စတော်ဘယ်ရီယို လုပ်ကြမလား..

ပြီးခဲ့တဲ့ အပတ်က အသိတစ်ယောက် ပြောပြလို့ ဒီ စတော်ဘယ်ရီယို ထိုးနည်းကို စိတ်ဝင်စားလာတာ။ ဒီယိုထိုးတာက ကိတ်မုန့်ဖုတ်တာလောက် မခက်မှန်း အရင်က မသိခဲ့ဘူး။ တကယ်တော့ လွယ်လွယ်လေး။ ယိုထိုးချင်တဲ့ အသီးနဲ့ သကြားနဲ့ ရှိရင် ရပြီ။ သကြားကတော့ ယိုထိုးရင် သုံးတဲ့ သကြား ( Gelierzucker) နဲ့မှ ဖြစ်မယ်။ 


အချိုးအစားကလည်း မခက်ဘူး။ အသီး ၂ ဆ၊ သကြား ၁ ဆ၊ အဲဒီ သကြား၁ထုပ်ဆိုရင် အသီး ၁၀၀၀ ဂရမ် သုံးရတယ်။ ကျွန်မကတော့ ၇၅၀ ဂရမ် ခဲပြီးသား စတော်ဘယ်ရီ တွေ ဝယ်လိုက်လို့ သကြားကို အမှန်းနဲ့ နဲနဲ ချန်ထားလိုက်တယ်။ သကြားထုပ်မှာပါတဲ့ လုပ်နည်းအညွှန်းအရဆိုရင် ကိုယ်ကြိုက်တဲ့ အသီးတွေကို ရေဆေး၊ သေးသေးလေးတွေ ဖြစ်အောင်လှီးပြီး ၊ အချိုးအစားနဲ့ သကြားကို ထည့်မွှေရတယ်။ ပြီးတော့ မီးဖိုပေါ်မှာ အနည်းဆုံး ၃ မိနစ် အဆက်မပြတ်မွှေပေးရမယ်တဲ့။


ကျွန်မကတော့ ရေခဲပြီးသား စတော်ဘယ်ရီတွေ ဝယ်လိုက်လို့ ရေခဲပျော်အောင် ထားလိုက်ပြီး သကြားထည့်ပြီး မီးဖိုပေါ်တခါတည်း တင်ထားလိုက်တယ်။ သူရေးထားသလို ၃ မိနစ် အဆက် မပြတ် မွှေမနေပဲ ..မီးအရှိန်နဲနဲလျှော့ပြီး (အိုးမကပ်အောင်) ၁၀ မိနစ်ကနေ ၁၃ မိနစ်လောက်အထိ မကြာခဏ မွှေပေးနေရတယ်။ အသီးတွေက ပျော်သွားပြီး ပွက်ပွက်ထလာပြီ နဲနဲ ပျစ်လာပြီဆိုရင် မီးဖိုပေါ်က ချပြီး ၃ မိနစ်လောက် အအေးခံထားလိုက်သေးတယ်။ ၃ မိနစ် ၄ မိနစ်ထက် ပိုမထားပဲ ( ကြာကြာထားရင် အိုးထဲမှာတင် ခဲသွားမှာမို့ ) အသင့်ပြင်ထားတဲ့ ဖန်ပုလင်းတွေထဲကို ထည့်လိုက်တယ်။ အဲနောက် အဖုံးကို သေချာလုံအောင် ပိတ်ပြီး ဇောက်ထိုးထောင်ထားလိုက်တယ်။ အညွန်းထဲမှာတော့ ၅ မိနစ်ပဲ ဇောက်ထိုးထားခိုင်းတယ်။ အသိပြောတာတော့ တစ်ည ထားတဲ့။ ကျွန်မကတော့ ၂ နာရီလောက်ပဲ ထားလိုက်တယ်။ နောက် ယို ဖြစ်မဖြစ် သိချင်ဇောနဲ့ ၂ နာရီလောက်ကြာတော့ အဖုံးတွေကို ဖွင့်ကြည့်တော့ ပြင်ညီ မျက်နှာပြင်လေးတွေနဲ့ ယိုပုလင်းလေးတွေ ရနေပြီ။


တကယ်ကို လွယ်ကူ အရသာလည်းရှိပြီး ဓာတုဗေဒ လုံးဝမပါဝင်တဲ့ အိမ်လုပ် ဈေးသက်သာတဲ့ စတော်ဘယ်ရီယိုပါ။


Credits: လပြည့်ရိပ် http://fullmoon-shadow.blogspot.com


http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...