ထူးမခြားနားမှ နောက်တစ်ဆင့်- လူမှုဖူလုံရေး မျက်နှာစာသစ်



ကျန်းမာရေး၊ လူမှုရေး အာမခံချက်များ ပါဝင်သည့် လူမှုဖူလုံရေး စနစ်သစ် ဧပြီလ ၁ ရက်နေ့တွင် စတင်တော့မည် ဖြစ်သည်။ လူမှုဖူလုံရေး စနစ်သစ်တွင် အာမခံစနစ် ခြောက်မျိုး ရှိသည့်အနက် ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု၊ မိသားစု ထောက်ပံ့မှု၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် သုံးခုကို စတင် ကျင့်သုံးမည် ဖြစ်သည်။ ကျန်အာမခံစနစ်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း လူမှုဖူလုံရေး အဖွဲ့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် လူမှုဖူလုံရေး စနစ်ကို ၁၉၅၆ ခုနှစ်မှ စတင် အကောင်အထည် ဖော်ခဲ့ပြီး နှစ်ပေါင်း ၅၇ နှစ်ကျော် ကျင့်သုံးခဲ့သော်လည်း အကာအကွယ် ပေးမှုတွင် ထိရောက်မှု အားနည်းသဖြင့် စိတ်ဝင်စားမှု နည်းပါးကြောင်း အလုပ်သမားများက ပြောဆိုကြသည်။

“ခွင့်လိုချင်တဲ့ သူလောက်ပဲ လူမှုဖူလုံရေး ဆေးခန်းကို သွားတယ်။တကယ် နေမကောင်းတဲ့ သူတွေကတော့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေ သွားတယ်” ဟု လှိုင်သာယာမြို့နယ်ရှိ New Way ဖိနပ်စက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးသိန်းကျော်ဦးက ပြောကြားသည်။

မျက်နှာစာသစ်

လက်ရှိ ကျင့်သုံးနေဆဲ ဖြစ်သည့် လူမှုဖူလုံရေး စနစ်တွင် အထွေထွေ အာမခံစနစ် (ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်မှု၊ မီးဖွားမှု၊ အသုဘစရိတ်)၊ အလုပ်တွင် ဒဏ်ရာရမှု အာမခံစနစ် နှစ်မျိုးကို ကျင့်သုံးခဲ့သည်။ စနစ်သစ်တွင်မူ ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်၊ မိသားစု ထောက်ပံ့မှု အာမခံစနစ်၊ အလုပ် လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် အာမခံစနစ်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်စနစ်၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်၊ အခြားလူမှုဖူလုံရေး အာမခံစနစ် (အိမ်ရာစီမံကိန်း) တို့ ပါဝင်သည်။ ယင်းစနစ်သစ်ကို ကျင့်သုံးရန် လူမှုဖူလုံရေး ဥပဒေသစ်ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က နိုင်ငံတော် သမ္မတ လက်မှတ် ရေးထိုးခဲ့သည်။

လူမှုဖူလုံရေး စနစ်သစ်တွင် အာမခံ အမျိုးအစား လေးခု ထပ်တိုးထားပြီး ခံစားခွင့် နှုန်းထားများကို တိုးမြှင့်ထားပြီး စီးပွားရေး၊ လူမှုရေး အန္တရာယ် ရင်ဆိုင်နေရသူ၊ အကာအကွယ် ကင်းမဲ့နေသည့် လုပ်သားများကို အကာအကွယ် ပေးရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ ရုံးချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင်က ဆိုသည်။

“လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ လူတန်းစားတွေမှာ သူတို့ရတဲ့ လစာဟာ စားဝတ်မှာပဲ ကုန်သွားတာ များတယ်။ အတော်ခြိုးခြံမှ နေဖို့ရတယ်။ နေသာ မကောင်းဘူးဆိုရင် သေချာပေါက် ဒုက္ခရောက်ပြီ။ ဒါတွေကို ကာကွယ်ဖို့ လုပ်တာ” ဟု ၎င်းက ပြောဆိုသည်။

လူမှုဖူလုံရေး စနစ်သစ်တွင် အကျိုးခံစားခွင့်များကို တိုးမြှင့်ထားသည့် အခြား တစ်ဖက်တွင်လည်း အာမခံ ထည့်ဝင်ကြေး နှုန်းထားများကို အနည်းငယ် တိုးမြှင့်ထားသည်ကို တွေ့ရှိရသည်။

လက်ရှိ ကျင့်သုံးနေဆဲ စနစ်တွင် အလုပ်ကို အကြောင်းပြု၍ သေဆုံးသည့် လုပ်သားတစ်ဦးကို ကျန်ရစ်သူ အကျိုးခံစားခွင့် အဖြစ် လုပ်အားခ၏ ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းကို ခံစားခွင့် ရရှိမည် ဖြစ်သည်။

ယင်းအာမခံကို လစာကျပ် ၃၁,၀၀၀ ထိ အမြင့်ဆုံး သတ်မှတ်ကာ ယင်းလုပ်ခ၏ ၁ ရာခိုင်နှုန်းကို အလုပ်ရှင်က ထည့်ဝင်ကြေး ပေးရသည်။ လစာ ကျပ်သုံးသောင်းကို အခြေခံ တွက်ချက်ပါက အလုပ်သမား တစ်ဦး သေဆုံးလျှင် လူမှုဖူလုံရေး အာမခံကြေး ကျပ် ၂၀,၆၆၆ ရရှိမည့် သဘောဖြစ်သည်။ သို့သော်လည်း ကျန်ရစ်သူ မုဆိုးမ တစ်ဦးတည်း ဆိုပါက ကျပ်ရှစ်ထောင်ကျော် ရရှိမည် ဖြစ်ပြီး ကလေးတစ်ဦး ရှိပါက ကျပ် ၄၀၀၀ ကျော် (ကလေး သုံးဦးအထိ ခံစားခွင့် ရှိသည်) ရရှိမည် ဖြစ်သည်။

“မိန်းမ တစ်ယောက်နဲ့ ကလေးသုံးယောက် ရှိမှ ကျပ် ၂၀,၆၆၆ ရမယ်ဆိုတော့ အလုပ်သမားတွေက လူမှုဖူလုံရေးကို စိတ်မဝင်စားဘူး။ အလုပ်ရှင်က လျော်မယ့် လျော်ကြေးကိုပဲ လိုချင်ကြတယ်” ဟု ဦးယုလွင်အောင်က ဆိုသည်။

စနစ်သစ်တွင်မူ လုပ်သားတစ်ဦး သေဆုံးပါက ၎င်းလူမှုဖူလုံရေး ထည့်ဝင်ကြေး ငါးနှစ်အောက် ပေးသွင်းထားလျှင် လုပ်အားခ၏ အဆ ၃၀၊ အမြင်ဆုံး နှုန်းဖြစ်သည့် ထည့်ဝင်ကြေး နှစ် ၂၀ နှင့် အထက် သွင်းထားပါက လုပ်အားခ၏ အဆ ၈၀ ကို ရရှိမည် ဖြစ်သည်။

ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွင်လည်း လူမှုဖူလုံရေး ထည့်ဝင်ထားသည့် လုပ်သားများသည် လူမှုဖူလုံရေး ဆေးရုံ၊ ဆေးခန်းများအပြင် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် အလွယ်တကူ ကုသနိုင်ရန် ကွန်ပျူတာ ပရိုဂရမ် စနစ်ဖြင့် လုပ်ဆောင်နေပြီး လုပ်ကိုင်ရန် ကမ်းလှမ်းထားသည့် ဆေးရုံ၊ ဆေးခန်း ၁၉ ခု ရှိနေပြီ ဖြစ်ကြောင်း ဦးယုလွင်အောင်က ရှင်းပြသည်။
“ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းနဲ့ လုပ်မယ့်ကိစ္စကို ၂၀၁၄ ခုနှစ်အတွင်းမှာ အကောင်အထည်ဖော်မယ်” ဟု ၎င်းကဆိုသည်။

စနစ်သစ် စတင် ကျင့်သုံးပါက ကွန်ပျူတာစနစ်ဖြင့် ပြုလုပ်ထားသည့် စမတ်ကတ်များကို ပြောင်းလဲ အသုံးပြုမည် ဖြစ်ကြောင်း လူမှုဖူလုံရေး အဖွဲ့ထံမှ သိရှိရသည်။

စိန်ခေါ်မှု

နှစ်ပေါင်း ဆယ်နှင့်ချီ လုပ်သားထု စိတ်ဝင်စားမှု နည်းပါးခဲ့သည့် လူမှုဖူလုံရေး စနစ်ကို မူဝါဒများ ပြောင်းကာ အသွင်သစ်ဖြင့် လုပ်ဆောင်မည် ဆိုသော်လည်း ဖြေရှင်းရမည့် ကိစ္စများက ဒုနှင့်ဒေး။

လူမှုဖူလုံရေးနှင့် ပတ်သက်၍ လုပ်သားများ နားမလည်ခြင်း၊ အလုပ်ရှင်က မလုပ်ပေး၍ လုပ်သားအများစု လူမှုဖူလုံရေးကတ် မရရှိခြင်း၊ လူမှုဖူလုံရေး စနစ်ကို လုပ်သားများ ယုံကြည်မှု နည်းပါးခြင်း စသည့် လုပ်သား၊ အလုပ်ရှင်၊ လူမှုဖူလုံရေး အုပ်စု သုံးခုလုံးတွင် အားနည်းချက်များ ရှိနေဆဲ ဖြစ်သည်။

လူမှုဖူလုံရေး စနစ်၏ အရေးပါမှု၊ အကျိုးရှိများကို အလုပ်သမား အများစု ထဲထဲဝင်ဝင် သိရှိမှု နည်းပါးနေသဖြင့် အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးသင့်ပြီး စနစ်ကောင်းသော်လည်း လုပ်သားများ စိတ်ဝင်စားမှု မရှိပါက အောင်မြင်မည် မဟုတ်ကြောင်း လူမှုဖူလုံရေး အဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ် ဦးကျော်ဇေယျက သုံးသပ်သည်။
“လူမှုဖူလုံရေးနဲ့ ပတ်သက်လို့ သိတဲ့သူ တော်တော်နည်းတယ်။ တချို့ဆိုရင် ဖူလုံရေးကြေး ဘာလို့ ထည့်နေတယ် ဆိုတာကိုတောင် မသိကြဘူး” ဟု ၎င်းကဆိုသည်။

တစ်ဖက်တွင်လည်း လူမှုဖူလုံရေး ဆေးခန်း နည်းပါးမှု၊ ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်း မလုံလောက်မှု၊ ဆရာဝန်၊ သူနာပြုများ မလုံလောက်မှု စသည့် ပြဿနာများကြောင့် လုပ်သား အများစုသည် လူမှုဖူလုံရေး ဆေးခန်းများ ကို အသုံးပြုခြင်း နည်းပါးပြီး ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ ကိုသာ အဓိကထား အားကိုးနေရကြောင်း လုပ်သား အသိုင်းအဝိုင်းမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် လူမှုဖူလုံရေး ဆေးရုံ သုံးခုရှိပြီး ဆေးခန်း ၉၂ ခုရှိရာ ဆေးခန်း ၂၂ ခုတွင် ဆရာဝန် မရှိချေ။ လူမှုဖူလုံရေး ဆေးလက်မှတ် ပြပါက အလုပ်ရှင်က ခွင့်ပေးသည့် အတွက်သာ လူမှုဖူလုံရေး ဆေးခန်းများကို အားကိုးကြကြောင်း၊ လူမှုဖူလုံရေး၏ လုပ်ထုံးလုပ်နည်း၊ လူမှုဖူလုံရေး ဝန်ထမ်းများ၊ ဆရာဝန်၊ သူနာပြုများ၏ ဆက်ဆံရေး၊ ဝန်ဆောင်မှု အခန်းကဏ္ဍများကို ပြုပြင် ပြောင်းလဲနိုင်မှသာ လုပ်သားများ၏ ယုံကြည် အားကိုးမှုကို ရရှိမည် ဖြစ်ကြောင်း လုပ်သားများထံမှ သိရှိရသည်။

“ဆေးထိုးဖို့ အပ်မရှိလို့ ဆေးမထိုးဘဲ ပြန်လာရတာတွေ ရှိတယ်။ ဆေးဝါးမစုံဘူး။ လူနာတွေကိုလည်း သေချာ စစ်ဆေးတာ မရှိဘူး” ဟု ဦးသိန်းကျော်ဦးက ပြောကြားသည်။

ဆေးရုံ၊ ဆေးခန်းများကို ရုပ်အဆင်း အသွင်အပြင် အဆောက်အအုံများကို ပြင်ဆင်ရန် အစီအစဉ်ရှိပြီး လူမှုဖူလုံရေး စနစ်အပေါ် အလုပ်သမားများ အားကိုးယုံကြည်မှု ရှိလာစေရန် ကျန်းမာရေး ဝန်ဆောင်မှုများကို အဆင့်မြင့်သွားမည် ဖြစ်ကြောင်း ဦးယုလွင်အောင် ဆိုသည်။

လုပ်သားများကို အလုပ်ရှင်က လူမှုဖူလုံရေး မလုပ်ပေးခြင်း၊ လူမှုဖူလုံရေး လုပ်ရာတွင် လုပ်သား အင်အား လျှော့ပြခြင်း၊ လုပ်အားခကို လျှော့ပြကာ ထည့်ဝင်ကြေးနှုန်း ထား ပေးသွင်းခြင်းများလည်း ရှိနေဆဲ ဖြစ်သည်။

“လစာ သုံးထောင်ပဲ ရပါတယ်လို့ ကြေညာပြီး သွင်းနေတဲ့ အလုပ်သမား ၅၇၆ (အလုပ်ရှင်က ပေးသွင်း မှု) ယောက် ရှိသေးတယ်။ လုပ်ခလျှော့ချပြီး သွင်းနေတဲ့ အလုပ်ရှင်တွေ အများကြီး ရှိသေးတယ်” ဟု ဦးယုလွင်အောင်က ရှင်းပြသည်။

အားသာချက်

လူမှုဖူလုံရေး စနစ်သစ်တွင် အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ ပင်စင်၊ အိမ်ရာပိုင်ဆိုင်ခွင့် စသည့် အကျိုးခံစားခွင့်များ ပါလာမည် ဖြစ်သည်။ လက်ရှိ ကျင့်သုံးနေဆဲ ဖြစ်သည့် လူမှုဖူလုံရေး စနစ်တွင် လစာအနည်းဆုံး ကျပ်သုံးထောင်မှ အမြင့်ဆုံး ကျပ် ၃၁,၀၀၀ အပေါ် သတ်မှတ်ကာ ရာခိုင်နှုန်း တစ်ရပ်ဖြင့် ထည့်ဝင်ကြေး ကောက်ယူနေပြီး စနစ်သစ်တွင် အစိုးရ ဝန်ထမ်းများ ရရှိနေသည့် အနိမ့်ဆုံး ရရှိသည့် လစာမှ အမြင့်ဆုံး ကျပ်သုံးသိန်းဝန်းကျင် အပေါ် မူတည်ကာ ရာခိုင်နှုန်း တစ်ရပ်ဖြင့် ထည့်ဝင်ကြေး နှုန်းထားများ ကောက်ယူမည် ဖြစ်သဖြင့် အကျိုးခံစားခွင့် ကောင်းမွန်လာမည် ဖြစ်ကြောင်း လူမှုဖူလုံရေး အဖွဲ့ထံမှ သိရှိရသည်။

မိမိသဘောဆန္ဒ မပါဘဲ အလုပ်လက်မဲ့ ဖြစ်လျှင် အလုပ်လက်မဲ့ အကျိုးခံစားခွင့်အရ အကျိုးခံစားခွင့် ရရှိမည် ဖြစ်ပြီး နှစ်ပေါင်း ၃၀ လူမှုဖူလုံရေး ထည့်ဝင်ကြေး ထည့်သွင်းခဲ့သည့် လုပ်သားများကို အငြိမ်းစား ပင်စင် ပေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

လူစိတ်ဝင်စားမှု များပြားနိုင်သည့် လူမှုဖူလုံရေး အိမ်ရာစီမံကိန်း အသေးစိတ် ဆွေးနွေးနေဆဲ ဖြစ်ပြီး ၂၅ နှစ်နှင့် အထက် ထည့်ဝင်ကြေး ပေးသွင်းထားလျှင် လူမှုဖူလုံရေး အိမ်ရာစီမံကိန်းတွင် နေထိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ ထည့်ဝင်ကြေး ၃၅ ရာခိုင်နှုန်း ပြည့်မီပါက နေထိုင်ခွင့် ရရှိရန် အလုပ်သမားအရေး လှုပ်ရှားသူများက တောင်းဆိုထားကြောင်း ဦးယုလွင်အောင်က ဆိုသည်။

“အိမ်ငှားနေခလည်း ပေးရမယ်။ ၂၅ ရာခိုင်နှုန်းလည်း သွင်းနေရမယ် ဆိုရင် သူတို့မှာ စားစရာ မရှိတော့ဘူး။ ၃၅ ရာခိုင်နှုန်း သွင်းပြီးရင် တက်နေလို့ ရအောင် ကြိုးစားပေးသွားမယ်” ဟု ၎င်းက ဆိုသည်။

အလုပ်ရှင်များက လုပ်သားများအတွက် ထည့်ဝင်ကြေး ပေးသွင်းရမည့် နည်းတူ အကာအကွယ် များလည်း ရရှိမည် ဖြစ်သည်။ ဥပမာဆိုရသော် လူမှုဖူလုံရေးကြေး ထည့်သွင်း ပေးထားသည့် အလုပ်ရှင်များသည် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှု လျော်ကြေး၊ အလုပ်ထုတ်မှု လျော်ကြေးစသည့် အလုပ်သမားလျော်ကြေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကင်းလွတ်ခွင့် ရှိမည်ဖြစ်ပြီး အလုပ်ရှင်ကိုယ်စား လူမှုဖူလုံရေး အဖွဲ့ကသာ တာဝန်ယူ ပေးလျော်ရမည် ဖြစ်သည်။

လူမှုဖူလုံရေးသည် အလုပ်သမားများ၏ အခွင့်အရေးအတွက် သာမက အလုပ်ရှင်များအတွက်လည်း အကာအကွယ် ဖြစ်သဖြင့် ထည့်ဝင်ကြေးများကို မဖြစ်မနေ ထည့်သွင်းရမည် ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးက ပြောဆိုသည်။

အကျိုးခံစားခွင့်များ ကောင်းမွန်ပြီး လုပ်သားထုအတွက် ဘဝအာမခံချက် ခိုင်မာလာမည် ဆိုသော်လည်း နှစ်ပေါင်း ဆယ်နှင့်ချီ ယုံကြည်မှု မဲ့နေသည့် လူမှုဖူလုံရေး စနစ်ကို ထူးမခြားနား အနေအထားမှ နောက်တစ်ဆင့် တက်ရန် လိုနေသည်။

“လက်တွေ့ အကောင်အထည်ဖော်မှု အပိုင်းမှာ အားနည်းနေရင် ထူးခြားလာမှာ မဟုတ်ဘူး။ စနစ် ဘယ်လောက်ကောင်းကောင်း လူတွေ ယုံကြည်လာပြီး ထဲထဲဝင်ဝင် ပါဝင်လာဦးမှာ မဟုတ်ဘူး” ဟု ဦးကျော်ဇေယျက ယတိပြတ် ပြောဆိုသည်။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...