ဟင်းသီးဟင်းရွက် ဈေးနှုန်းမြင့်မားခြင်းနှင့် အ၀လွန်ခြင်း ဆက်စပ်လျက်ရှိ


Health Updates Journal No. 108

အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းမြင့်မားခြင်းသည် ကလေးငယ်များ၏ ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (Body Mass Index) များပြားခြင်းနှင့် ဆက်နွယ်လျက်ရှိကြောင်း အမေရိကန်တက္ကသိုလ် သုတေသီများကဆိုသည်။

အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ မြင့်တက်လာသည့်အခါ ၎င်းတို့ကို ၀ယ်ယူစားသုံးမှု ကျဆင်းပြီး ကျန်းမာရေးနှင့်မညီညွတ်သော ဈေးသက်သာသည့် အစားအစာများကိုသာ ၀ယ်ယူကြသည် ကို တွေ့ရသည်။

မွေးကင်းစအရွယ်မှ အသက် (၅) နှစ်အထိ စောင့်ကြည့်လေ့လာသော စစ်တမ်းမှ အချက်အလက်များကို အသုံးပြု၍ ဟင်းသီးဟင်းရွက် ဈေးကွက် အတက်အကျများနှင့် နှိုင်းယှဉ်လေ့လာခဲ့သည်။ ၂၀၁၃ ခုနှစ် အတွင်း ပျမ်းမျှဝင်ငွေ အမေရိကန် ဒေါ်လာ(၇၀၆၅၀)ရရှိခဲ့သော လူလေးဦးပါ မိသားစုများကို အဓိက စစ်တမ်းကောက်ယူခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း သရေစာနှင့်သကြားကဲသော အဖျော်ရည်ဈေးနှုန်းများသည် တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီးအသီးအနှံနှင့် ဟင်း သီးဟင်းရွက်ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ သစ်သီးဝလံပေါများ သည့် အရပ်ဒေသတွင် နေထိုင်သူကလေးများသည် ခန္ဓာကိုယ်အညွှန်း ကိန်းမျှတပြီး သစ်သီးဝလံရှားပါး ၍ ဈေးကြီးသည့်အရပ်ရှိ ကလေးများသည် ခန္ဓာကိုယ်အညွှန်းကိန်း မြင့်မားလျက်ရှိသည်။

ခန္ဓာကိုယ်အညွှန်းကိန်း (Body Mass Index – BMI) သည် ခန္ဓာကိုယ်အဆီပမာဏ အနည်းအများ ကို ပြဆိုနိုင်သည့် ကိန်းတစ်ခုဖြစ်ပြီး အညွှန်းကိန်းတန်ဖိုးများလေ ရောဂါမျိုးစုံ ဖြစ်ပေါ်နိုင်လေဖြစ်သည်။

သုတေသနတွင် ထပ်မံတွေ့ရှိရသော အချက်တစ်ခုမှာ အချိုရည်နှင့် သရေစာများ ဈေးနှုန်းမြင့်မား လာချိန်တွင် ကလေးငယ်များ အ၀လွန်နှုန်း ကျဆင်းလာခြင်းဖြစ်သည်။ ၀င်ငွေအသင့်အတင့်ရှိသော မိသားစုများကိုသာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး အစားအစာဈေးနှုန်း ကြီးမြင့်မှု ကြောင့် မစားရ မသောက်ရ ဖြစ်နေသူများ၊အစားအစာလျှော့ချစားသုံးရသူများစသည့် နွမ်းပါးသည့် မိသားစုများ ကို လေ့လာထားခြင်းမရှိပေ။

သီဟ
Source:NMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...