စကားရဲ့ သတ္တိ.....


ကျွန်မငယ်ငယ် ရှစ်တန်းလောက်တုန်းက မွေးနေ့လက်ဆောင်အဖြစ် ကျွန်မရဲ့ဖေဖေက စာရွက်ရောင် စုံ လေးတွေပါတဲ့ Auto စာအုပ်ကလေး လက်ဆောင်ပေးခဲ့ဖူးတယ်။ 'ခင်မင်တဲ့ သူငယ်ချင်းတွေနဲ့ ကိုယ် လေးစားတဲ့သူတွေကို အမှတ်တရရေးစေပြီးတော့ စာအုပ်ကိုသိမ်းထား၊ နှစ်တွေကြာလာတဲ့အခါပြန် ဖတ်' တဲ့။

ပြီးတော့အဖေကပြောသေးတယ်။ အတိတ်ဆိုတာ ပြန်သွားလို့မရဘူးတဲ့။ ဒါပေမဲ့အတိတ်က အမှတ် တရလေးတွေဆိုတော့ ဘဝခရီးမှာသင်ခန်းစာယူစရာ၊ မှတ်သားစရာ၊ ပျော်စရာတွေအဖြစ်သယ်သွား လို့ရတယ်တဲ့လေ။

ဒီတော့မှတ်မှတ်ရရ အဲဒီစာအုပ်ကလေးရဲ့ ဖွင့်ပွဲအနေနဲ့ စာရေးဆရာကြီး ထွဏ်းနေနွယ် ကို ရေးပေးဖို့ ပြောမိတယ်။ အဲဒီတုန်းက ဆရာထွဏ်းနေနွယ်ဆိုတာ မြဝတီမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ပါ။ ကျွန်မက အတော်ငယ်ငယ်နဲ့စာရေး၊ ကဗျာရေးဝါသနာပါတော့ အဲဒီအချိန်က မြဝတီမဂ္ဂဇင်းကကျင်းပတဲ့ ဝတ္ထုတို ပြိုင်ပွဲမှာဝင်ပြိုင်ရင်း ဆုရလို့ဆရာထွဏ်းနေနွယ်ကို သိခွင့်ရသွားတာပါ။

ကျွန်မစာအုပ်ရဲ့ ဖွင့်ပွဲမှာ ဆရာက ဘာရေးပေးသလဲဆိုတော့။

'ဆိုခဲစေ မြဲစေ' စကားမှာ အမှားမပြင်ရအောင် ဂရုစိုက်ပါတဲ့။

နောက်တော့ကျောင်းကဆရာ၊ ဆရာမတွေကို ရေးစေမယ်လို့ တွေးမိတယ်။ ကျွန်မတို့ကျောင်းမှာ နာမည်တူဆရာနှစ်ယောက်ရှိတယ်။ ဦးအောင်သန်းဆိုတဲ့ နာမည်တူဆရာနှစ်ယောက်ပါ။ တစ်ယောက် အသက်ကြီးတယ်။ ပထဝီသင်တယ်။ နောက်တစ်ယောက်က အသက်ငယ်တယ်။ နောက်မှဝင်လာတဲ့ ဆရာ။ ထားဝယ်သား၊ စကားလည်းဝဲတယ်။ သင်္ချာ-၂ လို့ခေါ်တဲ့ အက္ခရာနဲ့ ဂဲသြမေတြီသင်တယ်။

ဒီတော့ ကျောင်းသားတွေက မူရင်းဆရာကို ဦးအောင်သန်းကြီး၊ နောက်ပြောင်းလာတဲ့ဆရာကို အသက် လည်းငယ်တော့ ဦးအောင်သန်းလေးလို့ ခေါ်ကြတယ်။ ဦးအောင်သန်းလေးက ဂျစ်ကား အညို လေးမောင်းပြီး ကျောင်းကိုလာတယ်။ မှတ်မိသေးတယ်၊ ကားနံပါတ်က ၉၀၈။

ကျွန်မတို့အိမ်ရှေ့က ဖြတ်မောင်းပြီးကျောင်းကိုလာတော့ ကျောင်းသွားတဲ့ကျွန်မနဲ့ လမ်းမှာဆုံရင် ကျွန်မကိုကားနဲ့တင်ခေါ်ပြီး ကျောင်းကိုသွားတယ်။ ဒီတော့ကျွန်မနဲ့ပိုခင်နေတာပေါ့။ ကျွန်မက အဲဒီ ဆရာဦးအောင်သန်းလေးကို စာအုပ်ဖွင့်ပွဲဒုတိယလူအဖြစ် ရေးပေးဖို့စာအုပ်ကလေးပေးလိုက်တယ်။

နောက်နေ့စာအုပ်ပြန်ပေးတော့ ဆရာရေးပေးတာလေးက ဒီလိုပါ။

"လူတွေနဲ့ဆက်ဆံတဲ့အခါ ချိုသာသောစကား၊ နူးညံ့သိမ်မွေ့သော စကား၊ ပြေပြစ်သောစကား၊ မုသားကင်းသောစကား၊ ဒေါသမာနကင်းသော စကား၊ မှန်ကန်သောစကားတို့ကို ဆိုချေ၍ လူ အများရဲ့ချစ်ခင်မှုကိုရယူပါ" တဲ့။

ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရရင် ကျွန်မငယ်ငယ်က စိတ်လိုက်မာန်ပါ ပြောလေ့ရှိခဲ့ဖူးပါတယ်။ ကျွန်မ စိတ်ဆိုးရင် "ကိုယ့်ထမင်းကိုယ်စားတာပဲ၊ ဘာဂရိုစိုက်စရာရှိသလဲ" ဆိုတာမျိုးပြောတဲ့အခါ ကျွန်မ ဖေဖေက-

"အဲဒါကြောင့်ပြောတာပေါ့ သမီးရဲ့၊ ကိုယ့်ထမင်းကိုယ်စားရသေး၊ သူများအမုန်းလည်းခံရသေးဆို ဘယ်ဟုတ်တော့လို့လဲ။ ကိုယ့်ထမင်းကိုယ်စားပြီး သူများအမုန်းခံဦးမယ်ဆိုရင် သမီးမှားနေပြီ။ ဒေါသ အလျောက်၊ မာနအလျောက် စကားမမှားစေနဲ့။ စကားဆိုတာမှာ သတ္တိရှိတယ်။ အဲဒီစကားရဲ့သတ္တိက သမီးကိုထိခိုက်စေလိမ့်မယ်" လို့ ဆုံးမခဲ့ဖူးပါတယ်။

ဒီလိုဆရာသမား၊ မိဘတွေရဲ့ သွန်သင်မှု၊ စာအုပ်စာပေတွေရဲ့ ညွှန်ပြမှု၊ တရားသဘောရဲ့ ဆုံးမ မှုတွေ ကြောင့် ငယ်ငယ်က စိတ်လိုက်မာန်ပါပြောမှုတွေ ပါးလျားသွားပါပြီ။

မယုံရင်ဆရာအဝကျွန်းနဲ့ ဒေါ်တင်တင်ဦးတို့မောင်နှံကို မေးကြည့်ပါ။ ဘယ်ဟာမဆို သက်သေက လည်းရှိဦးမှ၊ ကိုယ့်ကိုယ်ကိုယ် အကောင်းချည်းထင်၊ အမှန်ချည်းထင်နေလို့ကလည်း မဖြစ်သေးဘူး မဟုတ်လား။ ဒါကြောင့်သူတို့နှစ်ယောက်ကို သက်သေထူရတာပါ။

ဒါမှကျွန်မမှာ အမှားရှိခဲ့ရင်တောင် ခင်တဲ့သူကသက်သေလိုက်ရင် ဖေးဖေးမမနဲ့ ကျွန်မဘက်ကပြော ပေး မယ် မဟုတ်လား။

စကားဆိုတာမှာ သတ္တိရှိတယ်ဆိုတာတော့ ကျွန်မအကောင်းအဆိုး၊ အကြောင်းအကျိုးတွေ အများကြီး ကိုဖတ်မှတ်ခဲ့ရုံမက ကြားမြင်သိလာရတော့ စကားရဲ့သတ္တိကို ကျွန်မတကယ်လက်ခံလာတာပါ။

လောကမှာ လူတိုင်းဟာအခြေခံအချက်ကြီးသုံးချက်နဲ့ လုပ်ကိုင်ဆောင်ရွက်နေရပါတယ်။ အဲဒါကတော့ စိတ်၊ နှုတ်၊ ကိုယ်ဆိုတဲ့ မနောကံ၊ ဝစီကံ၊ ကာယကံဆိုတဲ့ အချက်သုံးချက်ဖြစ်တယ် မဟုတ်လား။ စိတ်နဲ့ကြံစည်တာကို မနောကံ၊ နှုတ်နဲ့ပြောဆိုတာကို ဝစီကံ၊ ကိုယ်နဲ့ပြုမူတာကို ကာယကံဆိုတာတော့ လူတိုင်းအသိပါ။

အဲဒီအခြေခံသုံးမျိုးမှာ ဝစီကံဆိုတဲ့ နှုတ်ထွက်စကားဟာ အလွန်ကိုအရေးပါလှပါတယ်။ ဒါကြောင့် လည်း 'ဝစီဗေဒ ထိတိုင်းရှ'၊ 'မင်းတို့စကား မိုးကြိုးသွား'၊ 'စကားနောက်တရားပါ'၊ 'စကား စကားပြောပါ များ၊ စကားထဲကဇာတိပြ' ဆိုတဲ့ စကားရပ်တွေဟာ ဝစီကံဆိုတဲ့နှုတ်ထွက်စကားရဲ့ သတ္တိဘယ် လောက်ကြီး တယ်ဆိုတာ ဖော်ညွှန်းတဲ့စကားရပ်တွေပါ။ စကားတစ်ခွန်းကြောင့် ကောင်းကျိုးလည်း ဖြစ်ပေါ်လာစေသလို ဆိုးကျိုးလည်း ဖြစ်ပေါ်လာတတ်ပြီး နှစ်ခုစလုံးလည်း ပူးတွဲဖြစ်ပေါ်လာတတ်တာ ပါပဲ။ လူတွေဟာ ကိုယ့်ဒေါသ၊ လောဘ၊ မောဟ မီးတွေရဲ့ရာဇဝင်ကို ကိုယ်ပဲဖန်တီးခဲ့တယ်လို့ ကျွန်မ ထင်ပါတယ်။ ဒီကမ္ဘာကြီးထဲက ဒီလူတွေမှာ နှုတ်ထွက်စကားကြောင့် ဖြစ်ပျက်ပြုပြင်ပြောင်းလဲမှုမျိုးစုံ ကြုံတွေ့ခဲ့ရတဲ့ သာဓကတွေထဲက မှတ်လောက်သားလောက်အဖြစ်အပျက်တချို့ကို စာဖတ်သူများ သိပြီးမှာဖြစ်ပေမယ့် ကျွန်မတော့ပြန်ပြောပြချင်ပါတယ်။ ပြောမိတဲ့အမှားကြောင့် မမျှော်လင့်တဲ့ဆိုးကျိုး တွေနဲ့ရင်ဆိုင်ရတာဟာ ဝမ်းနည်းစရာကောင်းပါတယ်။ ပြဿနာတိုင်းဟာမဖြစ်ဘူးလို့ ထင်ရတဲ့နေရာ ကစပေါ်တတ်တာ ပါ။ နှုတ်ထွက်စကားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို နားထောင်ကြည့်ပါဦး။

မြန်မာ့သမိုင်းမှာ ပုဂံခေတ်ဟာ မင်းဆက်အများဆုံးနဲ့ နန်းသက်အရှည်ကြာဆုံးလို့ ဖတ်မှတ်ဖူးပါတယ်။ သမုဒ္ဒရာဇ်မင်းအစ စောမွန်နစ်မင်းအဆုံး မင်းဆက် ၅၅ ဆက်အုပ်ချုပ်ပြီး နန်းသက်ျ ၁၂၆၁ နှစ်ရှည် ကြာခဲ့ပါသည်။

သက္ကရာဇ် ၃၅၄ ခုမှာပုဂံကို စုက္ကတေးမင်း အုပ်ချုပ်ချိန်မှာ အနော်ရထာစောက ဝင်ရောက်ခစားခဲ့ရပါ တယ်။ သူတို့နှစ်ယောက်ဟာ အမေညီမအရင်းကမွေးဖွားတဲ့ ဝမ်းကွဲညီအစ်ကိုပါ။ တစ်နေ့ စုက္ကတေးထံ အနော်ရထာခစားချိန်မှာ စုက္ကတေးမင်းက "ညီသားနောင်မယ်" လို့ခေါ်ဆိုလိုက်တဲ့အခါ အနော်ရထာ နဲ့အမေကို စုက္ကတေးမင်းက သိမ်းပိုက်မယ်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်တဲ့ စကားတစ်ခွန်းဖြစ်သွားခဲ့ တယ်။

အနော်ရထာစောဟာ ဒီစကားကြောင့် အလွန်ရှက်သွားပြီး ပုပ္ပါးအရပ်မှာ လူသူလက်နက် စုဆောင်းပြီး နောက်ပုဂံကိုချီတက်လာပြီး စစ်ခင်းမလား၊ ထီးနန်းအပ်မလားလို့ စုက္ကတေးမင်းကို အကြောင်းကြား လိုက်တဲ့အခါ စုက္ကတေးမင်းကလည်း ဒေါသထွက်ပြီး တစ်ယောက်ချင်းစီးချင်းထိုးဖို့ ချိန်းဆိုလိုက်ပါ ရော။

သိတော်မူကြတဲ့အတိုင်း စုက္ကတေးမင်းရဲ့ လှံချက်ကအနော်ရထာရဲ့ လှံနဲ့ကာကွယ်မှုကြောင့် မြင်းရဲ့ ကကြိုးတန်ဆာကိုသာထိမိပြီး အနော်ရထာရဲ့လှံချက်ကတော့ စုက္ကတေးရဲ့ရင်ဝကို စိုက်ဝင်ပြီး ကျောက နေဖောက်ထွက်သွားပါသတဲ့။ စုက္ကတေးမင်းရဲ့ မြင်းလည်းသခင်လောင်းကိုတင်ပြီး ဧရာဝတီမြစ်ဆိပ် ဘက်ပြေးလို့ အလောင်းကိုတောင်ရေထဲကဆယ်ပြီး သင်္ဂြိုဟ်ရပါတယ်။ အဲဒီအရပ်ကို လည်း "မြင်းက ပါ" လို့ခေါ်တာ ဒီနေ့အထိပါပဲ။

အနော်ရထာမင်းစောဟာ သက္ကရာဇ် ၃၇၉ ခုနှစ်ကစပြီး နန်းသက် ၄၂ နှစ်တိုင်အောင် ပုဂံကိုအုပ်ချုပ် သွားပါတယ်။ ဒါဟာညီသားနောင်မယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့်ဖြစ်လာရတဲ့ ကျိုးကြောင်းဆက်ပါ ပဲ။ စုက္ကတေးမင်းဟာ စကားတစ်ခွန်းအမှားကြောင့် ဘဝနိဂုံးမလှဖြစ်ရတာပါ။ ဘဝဆိုတာကလည်း နိဒါန်းချည်းကောင်းနေလို့ မဖြစ်ဘူးလေ။ နိဂုံးလဲကောင်းပါမှ မဟုတ်လား။

စကားအမှားရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြချင်ပါတယ်။

မြန်မာရာဇဝင်မှာ ဟင်းခွက်ပေါင်းသုံးရာပြည့်မှ ပွဲတော်တည်တယ်လို့ နာမည်ကြီးတဲ့ နရသီဟပတေ့ မင်းကိုလူတိုင်းကြားဖူးဖတ်ဖူးမှာပါ။ အဲဒီမင်းမှာသားတော်သုံးပါး၊ သမီးတော်တစ်ပါးရှိပါတယ်။ မိဖုရား ကြီးဖွားစောအပြင် မိဖုရားတွေက စောလုံ၊ စောနန်း၊ ရှင်ပါး၊ ရှင်မောက်၊ ရှင်ရွှေဆိုပြီး ခြောက်ယောက် ရှိတော့ မိဖုရားအချိုးနဲ့တွက်ရင် သားသမီးကတောင် နည်းနေသေးတယ်။ များရင်ပြဿနာက ပိုရှုပ် ထွေးမှာပေါ့နော်။

ရှင်ဘုရင်ကြီးက ပွဲတော်တည်တဲ့အခါသားသမီးတွေကို ဟင်းတွေဝှေငှပေးတတ်သတဲ့။ အဲ့ဒီမှာ ရှင် မောက်ရဲ့သား သီဟသူက ဝက်လက်ကိုမရဘဲ ဝက်ပေါင်သာရလေ့ရှိတယ်တဲ့။ သူသားဝက်ပေါင်အမြဲ ရတာကို ရှင်မောက်ကမကျေနပ်လေတော့၊ စားတော်ကဲကို လ်ာဘ်ထိုးပြီးသူ့သား သီဟသူကို ဝက် လက်ပေးစေပါတယ်။ ဒီအကြောင်းကို ကျော်စွာရဲ့မိခင်ရှင်ပါးက သိသွားတော့ရိုးရိုးပြောရရင် ဘုရင်ကြီး ကိုယ်တိုင်ပြောပါရော၊ တိုင်ပြောဆိုဝက်ပေါင်ရတာသူ့သား ကျော်စွာဖြစ်နေတာကိုး။

ဘုရင်ကြီးကလည်း ပေါင်ရရ၊ လက်ရရ၊ မထူးပါဘူးကွာ၊ ကုန်အောင်စားနိုင်တာမှ မဟုတ်ဘဲလို့ ဖြေမပြော ဘဲ ခုခေတ်လို မဟုတ်တော့ လာဘ်စားတဲ့စားတော်ကဲ အလုပ်ဖြုတ်ရှင်မောက်ကို ဝက်လက်ခိုးမ လို့လူကြားထဲပြော သီဟသူကို ဝက်လက်ခိုးမသားလို့ခေါ်ဆိုတော့ အညှိုးအတေးတွေနဲ့ ဒုက္ခကစပြီ ပေါ့။

အလယ်ကမဆိုင်တဲ့ ရာဇဝင်ကြောင်းတွေ ကျွန်မဆင်ဆာဖြတ်ပြီး လိုရင်းပြောရမယ်ဆိုရင် သီဟသူ အုပ်ချုပ်စိုးစံတဲ့ ပြည်မြို့ကိုမင်းကြီးရောက်ခိုက်မှာ ဝက်လက်ခိုးမသားလို့ အပြောခံခဲ့ရတဲ့ သီဟသူက အဖေဘုရင်ကြီးကို အဆိပ်နဲ့ဓားကြိုက်တာရွေးခိုင်းလို့ ဆုတောင်းပြီးအဆိပ်ကိုရွေးခဲ့ရပါတယ်။

စကားတစ်ခွန်းရဲ့အမှားဟာ ဘဝတစ်ခုကိုအဆုံးသတ်သွားစေခဲ့တာ ဘယ်လောက်ဝမ်းနည်းစရာ ကောင်းပါ သလဲ။ ပြောမိလို့မှားမယ်ဆိုရင် မပြောဘဲနေတာက ကောင်းတယ်လေ။

အကောင်းရော၊ အဆိုးရောနှစ်မျိုးစလုံးဖြစ်သွားရတဲ့ နောက်ထပ်ပြောပြချင်တဲ့ ဇာတ်လမ်းလေးတစ်ခု က မသိသူမရှိတဲ့ ပညာရှိအမတ်ကြီး ရာဇသင်္ကြန်အကြောင်းပါ။ ပုဂံမင်းဆက် ၅၃ ဆက်မြောက် နရ သီဟပတေ့မင်းဟာ နောင်တော်ကို ကျော်လွန်ပြီးအမတ်ကြီး ရာဇသင်္ကြန်နဲ့မူးမတ်တွေရဲ့ ကုလားဖန် အထိုးကောင်းမှုကြောင့် မင်းဖြစ်လာသူပါ။

ဘုရင်ဖြစ်လာတော့ ရာဇသင်္ကြန်အမတ်ကြီးရဲ့ ကျေးဇူးကိုမေ့လျော့နေတဲ့အတွက် ရာဇသင်္ကြန်အမတ် ကြီးက မကျေနပ်ဖြစ်လို့ ခစားဝင်ချိန်မှာ 'ပန်းပွတ်သည်မျိုးရိုးတွေ ကောင်းစားနေလို့ ကွမ်းကပ်ပဲ့ကိုကိုင် ရတယ်' လို့ ပြောမိလိုက်တဲ့စကားကြောင့် ဘုရင်ကြီးကလည်း အမျက်တော်ရှပြီး ဒလတောကြီးတန်း ဘက်ကို နယ်နှင်လိုက်တာကတော့ စာဖတ်ပရိသတ်ကြီးသိမှာပါ။

အမျက်တော်ရှမယ်ဆိုလဲ ရှမှာပေါ့။ ဘုရင်ကြီးက ပန်းပွတ်သည်မျိုးရိုးကိုး။ မင်းမျိုးမင်းနွယ်ဆိုရင် ဒီစကားနာပါ့မလား။ လူဆိုတာပင်ကိုယ်အရှိထက် ပိုမြင့်မားဝင့်ကြွားလာရင် ဒေါသနဲ့မာနက ပင်ကိုယ်ရှိ တဲ့လူထက် ဆယ်ဆသာသွားတတ်တာပဲလေ။

အမတ်ကြီးလဲ မဲဇာကိုလှေနဲ့သွားရင်းလမ်းမှာ လေတိုက်တော့သစ်ပင်ကြီးတွေကျိုးတာတွေ့၊ နွယ်ပင် တွေ၊ ယိမ်းတာတွေ့ပြီး 'ငါဟာနွယ်ပင်လိုမကျင့်၊ သစ်ပင်ကြီးလိုကျင့်ခဲ့လို့ ခုလိုဖြစ်ရတယ်' လို့ပြောတဲ့ စကားကို လှေသမားကြီးကကြားပြီး နန်းတော်ရောက်တော့ ဘုရင်ကြီးကိုပြန်လျှောက်တင်တယ်ပေါ့။ ဒီစကားကိုကြားပြီး ဘုရင်ကြီးလဲနောင်တရနေခိုက်မှာပဲ ပုဂံနေပြည်တော်မှာလည်း အမတ်ကြီးမရှိတဲ့ နောက်မှာ နိုင်ငံတွင်းအရေးအခင်းတွေ ပေါ်ပေါက်လာတဲ့အခါ မိဖုရားဖွားစောရဲ့ အကြံပေးချက်အရ ရာဇသင်္ကြန်အမတ်ကြီးကို ပြန်ခေါ်ရပြီးဘုရင်ကြီးကိုယ်တိုင်က ရှင်ဘုရင်ကိုယ်တိုင်ကနော်. . . .

"အဖိုးကို စိတ်လိုက်မာန်ပါ ပြုမိတယ်၊ အဖိုးစိတ်မကြည်မလင်မဖြစ်ပါနဲ့' လို့ ဘုရင်ကိုယ်တိုင်က ဘွာခတ်ပြီး Sorry ပြောတဲ့အခါ အမတ်ကြီးလည်းကျေနပ်ပြီး ဘုရင်ကြီးအတွက် အသက်စွန့်ပြီး ဦးဆွေးဆံမြေ့ ထမ်းရွက်သွားပါတယ်။

ဒါကြောင့်စကားမှာ သတ္တိရှိတယ်လို့ ကျွန်မဖေဖေက စိတ်လိုက်မာန်ပါပြောတတ်တဲ့ သမီးကိုဆုံးမသွား တာနေမှာပါ။ လူ့ဘောင်လောကကြီးမှာ လူမှုဆက်ဆံရေးဟာ အလွန်အရေးကြီးပြီး လူမှုဆက်ဆံရေး မှာလဲ စကားပြောဆိုမှုဟာ အရေးကြီးလှပါတယ်။ လူလူချင်းဆက်သွယ်တဲ့ Communication မှာ စကားဟာ အဓိကလို့ဆိုရင် မမှားပါဘူးနော်။

စကားရဲ့ပြောဆိုမှုကို အကြောင်းပြုပြီး အောင်မြင်မှု၊ ကျဆုံးမှု၊ အချစ်အမုန်း၊ အနိုင်အရှုံးအား လုံးဖြစ် ပေါ်စေတာဟာ စကားရဲ့သတ္တိပါပဲ။ ဒါကြောင့်- မှားသွားတဲ့အလုပ်ကို ဘယ်သူကပဲလုပ် လုပ်၊ ပြုပြင်ဖို့လဲမကြောက်ပါနဲ့၊ ပြုပြင်သူကို ထောက်ခံဖို့လဲ မကြောက်ပါနဲ့၊ မှားသွားတဲ့စကားကို ဘယ်သူကပဲပြောပြော၊ ဝန်ခံဖို့လဲမကြောက်ပါနဲ့၊ ဝန်ခံသူကို ခွင့်လွှတ်ဖို့လဲ မကြောက်ပါနဲ့၊ လုပ်မိပြောမိတဲ့ အမှားတွေရဲ့ အရည်အတွက်က အရည်အသွေးအဖြစ်ပြောင်းလာရင်၊ အဲဒါဟာ ကောင်းမွန်တဲ့ဘဝ အတွေ့အကြုံပါပဲလေ။

စောင့်ကြည့်သတင်းဂျာနယ်
အတွဲ(၈)၊ အမှတ်(၄၀)၊ မတ်လ(၁၁) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...