အနာဂတ်ကို ရွေးချယ်ခွင့်မရသူများ


ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့၊ ပန်းခြံတစ်ခု၌ ပြုလုပ်သော ပျော်ပွဲရွှင်ပွဲတစ်ခုတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား တွေ့ရစဉ်

Youth of a Nation are the trustees of Posterity. (Benjamin Disraeli ဗြိတိန်နိုင်ငံရေးသမား၊ စာရေးဆရာ)

ယနေ့ခေတ်လူငယ်များသည် တစ်ချိန်တွင် နိုင်ငံကို ဦးဆောင်ရမည့် ခေါင်းဆောင်များ ဖြစ်လာကြ မည် ဖြစ်သည်။ နိုင်ငံတစ်ခု၏ အနာဂတ်သည် ထိုနိုင်ငံအတွင်းရှိ လူငယ်များ၏ လက်ဝယ်တွင် တည်ရှိပေ သည်။ နိုင်ငံတစ်ခု အောင်မြင်စေရန်အတွက် အရေးကြီးဆုံးသော အင်အားမှာ လူငယ်စွမ်းအား ပင် ဖြစ်သည်ဆိုလျှင် မှားနိုင်မည် မဟုတ်ပေ။

အမှန်စင်စစ် မြန်မာနိုင်ငံကို ကိုလိုနီလက်အောက်မှ ကယ်တင်ပေးခဲ့သော မြန်မာ့အာဇာနည် သူရဲကောင်းများသည် တက္ကသိုလ်ကျောင်းသား လူငယ်များပင် ဖြစ်ကြပေသည်။ လူငယ်များသည် စဉ်းစားတွေးခေါ်ရသည့် လုပ်ရပ်များထက် လက်တွေ့ပြုလုပ်ခြင်းများနှင့် ပိုမိုသင့်လျော်ပေသည်။ ထို့ကြောင့်လည်း ကမ္ဘာ့သမိုင်းတစ်လျှောက် ခေတ်ပြောင်း တော်လှန်ရေးများကို ဦးဆောင်ခဲ့သူများသည် လူငယ်များသာ ဖြစ်နေကြခြင်း ဖြစ်သည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံရှိ လူငယ်များတွင် ထိုကဲ့သို့သော ဦးဆောင်နိုင်စွမ်း ပျောက်ဆုံးနေလျက် ရှိသည်။ လူငယ်များသည် ယုံကြည်ချက်မရှိ၊ ရပ်တည်ချက်မရှိ၊ မိမိစိတ်ဝင်စားသည်ကို ရွေးချယ် လုပ်ကိုင်ခွင့် မရှိဖြစ်နေကြသည်။ အမှန်စင်စစ် လူငယ်များအနေဖြင့် ၎င်းတို့၏ အနာဂတ်ကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိမှသာ ၎င်းတို့အနေဖြင့် ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုရှိမှသာ တိုင်းပြည်၏ အနာဂတ်ကို တည်ဆောက်နိုင်သည့် ခေါင်းဆောင်များ ဖြစ်လာနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ လူငယ်များသည် ၎င်းတို့၏ အနာဂတ်ကို ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့် ဆုံးရှုံးနေကြသည်။ ၎င်းတို့အနေဖြင့် မိမိဝါသနာပါရာ ပညာရပ်တစ်ခုကို လေ့လာလိုက်စားခွင့် ရှိမှသာ အဆိုပါပညာရပ်တွင် ထူးချွန်ထက်မြက်သော ပညာရှင်များ ဖြစ်လာနိုင်ပေမည်။ သို့ရာတွင် မြန်မာနိုင်ငံ ၏ ပညာရေးစနစ် ချို့ယွင်းချက်များကြောင့် လူငယ်များသည် ၎င်းတို့၏ ဘ၀ရပ်တည်ချက်ကို ၀ါသနာပါရာ၊ စိတ်ဝင်စားရာ ပညာရပ်များဖြင့် တည်ဆောက်နိုင်ခွင့် မရရှိကြပေ။

ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် လူသားရင်းမြစ် ဆုံးရှုံးမှုများ များစွာဖြစ်ပေါ် နေရသည်။ နိုင်ငံတစ်ခုတွင် လူသားရင်းမြစ် ဆုံးရှုံးမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်မှာ လူငယ်များက ၎င်းတို့ စိတ်ဝင်စားရာ ပညာရပ်တစ်ခုကို လေ့လာလိုက်စားခွင့် မရရှိခြင်းပင် ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးစနစ်အရ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၎င်းတို့နှင့်ကိုက်ညီသော ပညာရပ်များကို သိမြင်ခွင့်မရှိ၊ ရွေးချယ်ခွင့်မရှိပေ။ ထို့အပြင် အခြေခံပညာသင်ကြားရေး စနစ်တွင် လည်း ကျောင်းသား၊ ကျောင်းသူများ၏ ၀ါသနာပါရာ စိတ်ဝင်စားရာအကြောင်းအရာများကို ဆရာ၊ ဆရာမများမှ ပြုစုပျိုးထောင်ပေးခြင်း မရှိဘဲ အလွတ်ကျက်စနစ်ဖြင့် ပုံသေကားကျ သင်ကြား နည်းဖြစ်နေခြင်းကပင် လူငယ်များအနေဖြင့် မိမိဝါသနာကို ပျိုးထောင်ခွင့် မရရှိခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိပညာရေးစနစ်သည် လူငယ်များ၏ တွေးခေါ်နိုင်စွမ်းနှင့် ဗဟုသုတကို ကန့်သတ် ချုပ်ချယ်ထားပေသည်။ ထိုကဲ့သို့ ကန့်သတ်ခြင်းကပင် လူငယ်များအနေဖြင့် ၎င်းတို့၏ ၀ါသနာကို လေ့လာ လိုက်စားရန် ဆုံးဖြတ်ပိုင်ခွင့် လျော့နည်းစေသည်။

ဆေးပညာတက္ကသိုလ်သို့ တက်ရောက်နေသည့် သူငယ်ချင်းတစ်ဦးဖြစ်သူက ပြောဖူးသည်။ “၁၀တန်းအောင်တော့ မိဘတွေက ဆရာဝန်ဖြစ်စေချင်တယ်။ အဲဒီတုန်းက ဘာကို စိတ်ဝင်စားသလဲ ဆိုတာ သေချာမသိဘူး။ ၁၀ တန်းအောင် ကျောင်းသားတစ်ဦးအနေနဲ့ ဘာမှ တွေးခေါ်နိုင်စွမ်း မရှိခဲ့ဘူး။ နောက်ပိုင်း ကျောင်းတက်ရတာ အချိန်ဖြုန်းတယ်လို့ ထင်မိတယ်။ ၀ါသနာပါတာ က ဆေးပညာမဟုတ်ဘူး။ ဂရပ်ဖစ် ဒီဇိုင်နာဆိုတာ နောက်ကျမှ သိလာတယ်။ အခုတော့ ကျောင်း တက်ရတာ အချိန်ဖြုန်းတယ်လို့ မထင်တော့ဘူး။ အိမ်က ကျောင်းထွက်ခွင့် မပြုဘူး။ ဒါပေမဲ့ ကျောင်းပြီးအောင်တက် ပြီးရင် ကြိုက်တာလုပ်တဲ့”

အကယ်၍ ၎င်းအနေဖြင့် မိမိဝါသနာပါသည်ကို လေ့လာလိုက်စားခွင့် ရရှိခဲ့ပါက အောင်မြင်သည့် ပညာရှင်တစ်ဦးဖြစ်လာမည်မှာ သေချာပေသည်။ သို့သော် လက်ရှိပညာရေးစနစ်အရ ငယ်စဉ်ကတည်းက ၀ါသနာကို ပျိုးထောင်နိုင်ခြင်း မရှိသကဲ့သို့ တက္ကသိုလ်တက်ရောက်ရာတွင်လည်း မိမိဝါသနာပါသည့် ပညာရပ်ကို ရွေးချယ်ခွင့် မရရှိခဲ့ပေ။

သို့သော် အဆိုပါသူငယ်ချင်းအနေဖြင့် နောင်တစ်ချိန်တွင် ၎င်းဝါသနာပါသည်ကို လုပ်ဆောင်ရန် အခွင့်အရေးရရှိနိုင်သည်။ မြန်မာနိုင်ငံရှိ လူငယ်အများစုသည် ထိုကဲ့သို့သော အခွင့်အရေးမျိုး ရရှိရန် ခက်ခဲကြသည်။ ၎င်းတို့အနေဖြင့် မိမိဘ၀၊ မိမိအနာဂတ်ကို ကိုယ်တိုင် ရွေးချယ်ခွင့်မရှိဘဲ မိမိဝါသနာကို စွန့်လွှတ်ကာ မိမိနှင့် မကိုက်ညီသော ပညာရပ်များကို လေ့လာလိုက်စားနေ ကြသည်။

မြန်မာနိုင်ငံရှိ လူငယ်များသည် ၎င်းတို့၏ အနာဂတ်ကို ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ဆုံးရှုံးနေကြသည်။ ၎င်းတို့အနေဖြင့် မိမိဝါသနာပါရာ ပညာရပ်တစ်ခုကို လေ့လာလိုက်စားခွင့် ရှိမှသာ အဆိုပါ ပညာရပ်တွင် ထူးချွန်ထက်မြက်သော ပညာရှင်များ ဖြစ်လာနိုင်ပေမည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ် ချို့ယွင်းချက်များကြောင့် လူငယ်များသည် ၎င်းတို့၏ ဘ၀ရပ်တည်ချက်ကို ၀ါသနာပါရာ၊ စိတ်ဝင်စားရာ ပညာရပ်များဖြင့် တည်ဆောက်နိုင်ခွင့်မရရှိကြပေ . . .

အခြားသော သူငယ်ချင်းတစ်ယောက်သည် ၎င်းဖြစ်လိုသော ရူပဗေဒပညာရှင် ဖြစ်လာခွင့်ကို အပြီးတိုင် လက်လွတ်ဆုံးရှုံးခဲ့ရသည်။ သူမ အနေဖြင့် ၎င်း၏ အနာဂတ်ကို ဆရာဝန်တစ်ဦးအဖြစ်သာ ဆက်လက် ရပ်တည်ရပေမည်။ သူမ ဖြစ်ချင်ခဲ့သော ရူပဗေဒပညာရှင်အဖြစ်ကို ရွေးချယ်ခွင့် ပျောက်ဆုံးခဲ့သည့် အပြင် နောင်တွင်လည်း ရွေးချယ်ခွင့်ရရှိနိုင်ရန် အခွင့်အရေးလွန်စွာ နည်းပါးသွားပြီ ဖြစ်သည်။

အကယ်၍ ၎င်းတို့အနေဖြင့် မိမိတို့ စိတ်ပါဝင်စားသော ဘာသာရပ်များကို လေ့လာလိုက်စားခွင့် ရရှိခဲ့ပါက နိုင်ငံအတွက် အကျိုးရှိသော ပညာရှင်များအဖြစ် ထင်ရှားပေါ်ထွက်လာနိုင်ပေသည်။ သို့သော် ၎င်းတို့သာမဟုတ် မြန်မာနိုင်ငံရှိ လူငယ်အများစုသည် အနာဂတ်ကို ရွေးချယ်ခွင့် ပျောက်ဆုံးနေကြသည်။ ထို့ကြောင့်လည်း မိမိကိုယ်မိမိ ယုံကြည်မှု နည်းပါးလာကြသည်။

လူငယ်များသည် ရှိပြီးသော လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းခြင်းထက် စွန့်ဦးတီထွင်ခြင်းများကိုသာ ပိုမိုလုပ်ကိုင်လိုကြသည်။ ထိုကဲ့သို့ စွန့်ဦးတီထွင်မှုများ လုပ်ဆောင်နိုင်ရန် ၎င်းတို့၏ ၀ါသနာနှင့် စိတ်အားထက်သန်မှု ရှိရန် လိုအပ်သည်။ ၀ါသနာဖြင့် တည်ဆောက်မှ သာ အောင်မြင်သော ပညာရှင် တစ်ဦး ဖြစ်လာနိုင်မည်။

တစ်စုံတစ်ဦးမှ ပုံသေကားကျ ချမှတ်ထားသည့် လမ်းကြောင်းအတိုင်း လျှောက်လှမ်းပါ က အောင်မြင် ထူးချွန်သူများ ပေါ်ပေါက်ရန် အခွင့်အရေး နည်းပါးလွန်းလှသည်။

မြန်မာနိုင်ငံတွင် လူသားအရင်းအမြစ် နည်းပါးခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေ သည်။ မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ထွန်းကားစေရန်အတွက် လူငယ်များအနေဖြင့် ၎င်းတို့ ၀ါသနာပါရာ၊ စိတ်ဝင်စားရာကို ရွေးချယ်ပိုင်ခွင့်ရှိရန် လိုအပ်သည်။

အောင်မြင်သော သိပံ္ပပညာရှင်များ၊ အတွေးအခေါ်ပညာရှင်များ၊ စာရေးဆရာများ အပါအ၀င် သမိုင်းတစ်လျှောက် အောင်မြင်ထွန်းပေါက်ခဲ့သူများသည် ၎င်းတို့၏ အနာဂတ်ကို ၀ါသနာဖြင့် တည်ဆောက်ခွင့် ရရှိခဲ့သူများပင်ဖြစ်သည်။

စိတ်ပါဝင်စားမှုနှင့် စိတ်အားထက်သန်မှုသည် အောင်မြင်မှုဆီသို့ ဦးတည်နိုင်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနာဂတ်ကို ဦးဆောင်ရမည့် လူငယ်များအနေဖြင့် ၎င်းတို့၏အနာဂတ်ကို ကိုယ်တိုင်ရွေးချယ်ခွင့် ရရှိသင့်သည်ဟု မြင်မိပါသည်။

Eleven Daily News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...