ရိုးမလုပ်ငန်းစုက နိုင်ငံတကာအဆင့်မီ ကျောင်းနဲ့ပြည်တွင်းပုဂ္ဂလိကကျောင်း ဖွင့်လှစ်မည်



ရိုးမလုပ်ငန်းစု (Yoma Strategic Holdings) ကနိုင်ငံတကာ အဆင့်မီကျောင်းနဲ့ပြည်တွင်း ပုဂ္ဂလိကကျောင်း ဖွင့်လှစ်ဖို့ ဆောင်ရွက်နေပါတယ်။

အဲသည်ကျောင်းနှစ်ကျောင်းကို စတင်ဖွင့်လှစ်နိုင်ဖို့အတွက် နိုင်ငံတကာပညာရေးအဖွဲ့တွေ၊ ပြည်တွင်း ပညာရေးအဖွဲ့တွေနဲ့ ဆွေးနွေးတိုင်ပင်နေပြီလို့ ဆိုပါတယ်။

နိုင်ငံတကာအဆင့်မီကျောင်းဖွင့်လှစ်ဖို့အတွက် လန်ဒန်က Dulwich College နဲ့ Dulwich College International တို့က ပညာရေးအကြံပေးအဖြစ် ပါဝင်ပါမယ်။ ရိုးမလုပ်ငန်းစု (Yoma Strategic) နဲ့ Education Index Management တို့ပူးပေါင်းပြီး ကြယ်စင်မြို့တော်အဆင့်မြင့်အိမ်ရာ စီမံကိန်းအနီး မှာလာမယ့် ၂၀၁၅ ခုနှစ်သြဂုတ်လမှာ ဖွင့်လှစ်ဖို့ရည်ရွယ်ထားပါတယ်။

နိုင်ငံတကာအဆင့်မီကျောင်းအတွက် စီးပွားရေးအစုရှယ်ယာ ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားတဲ့ Thanlyin Estate Development အဖွဲ့နဲ့သဘောတူညီမှုရရှိထားပြီး ဖြစ်ပါတယ်။

ရိုးမအုပ်စုကကျောင်းတွေဖွင့်လှစ်မှာနဲ့ ပတ်သက်ပြီးမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ အင်ဒရူးပက်ဒရစ်က ဗြိတိသျှပညာရေးစနစ်ဟာ အလွန်မြင့်မားတဲ့ စံချိန်စံနှုန်းတွေကို ကိုယ်စားပြုတယ် ဆိုတာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတာဖြစ်ပါတယ်။ ဒါကြောင့်စတားစီးတီးမှာ ဖော်ဆောင် မယ့်ရိုးမလုပ်ငန်းစုရဲ့ ပညာရေးဝန်ဆောင်မှုလုပ်ငန်းသစ် တိုးတက်ဖို့အတွက် ယူကေရဲ့အလေးစားခံရ ဆုံးကျောင်းအုပ်စုတစ်စုက ကူညီပံ့ပိုးပေးသွားမှာဖြစ်လို့ ဝမ်းမြောက်မိပါတယ်လို့ ပြောပါတယ်။

အခုဖွင့်လှစ်မယ့် နိုင်ငံတကာကျောင်းမှာ အသက်နှစ်နှစ်ကနေ ၁၈ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်း သူတွေအတွက် ရည်ရွယ်ထားပါတယ်။

ပြည်တွင်းပုဂ္ဂလိကကျောင်းအတွက် ကျောင်းအဆောက်အအုံတွေနဲ့ လိုအပ်တဲ့ပညာရေးဆိုင်ရာ အထောက်အကူတွေကို တည်ဆောက်ပြီး ကျောင်းကိုငှားရမ်းပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင်အဲသည်ကျောင်းတွေ တည်ဆောက်တာနဲ့ လုပ်ငန်းဆောင်ရွက်တာတွေအတွက် သက်ဆိုင်ရာ မြန်မာအစိုးရထံက လိုအပ်တဲ့သဘောတူညီမှုတွေ လက်ခံရရှိတဲ့အပေါ်မှာလည်း မူတည်ပါသေးတယ် လို့ ဆိုတယ်။

ရိုးမလုပ်ငန်းစုက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာအတွင်းမှာ ပညာရေးဆိုင်ရာစာသင်ကျောင်းတစ်ကျောင်းကိုလည်း ဆောက်ဖို့ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၀)၊ မတ်လ(၁၄) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...