတယ်၊ တစ်ညလုံးပဲ လှိုင်းလုံးကြီးတွေက တဝုန်းဝုန်းမြည်ဟည်းလို့ ကမ်းခြေကို ရိုက်ခတ်တာပေါ့၊ ရေကတက် လာပြီး ဓမ္မာရုံထဲအထိ ရောက်လာတယ်၊ ဘုရားဆင်းတုတော်ရှေ့မှာ တင်လှူထားတဲ့ ပန်းအိုးကိုရိုက် ခတ်တယ်၊ လဲကျသွားတဲ့ပန်းအိုးထဲက ပန်းတွေကိုလှိုင်းကပင်လယ်ထဲဆောင်ယူသွားတယ်၊ နောက် တစ်ခေါက်ကျတော့ ပန်းအိုးကိုဆောင်ယူသွားတယ်၊ ဘုရားဆင်းတုတော်ပင်လျှင် လှိုင်းဆောင်ရာပါ သွားတယ်'

'လှိုင်းလေကပြင်းလို့ဖြစ်မယ်' လို့ကိုကောက်က ထင်မြင်ချက်ပေးတယ်။

'မနက်အာရုံကျင်းမှာတော့ ဓမ္မာရုံထဲမှာရေစရေနလောက်သာ ကျန်တော့တယ်၊ နပန်းသမား အိုနာမီက ဓမ္မာရုံထဲထိုင်နေရင်း သူ့မျက်နှာပြုံးရိပ်သမ်းလာတယ်'

'သူဉာဏ်အလင်းပွင့်သွားလို့ဖြစ်မယ်' ဆိုပြီးကိုအောင်က ပြောတယ်။

'အဲဒီနေ့ကစပြီး နပန်းသမားကြီးဟာ ပြိုင်ပွဲတွေကိုပြန်ဝင်တယ်၊ နပန်းပွဲတွေမှာ အနိုင်ရတယ်၊ အဲဒီနေ့ ကစလို့ သူ့ကိုဘယ်သူကမျှ ရှုံးနိမ့်အောင် လှဲမသိပ်နိုင်ကြဘူးတဲ့'

မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၉)၊ မတ်လ(၇) ရက်၊ ၂၀၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...