စူပါမော်ဒယ်လ် တစ်ဦး၏ ခက်ခဲသော ဘဝကို အမ်ဘရိုစီရို ဖွင့်ဟ


အသက်(၃၂)နှစ် ရှိပြီဖြစ်ပြီး Victoria’s Secret အလှနတ်မိမယ် တစ်ပါးအဖြစ် နှစ်ပေါင်းအတော်များများ ရပ်တည်ခဲ့သည့် ဘရာဇီးလ် စူပါမော်ဒယ်လ်က မိမိတို့၏ ဘဝသည် ပန်းခြံထဲ အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ လွယ်ကူချမ်းမြေ့လှသည် မဟုတ်ဟု ဆိုသည်။

သွားလေရာ နေရာတွင် ကင်မရာမီးများ တဖြတ်ဖြတ် လင်းနေသည်။ ကော်ဇောနီ လျှောက်လမ်းပေါ်မှနေ၍ ပရိသတ်များဘက် လက်ပြနှုတ်ဆက်လိုက်တိုင်း အားကျမှု၊ တပ်မက်မှုတို့ လွှမ်းခြုံသော မျက်ဝန်းများကို ရင်ဆိုင်ရသည်။ အလွန်ကောင်းမွန်ခမ်းနားသည့် ဇိမ်ခံအသုံးအဆောင်များနှင့် အမြဲတစေ လက်ပွန်းတတီး ရှိနေသည်။ သို့သော်လည်း စူပါမော်ဒယ်လ် တစ်ဦး၏ ဘဝသည် ထိုသို့သော အပေါ်ယံ အမြင်မျိုးထက် များစွာ ခက်ခဲနက်ရှိုင်းကြောင်း အလက်ဇန္ဒရာ အမ်ဘရိုစီရိုက ပြောကြားခဲ့သည်။

အသက်(၃၂)နှစ် ရှိပြီဖြစ်ပြီး Victoria’s Secret အလှနတ်မိမယ် တစ်ပါးအဖြစ် နှစ်ပေါင်းအတော်များများ ရပ်တည်ခဲ့သည့် ဘရာဇီးလ် စူပါမော်ဒယ်လ်က မိမိတို့၏ ဘဝသည် ပန်းခြံထဲ အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ လွယ်ကူချမ်းမြေ့လှသည် မဟုတ်ဟု ဆိုသည်။ NBC၏ Late Night With Seth Meyers ရုပ်မြင်သံကြား အစီအစဉ်တွင် အလက်ဇန္ဒရာသည် အသက်(၂၄)နှစ်အရွယ် တောင် အာဖရိ ကမော်ဒယ်လ် ဘီဟေတီ ပရင်ဆလူနှင့်အတူ တက်ရောက်ခဲ့ပြီး မော်ဒယ်လ်များ၏ လူမြင်ကွင်း နောက် ကွယ်မှ အခက်အခဲ အချို့ကို ဖွင့်ဟပြသွားခဲ့သည်။

ချီတာကျားသစ် တစ်ကောင်နှင့် အတူတွဲ၍ ဓာတ်ပုံအရိုက်ခံခဲ့ဖူးသည့် ဘီဟေတီက “ဓာတ်ပုံကတော့ သိပ်ကြည့်ကောင်းမှာပေါ့။ ဒါပေမဲ့ အဲဒီကျားသစ်က ကျွန်မလက်ကို လှမ်းကိုက်ခဲ့တယ်။ သားရိုင်းတိရစ္ဆာန် ကျွမ်းကျင်ပညာရှင်ကတော့ သတိပေးခဲ့ပါတယ်။ ဘယ်အခြေအနေမှာဖြစ်ဖြစ် ကျားသစ်ကို မျက်လုံးချင်း ဆိုင် မကြည့်နဲ့တဲ့။ ကျွန်မ အဲဒီတုန်းက အရမ်းလန့်သွားပြီး မော်ဒယ်လ်လုပ်ချင်စိတ်ပါ ပျောက် သွားဖူးတယ်။ ခုတော့လည်း ဒါတွေက ရယ်စရာပေါ့လေ”ဟု ရယ်ရယ်မောမော ပြောဆိုခဲ့သည်။

အလက်ဇန္ဒရာက သူမသည် (၂၀၁၁)ခုနှစ်က ဒုတိယရင်သွေးလေးကို ကိုယ်ဝန်ဆောင်နေစဉ် မော် ဒယ်လ်လျှောက် ခဲ့ရသည့် အတွေ့အကြုံကို ပြောပြခဲ့သည်။ “ကျွန်မက အဲဒီတုန်းက ကိုယ်ဝန်(၄)လ ရှိနေပြီ။ ရတနာတွေ စီခြယ်ထားတဲ့ အတောင်အလက်ကြီး တစ်ခုကို ကျောမှာချိတ်ပြီး လျှောက်ခဲ့ရတယ်။ အဲဒါကြီးက ပေါင်(၆၀)တောင် လေးတယ်။ ကျွန်မဝတ်ဖူးသမျှ အလေးဆုံးပဲ။ အဲဒါကြီးကို ကျောပိုးပြီး ပုံစံမပျက် လမ်းလျှောက်ဖို့ တော်တော်ရုန်းကန်ခဲ့ရတယ်လေ”ဟု ဆိုသည်။ သူမသည် နောက်တစ်နှစ်တွင် Victoria’s Secret၏ အထူးဖက်ရှင်ပွဲတွင် လျှောက် လမ်းပေါ် ပြန်ရောက်လာပြီး ဒေါ်လာ(၂.၅)သန်းတန် စိတ်ကူးယဉ် ဘရာစီယာကို ဝတ်ဆင်ကာ ကိုယ်ဟန်ပြခဲ့သည်။ အလက်ဇန္ဒရာသည် အဆိုပါပွဲတွင် ပါဝင်ရန် အတွက် မီးဖွားပြီး (၃)လ အတွင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းယူ ကြိုးစားခဲ့ရသည်။

“အဲဒီအချိန်မှာ တကယ့် ပြိုင်ပွဲဝင် အားကစားသမား တစ်ယောက်လို ပြင်းပြင်းထန်ထန် လေ့ကျင့်ရတယ်။ အရမ်းပင်ပန်းတယ်။ ကိုယ့်စိတ်၊ ကိုယ့်အတွေး အားလုံးကို တစ်ခုတည်းသော အကြောင်းအရာ အတွက် နှစ်ထားရတာပါ။ ကျောက်မျက်ရတနာတွေ စီခြယ်ထားတဲ့ ဒေါ်လာ(၂)သန်းခွဲတန် ဘရာစီယာကို ကိုယ်က ဝတ်ပြရမယ်လေ။ ဒီအခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေပါ့မလားလို့ သံသယရှိနေ လို့ မရဘူး။ ကျွန်မအနေနဲ့ အရမ်းပင်ပန်းနေရင်တောင် ဒီအတွေးကို စိတ်ဓာတ်လှုံ့ဆော်မှု နည်းလမ်းတစ်ခု အနေနဲ့ အသုံးချခဲ့ရပါတယ်”ဟုလည်း သူမက ဖွင့်ဟသွားခဲ့သည်။

Victoria’s Secret မော်ဒယ်လ်တစ်ဦး အနေဖြင့် မီးဖွားပြီး လပိုင်းအတွင်း လျှောက် လမ်းပေါ် ပြန်ရောက် လာအောင် ပြင်းပြင်း ထန်ထန် ကြိုးစားလေ့ကျင့်ရသည်မှာ အလက်ဇန္ဒရာ တစ်ဦးတည်း တွေ့ကြုံရခြင်း မဟုတ်ချေ။ ဘရာဇီးလ် စူပါမော်ဒယ်လ် အက်ဒရီယာနာ လီမာသည်လည်း မီးဖွားပြီး သီတင်း(၈)ပတ်တိတိ တွင် လုပ်ငန်းခွင် ပြန်ဝင်ခဲ့ရဖူးသည်။ ဟေဒီကလမ်မှာမူ မီးဖွားပြီး သီတင်း(၅)ပတ် အကြာတွင်ပင် ကိုယ်ဟန်ပြ လျှောက်လမ်းများထက် ပြန်လည် ရောက်ရှိခဲ့ဖူးကြောင်း သိရှိရသည်။








Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...