အာဂုံဆောင်စနစ်ဆိုးမှ ခွဲမထွက်နိုင်သည့် ပုဂ္ဂလိကကျောင်းများ
ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေပြဋ္ဌာန်းပြီး သက်တမ်းရင့်ဘော်ဒါကျောင်းများကို ပညာရေးဝန်ကြီး ဌာနကတရားဝင် အသိအမှတ်ပြုလျှောက်ထားခွင့်ပြုသည်မှ ၂ နှစ်ကျော်ကာလရောက်နေပြီဖြစ်သည်။ အစိုးရ၏ပညာရေးစနစ်ကို အားရကျေနပ်မှုမရှိသော မိဘအုပ်ထိန်းသူများကြောင့် ကိုယ်ပိုင်ကျောင်း များ၏ ဈေးကွက်ကလည်း ပိုမိုကြီးမားကျယ်ပြန့်လာသည်။
လက်ရှိအချိန်တွင် ကျောင်းသားမိဘများ သိလိုစိတ်ပြင်းပြနေသောမေးခွန်းမှာ အစိုးရကျောင်းနှင့် ကိုယ်ပိုင်ကျောင်းဘာတွေ ကွာခြားသလဲဆိုသည့် အချက်ဖြစ်သည်။ ကိုယ်ပိုင်ကျောင်းများမှ ပုဂ္ဂလိက ပညာရေးလုပ်ငန်းဖြစ်သည့်အတွက် ငွေကြေးပိုမိုကုန်ကျမည့်အချက်ကတော့ အသေအချာပင်ဖြစ်သည်။
ငွေကြေးပိုမိုကုန်ကျသည့်အတွက် အစိုးရကျောင်းနှင့် မတူကွဲပြားသော ပညာရေးစနစ်ကို ကိုယ်ပိုင် ကျောင်းများက အမှန်တကယ်ပေးစွမ်းနေသည်လားဆိုသည်ကို ကိုယ်ပိုင်ကျောင်း တည်ထောင်ထားသူ များနှင့် ကျောင်းသားမိဘများအနေဖြင့် အဖြေရှာဆန်းစစ်ရန် လိုအပ်နေပြီဖြစ်သည်။
စာမေးပွဲတွင်အမှတ်ကောင်းရရှိရေး စာသင်ကျောင်းနှင့်ကျူရှင်များတွင် အချိန်ကုန်ပြီးနှုတ်တိုက် အာဂုံ ဆောင်ကျက်မှတ်သော ပညာရေးစနစ်မှ အသိပညာ၊ ဗဟုသုတနှင့် စဉ်းစားတွေးခေါ်မှုကို အားပေး သောပညာရေးစနစ်မျိုးကို ကိုယ်ပိုင်ကျောင်းများတွင် မြင်တွေ့နေရပါပြီလား။
"အခုပညာရေးမှာအတည်ပြုထားတဲ့ စစ်ဆေးတဲ့စနစ်ကစာမေးပွဲစနစ်ပဲ။ အခြေခံပညာအဆင့်ကနေ အဆင့်မြင့်ပညာရေးကို ကူးဖို့အတွက် ၁၀ တန်းကနေ တက္ကသိုလ်ကို ရွေးတဲ့စနစ်လည်း ဒါနဲ့ပဲရွေးနေ တုန်းပဲ။ သက်ဆိုင်ရာကျောင်းတွေရော၊ ကိုယ်ပိုင်ကျောင်းတွေရော ကျောင်းရဲ့အောင်မြင်မှုကို တိုင်း တာဖို့စာမေးပွဲအောင်ချက်၊ ဂုဏ်ထူးတွေနဲ့ပဲ တိုင်းတာရတာပါပဲ" ဟု ACA ပညာ့ရိပ်ငြိမ်ကိုယ်ပိုင် ကျောင်းမှ အကြံပေးပညာရှင်ဦးစန်းဝင်းကပြောသည်။
ပညာရေးဝန်ကြီးဌာနအထိ အမှတ်ပြုကိုယ်ပိုင်ကျောင်း ၁၅၀ ကျော် တရားဝင်ခွင့်ပြုထားပြီး ကွဲပြားခြား နားသောပညာရေးစနစ် ကျင့်သုံးနေသည့်ကျောင်းအချို့ရှိသော်လည်း အများစုမှာအောင် ချက်မြင့်မား ရေးအခြေခံသော ပညာရေးစနစ်အောက်မှာ ရုန်းထွက်နိုင်မှုမရှိသေးခြင်းဖြစ်သည်။
"အခုလောလောဆယ်တော့ ကိုယ်ပိုင်ကျောင်းတွေလည်း ရုန်းထွက်လို့မရသေးဘူး။ အစိုးရကျောင်းနဲ့ မတူတာကတော့ ဝန်ဆောင်မှုနဲ့ပဲဖြည့်ဆည်းပေးနိုင်တယ်။ မူဝါဒပိုင်းကတော့ ပြင်လို့မရဘူး" ဟု ဦးစန်း ဝင်းကဆိုသည်။
အစိုးရဥပဒေပြဋ္ဌာန်းသတ်မှတ်ပြီးနောက် ကိုယ်ပိုင်ကျောင်းများအနေဖြင့် ကျောင်းသားများအား အချိန် ပြည့်တာဝန်ယူသင်ကြားပေးနိုင်မှုနှင့် ထပ်ဆောင်းဘာသာရပ်သင်ကြားနိုင်မှု အခွင့်အရေးတို့ကို ရရှိခဲ့ ကြသည်။
ကျောင်းသားများအနေဖြင့် အစိုးရကျောင်းများတွင် ကျောင်းခေါ်ချိန်တက်ပြရခြင်းဒုက္ခမှ ကင်းဝေးသွား ခဲ့သလို နိုင်ငံခြားဘာသာစကားနှင့် အခြားပညာရပ်များကို လေ့လာသင်ယူခွင့်ရရှိသွားခဲ့ခြင်းဖြစ်သည်။
တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားတစ်ဦး၏ မိခင်မခိုင်ခိုင်က "သူ့အစ်ကိုတုန်းက ၁၀ တန်း ဆိုဘော်ဒါဆောင်မှာ သွားထားရတာပေါ့။ ကျောင်းခေါ်ချိန်ပြည့်အောင်ရော၊ ကျူရှင်ချိန်ရော တစ်နေ့ ကုန်တက်နေရတော့ကလေးက ပင်ပန်းနေပြီ။ အခုကိုယ်ပိုင်ကျောင်းတွေ ပေါ်လာတော့ အဲ့ဒီလိုမျိုး မရှိတော့ဘူး" ဟု၎င်းအတွေ့အကြုံကို ရှင်းပြသည်။
ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား အတင်းအကျပ်ခိုင်းစေခြင်း၊ ပိတ်လှောင် ခြင်း၊ ပြင်းထန်စွာ အပြစ်ပေးခြင်းနှင့် ညှဉ်းပန်းနှိပ်စပ်ခြင်းတို့ကို မပြုလုပ်ရန်နှင့် အိပ်စက်အနားယူချိန် သည်နေ့စဉ်ခြောက်နာရီအောက် မလျော့နည်းစေရန် ကျောင်းတည်ထောင်ဖွင့်လှစ်သူများက ကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်သည်။
အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် စာသင်ခန်းအကျယ်အဝန်းသည် ၃၆၀ စတုရန်းပေအောက် မလျော့နည်းစေရန်နှင့် တစ်ခန်းလျှင် ကျောင်းသား ၄၀ ဦးထက်မပိုဘဲထားရှိရန် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်နည်း ဥပဒေတွင်သတ်မှတ်ထားသည်။
"အစိုးရကျောင်းမှာက ဆရာမတစ်ယောက်တည်းကို ကျောင်းသားကခြောက်ဆယ်လောက် ဆိုတော့ ကျောင်းသားတစ်ဦးချင်းကို ဂရုမစိုက်နိုင်ဘူးလေ။ စာဆိုလည်းသင်ပေးတာပဲ ကျက်၊ အိမ်စာပေးနဲ့၊ ဒါကျက်ဒါဖြေပုံစံနဲ့ အချိန်တန် နောက်တစ်တန်းကူးဆိုတာ ဖြစ်နေ တယ်။ နောက်နှစ်ဆိုကိုယ် ပိုင် ကျောင်းပြောင်းထားတော့မယ်" ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။
ကိုယ်ပိုင်ကျောင်းထားနိုင်သောမိဘ၏ သားသမီးများအနေဖြင့် စာသင်ကျောင်းနှင့် ကျူရှင်တွင်အချိန် ကုန်နေရမှုမှ သက်သာသွားသော်လည်း အလွတ်ကျက်မှတ်ရသော ပညာရေးဝဲဂယက်မှ လွတ်မြောက် နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။
မြန်မာနိုင်ငံ၏ စာမေးပွဲစနစ်လေ့လာသင်ယူမှုကို အားပေးသောစစ်ဆေးနည်းစနစ် (Formaive Assessment) ကိုအသုံးပြုရန် တိုက်တွန်းအကြံပြုကြောင်း နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ်ပြုပြင် ပြောင်း လဲရေးကွန်ရက် (NNER) ကသဘောထားထုတ်ပြန်ထားသည်။
နိုင်ငံတကာနှင့် ပြည်တွင်းမှပညာရေးပညာရှင်များနှင့် ပညာရေးလေ့လာသူများ ဆွေးနွေး ခဲ့ကြပြီး နောက် ကျောင်းသားများ၏သင်ယူမှုကို ထိရောက်စေမည့်အထက်ပါနည်းလမ်းကို အသုံးပြုရန် ၂၀၁၃ အောက်တိုဘာတွင် တိုက်တွန်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ကိုယ်ပိုင်ကျောင်းများအနေဖြင့် စီးပွားရေးအရ ရပ်တည်နိုင်ရေး၊ ၎င်းတို့ကျောင်းသားများ၏ အောင်ချက် နှင့် ဂုဏ်ထူးရရှိမှုတို့ပေါ်တွင် မူတည်လျက်ရှိခြင်းကြောင့် စာမေးပွဲဦးတည်သော သင်ကြားရေးစနစ်ကို ကျင့်သုံးနေသည်။
မြန်မာနိုင်ငံရှိ ကျောင်းသားမိဘများအတွင်း ပညာရေးအပေါ်သဘောထားအမြင် လွဲမှားနေမှုက လည်း လေ့လာသင်ယူမှုကို အားပေးသောပညာရေးစနစ်ထက် အောင်မှတ်မြင့်မားသော ပညာရေးစနစ်ကို ပိုမိုအားပေးလျက်ရှိသည်။
"ပညာသင်ကြားတဲ့ပုံစံကို ပြောင်းလိုက်ရင် စာမေးပွဲအောင်ချက်ကို သိသိသာသာထိခိုက်နိုင်တယ်။ မိဘတွေက ဂုဏ်ထူးအထွက်များတဲ့၊ အောင်ချက်ကောင်းတဲ့ ကိုယ်ပိုင်ကျောင်းတွေကို ရွေးချယ် ကျောင်း အပ်နေကြတာလေ။ အဲဒါဆို ကျွန်တော်တို့လည်း ရပ်တည်ဖို့အခက်အခဲရှိနိုင်တယ်" ဟု ကိုယ်ပိုင်ကျောင်း တည်ထောင်ထားသူတစ်ဦးကပြောသည်။
ကိုယ်ပိုင်ကျောင်းဈေးကွက်ကြီးမားလာခြင်းကြောင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရာ၌ ရင်းနှီးမြှုပ်နှံမှု ကြီးမားနေခြင်း၊ အထူးသဖြင့် မြေနေရာအခက်အခဲက ရန်ကုန်မြို့ရှိ ကိုယ်ပိုင်ကျောင်းများ၏ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကအဟန့်အတား ဖြစ်စေလျက်ရှိသည်။
ကိုယ်ပိုင်ကျောင်းများအနေဖြင့် ကျောင်းသားမိဘများ၏ စိတ်ဝင်စားမှု မြင့်တက်နေခြင်းကြောင့် ဈေး ကွက်ကြီးမားလာနေသော်လည်း ပညာသင်ကြားရေးနှင့် ပတ်သက်၍ဖွံ့ဖြိုးတိုးတက်မှု အားနည်း နေသေးကြောင်း ပညာရှင်များကထောက်ပြမှုများရှိနေသည်။
ကိုယ်ပိုင်ကျောင်းအချို့သည် အစိုးရကျောင်းနှင့် ပညာသင်ကြားမှုစနစ် ကွဲပြားခြားနားမှု မရှိသေးသ လို နိုင်ငံတကာကဲ့သို့ ပုဂ္ဂလိကပညာရေးကဏ္ဍအနေဖြင့် ရပ်တည်လာနိုင်ရန် လိုအပ်ချက်များ ရှိနေသေး ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်ကပြောသည်။
"လုံးဝအလွတ်မကျက်ရတာတော့ မဟုတ်ဘူးပေါ့။ ကျက်သင့်တာကျက်၊ ဝေဖန်သုံးသပ်သင့်တာ သုံးသပ်ရမယ်။ မျှမျှတတဖြစ်ရမယ်။ အခုကတော့ အလွတ်ကျက်တာများနေတာပေါ့။ ကိုယ်ပိုင် ကျောင်းတွေလည်း မျှော်မှန်းသလောက် ဖြစ်မလာသေးဘူး။ အစိုးရကျောင်းနဲ့ သင်ကြားမှုပုံစံတူဖြစ်နေ တယ်။ နိုင်ငံကာလိုပုဂ္ဂလိက ပညာရေးကျောင်းတွေဖြစ်လာအောင် ကြိုးစားဖို့လိုနေသေးတယ်" ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) တစ်ဦးကဆိုသည်။
ပညာရေးဖွံ့ဖြိုတိုးတက်မှုအတွက် အဓိကအစိတ်အပိုင်းအနေဖြင့် သင်ထောက်ကူပစ္စည်းနှင့် သင်ကြား နည်းစနစ်တွင် ကိုယ်ပိုင်ကျောင်းများအနေဖြင့် သင်ထောက်ကူပစ္စည်းဖြည့်ဆည်းနိုင်မှုရှိသော်လည်း သင်ကြားနည်းစနစ်တွင် လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်သည်။
အစိုးရ၏ပညာရေးစနစ်အပေါ် ကျောင်းသားမိဘများ စိတ်ကျေနပ်မှုလျော့ကျနေချိန်တွင် ကိုယ်ပိုင် ကျောင်း များ အားသာမှုရှိနေပြီး ယင်းအခွင့်အလမ်းကို အမိအရဆုပ်ကိုင်နိုင်ရန် ပိုမိုကောင်းမွန်သော ပညာရေးစနစ် ကို ဖန်တီးနိုင်မည်လား စောင့်ကြည့်ရမည်ဖြစ်သည်။
7Day News Journal
Vol.13, No.1, March.5, 2014