ပဲ့ကိုင်ပေးနေသော ယုံကြည်ချက်နှင့် ဆင်ခြင်တုံတရား

ယုံကြည်ချက်နဲ့ ဆင်ခြင်တုံ တရားဆိုတာ ဘ၀မှာ သိပ် အရေးကြီး ပါတယ်။ လူသား တစ်ယောက်လို နေထိုင် တဲ့အခါ၊ လုပ်ငန်းခွင်လောကမှာ ကျင်လည်တဲ့ အခါ ကိုယ့်ယုံကြည်ချက်နဲ့  ကိုယ်ပိုင် ဆင်ခြင်တုံ တရားတွေ က ကျွန်တော်တို့ ကို လမ်းကြောင်း မမှားအောင် ပဲ့ကိုင်ပေး ပါတယ်။

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ၊ ဘာကြောင့် လဲ ဆိုတဲ့ မေးခွန်းကိုဖြေတဲ့အခါ၊ ဘ၀အဓိပ္ပါယ်ကို ရှာဖွေတဲ့အခါ ကိုယ်ယုံကြည်ရာ မျက်လုံနဲ့ ကြည့်ပြီး ဦးနှောက် ကနေ အတိမ်၊ အနက်၊ အလေး၊ အပေါ့ကို ဆင်ကြည့်၊ ခြင်ကြည့်ပြီးမှ ဆုံးဖြတ်ရတာပါ။ ဘာကြောင့်လဲဆိုတာကို ဖြေရတာပါ။ ဘ၀အဓိပ္ပါယ်ကို ဖော်ဆောင်ရတာပါ။

ကျွန်တော့်ယုံကြည်ချက်နဲ့ ကျွန်တော်ပဲ။ ကျွန်တော့်ခံယူချက်နဲ့ ကျွန်တော်ပဲလို့ ပြောတတ်သူတွေကို အဲဒီယုံကြည် ချက်က ဘာလဲလို့ မေးလိုက်ရင် ဘာမှပြန်မဖြေကြတာများပါတယ်။ ဘယ်လိုခံယူထားလဲလို့ မေးရင်လည်း တိတိ ကျကျ ပြန်မဖြေနိုင်ကြပါဘူး။ တစ်ကယ်တော့ ကိုယ့်ယုံကြည်ချက်၊ ကိုယ်ကျင့်သုံးတဲ့ ဆင်ခြင်တုံတရားဟာ ဘာလဲ လို့ မေးလာရင် တိတိကျကျပြန်ဖြေဖို့  စကားလုံးတွေပျောက်နေတတ်ပါတယ်။ ဘ၀တစ်လျှောက်လုံး စုမိဆောင်းမိခဲ့ တဲ့ အသိပညာ၊ အတွေ့ အကြုံ၊ အလေ့အကျင့်တွေဟာ ကိုယ့်ရဲ့  လူသားတစ်ယောက်အဖြစ် ရပ်တည်မှုရဲ့  ဗဟို ချက် ဖြစ်ပေမယ့် လူတွေဟာ ကိုယ်သိတာ၊ ကြုံတွေ့ ခဲ့တာ၊ လေ့ကျင့်ကျွမ်းကျင်နေတာတွေကို ပေါင်းစပ်တွေးခေါ် မျှော်မြင်ကြည့်တာမျိုး ရှားပါတယ်။ ဒါကြောင့် ‘မင်းဘာသိသလဲ’ လို့ မေးလိုက်ရင် ပြန်မဖြေတတ်ကြသလို တစ်ချို့  ကလဲ အဖြေမဟုတ်တဲ့ စကားတွေကို တောင်စဉ်ရေမရ လျှောက်ပြောတတ်ပါတယ်။

ဒါပေမယ့်လည်း အပြောအဟောတွေမှာ လူအထင်ကြီးအောင်သုံးဖို့  စကားပုံ၊ နီတိ၊ မန္တန်၊ အချက်အလက်၊ အတွေး အခေါ်တွေကို ကျွန်တော်တို့ အားလုံးပဲ ဖတ်ဖူး၊မှတ်ဖူးပါတယ်။ ဒါတွေနဲ့ ပဲ ကိုယ့်ကိုယ် ကိုယ်လူလား မြောက်အောင် ကျွန်တော်တို့ ပျိုးထောင်ကြပါတယ်။ ဒါပေမယ့် ဒီနီတိတွေကို စာရွက်ပေါ်ချရေးဖို့ ကျတော့ အချိန် ပေးချင်တဲ့သူတွေ နဲပါတယ်။ တစ်ကယ်တော့ ကိုယ့်ကိုလမ်းမမှားအောင် ပဲ့ကိုင်ပေးနေတဲ့ နီတိတွေ၊ ဆိုရိုးစကား တွေကို ချရေးပြီး မြင် သာထင်သာတဲ့နေရာမှာ ချိတ်ထား၊ကပ်ထားသင့်ပါတယ်။ 

ယုံကြည်ချက်နဲ့ ဆင်ခြင်တုံ တရားကို ဖြစ်စေတဲ့ ဒီနီတိတွေဟာ ကိုယ့်ပုံရိပ်ကို ဖော်ပြပေးပါတယ်။ ကိုယ်ဟာ ဘယ်လို လူစားမျိုးဖြစ်လာပြီလဲဆိုတာကို ဒီနီတိတွေကိုကြည့်ပြီး ပြန်သုံးသပ်နိုင်ပါတယ်။ လက်ခံကျင့်သုံးနိုင်ပါ တယ်။ ကိုယ်နဲ့  မကိုက်တော့ရင် ဆွဲခွာပစ်လို့ ရပါတယ်။ ဒါမှမဟုတ် ပိုအားကောင်းတဲ့ နီတိနဲ့  အစားထိုးနိုင်ပါ သေးတယ်။

ကျွန်တော် ဆိုရင် အကြိုက်ဆုံး၊ အထိရှဆုံး နီတိ အခု ၂၀ လောက်ကျက်ထားပြီး ဆာမူရိုင်းဓါးသမားက သူ့ ဓါးကို အမြဲသ၊ အမြဲ ဆောင်ထားပြီး လိုအပ်တဲ့အချိန်တိုင်းမှာ ရွှမ်းခနဲထုတ်သုံးသလိုပဲ ဒီနီတိ ၂၀ ကိုကျွန်တော်အမြဲဖတ်၊ အမြဲလေ့ကျင့် ထားပါတယ်။ လိုအပ်လာတာနဲ့  မထစ်မငေါ့၊ ကြည်လင်ပြတ်သားစွာ ရွတ်ပြပါတယ်။ စိတ်ထဲကပဲ ရွတ်ရွတ်၊ အသံ ထွက်ပဲ ရွတ်ရွတ် ကျွန်တော့်ယုံကြည်ချက်နဲ့  ဆင်ခြင်တုံတရားကို တည့်မတ်ပေးတာတော့ အမှန်ပါပဲ။

ကျွန်တော်ဟာ ထင်ရှားကျော်ကြားသူတွေရဲ့  နူတ်ထွက်စကားတွေ၊ သီချင်းစာသားတွေကိုသုံးတဲ့အပြင် သူငယ် ချင်းတွေ ပြောတဲ့ထဲက ကြိုက်မိတဲ့စကားတွေကို မှတ်ထားပါတယ်။ ရှေးပုံပြင်ဇာတ်လမ်းတွေနဲ့  ဘာသာရေးစာပေ တွေကနေလည်း ကျွန်တော်ကြိုက်တဲ့ စာကြောင်းလေးတွေကို ရေးမှတ်ထားပါတယ်။ ကျွန်တော့်ကို အမြဲတမ်း လမ်း ကြောင်းတည့်မတ်ပေးခဲ့တဲ့ စာကြောင်းအချို့ ကို ဖော်ပြသွားပါမယ်။ ဒီစာကြောင်းတွေက ကျွန်တော့် ယုံကြည်ချက် ကို ခိုင်မာစေပြီး ဆင်ခြင်တုံတရားကိုလည်း ကြည်လင်စေပါတယ်။

ကောင်းတယ်၊ မကောင်းဘူးဆိုတာ ဘယ်သူသိမှာလဲ။
===================================
ဒါဟာ ရှေးဟောင်းတာအိုအတွေးအခေါ်တစ်ခုပါ။ အဆိုးထဲက အကောင်းဖြစ်တတ်ပြီး အကောင်းထဲကလည်း အဆိုးဖြစ်လာနိုင်သေးတယ်ဆိုတာကို ရည်ညွှန်းထားတာပါ။ ဒါကို သဘောပေါက်ပြီးတဲ့နောက် ကျွန်တော်ဟာ အကောင်းတွေဖြစ်လာရင်လည်း အဆိုးပေါ်လာနိုင်သေးတယ်ဆိုပြီး ဆင်ခြင်နိုင်ခဲ့သလို အဆိုးတွေဖြစ်လာရင် လည်း အကောင်းဖြစ်လာနိုင်သေးတာပဲဆိုပြီး ယုံကြည်တတ်ခဲ့ပါတယ်။

ဗယ်ဖက်ကိုသွားပါ။
=============
လူတိုင်းက ညာဖက်သွားနေတဲ့အခါ ကိုယ်က ဗယ်ဖက်ကိုရွေးပါလို့ ဆုံးမထားတဲ့ စကားပါ။ ဒါကို ဖောက်ထွက် စဉ်းစားနည်းမှာ ကျွန်တော်အမြဲသုံးပါတဲ့အတွက် သူများမစဉ်းစားမိတာတွေကို စဉ်းစားမိပါတယ်။ သူများ မရတဲ့ အကြံဥာဏ်တွေကို ရပါတယ်။ ကျွန်တော်ဟာ သူများတွေအတွက် ထူးခြားသူတစ်ဦး ဖြစ်လာခဲ့ ပါတယ်။

ဆုံးရှုံးမှုအပေါ် သံယောဇဉ်မငြိတွယ်ပါနဲ့ ။
===========================
အလုပ်ပြုတ်သွားတာ၊ ချစ်သူနဲ့ လမ်းခွဲရတာ၊ ကျန်းမာရေးညံ့ဖျင်းတာ၊ ငွေ ကြေးကြပ်တည်းတာလို အဆင်မပြေမှု တွေနဲ့ ကြုံတွေ့ တဲ့အခါမျိုးမှာ ဟိုးရင်ထဲအထိခံစားယူပြီး ကိုယ့်ကိုယ်ကို ‘ကံ ဆိုးလိုက်တဲ့ငါ’ ‘ငါ့ဘ၀ကလည်း ကြမ်းတမ်း လိုက်တာ’ ‘ငါကိုကအသုံးမကျတာ’ အစရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် ထိ ခိုက်စေမယ့် အသုံးအနှုန်းတွေနဲ့  ခေါ်ဝေါ်သမုတ်တော့ အားပေးစကားကြားဖို့ လိုတဲ့အချိန်မှာ အပြစ်တင်စကား ကြားရတဲ့အတိုင်း စိတ်ထပ်ထိခိုက် တာကလွဲရင် ကောင်းကျိုးရစရာ မရှိပါဘူး။ အလုပ်တစ်ခုက မအောင်မြင်တာပါ။ ကိုယ်က မအောင်မြင်သူ မဟုတ် ပါဘူး။ ချစ်သူက လမ်းခွဲသွားတာပါ။ ကိုယ်ကလမ်းခွဲသူမဟုတ်ပါဘူး။ အဲဒီလို သပ် သပ် ခွဲကြည့်လိုက်ပါ။ ဆုံးရှုံးမှု ဆိုတာ ညစ်ပေသွားတဲ့အင်္ကျီလိုပါပဲ။ ဆွဲချွတ်လွှင့်ပစ်လိုက်ပါ။ ဒါမှလည်း အသစ် တစ်ထည်ဝတ်လို့ ရမှာပေါ့။

ပိုကောင်းအောင် လုပ်ထားခဲ့ပါ။
====================
ကျွန်တော်သိပ်ကြိုက်တဲ့ စကားတစ်ခွန်းပါ။ ဒီစကားကြောင့် ကျွန်တော်ဟာ လူငယ် ဘ၀ကတည်းက အားလုံးရဲ့ တန်ဖိုးထား လေးစားမှုကို ရခဲ့ပါတယ်။ ကျွန်တော့်မိတ်ဆွေရှေ့ နေကြီးတစ်ဦးဟာ ထမင်းဆိုင်ရှင်တစ်ယောက်နဲ့  ရင်းနှီးပါတယ်။ အဲဒီထမင်းဆိုင်ရှင်ဟာ ဒီရှေ့ နေကြီးရဲ့ ကားကို တစ်ချက်ချက် ယူ မောင်းပါတယ်။ ရှေ့ နေကြီး ကလည်း ၀မ်းသာအယ်လှဲ ကားငှားပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ထမင်းဆိုင်ရှင်က သူယူမောင်းပြီး သွား လို့  ကားကိုပြန်အပ်မယ့်အခါကျတော့ အဲဒီကားကို သူယူသွားစဉ်ကထက် ပိုပြီး သန့် ပြန့်  နေအောင် ဆေးကြော လာတာတို့ ၊ ပြုပြင်လာတာတို့  လုပ်ပေးလို့ ပါပဲ။ ပိုကောင်းအောင် လုပ်ထားခဲ့ပါ။ ကိုယ်ဝင် လိုက်တဲ့အခန်းတစ်ခု ဟာ ကိုယ်ပြန်ထွက်လာတဲ့အခါမှာ ပိုကောင်းအောင် လုပ်ထားခဲ့ပါ။ အိမ်သာကနေ စလိုက်ရ အောင်။

တွေးပူမနေပါနဲ့ ။
===========
ဖြစ်မလာတာများပါတယ်။ စိုးရိမ်စိတ်ဟာ လူကို အိုမင်းရင့်ရော်စေပါတယ်။ ကိုယ့်သားအပြင်မှာ ဘာတွေဖြစ်လာ မလဲဆိုပြီး ရင်ထဲမှာ ဗလောင်ဆူနေအောင် ပူပန်နေတဲ့မိခင်ဟာ အချိန်တန်ရင် သီချင်းတကြော် ကြော် ဆိုပြီးပြန် လာတဲ့သားကို တွေ့ ရတာပါပဲ။ အန္တရယ်ဆိုတာ ဒီသားမှတင်မဟုတ်ပါဘူး။ ဘယ်သူ့ ကိုမဆို ဖြစ် နိုင်ပါတယ်။ ဒါပေမယ့် နေ့ တိုင်းတော့ မဖြစ်ပါဘူး။

မနာလိုမဖြစ်နဲ့ ။ မကြောက်နဲ့ ။ မယုတ်မာနဲ့ ။
=============================
ဒါကတော့ သီချင်းတစ်ပုဒ်ထဲက စာသားတစ်ကြောင်းပါ။ ဒီသုံးမျိုးထဲက တစ်ခုကိုပဲ လုပ်ကြည့်ပါအုံး။ ဒါမှမဟုတ် ဒါကိုလုပ်တတ်တဲ့လူကို သင်ဘယ်လိုမြင်သလဲဆိုတာကိုပဲ တွေးကြည့်ပါ အုံး။ ဒါကြောင့် သူများကို မနာလိုဖြစ်နေ မယ့် အစား မှီအောင်လိုက်ပြီး ကျော်တက်လိုက်စမ်းပါ။ ဘာမှလုပ်မကြည့်ပဲနဲ့  ကြောက်နေမှာလား၊ လုပ်ကြည့်ပြီး ဖောက်ထွက်သွားမလား။ အရည်အချင်းခြင်း မယှဉ်နိုင်လို့  ယုတ်မာကြတာချဉ်းပါ။ အဲဒီလို အောက်အလွှာထဲမှာ ကိုယ်ပါမသွားစေနဲ့ လို့  ကျွန်တော့်ကိုကျွန်တော် အမြဲဆုံးမခဲ့ပါတယ်။

နဲနဲဆာအောင်နေကြည့်ပါ။
=================
ဗိုက်ဆာတာကို နဲနဲလေးထပ်စောင့်ပြီးစားတော့ အားပါးတရရှိတာပေါ့။ ဒီစနစ်ကို ကျွန် တော် ဈေးကွက်ကို ကိုင်တွယ်တဲ့ အခါမှာ သုံးပါတယ်။ ၀ယ်လိုအားကောင်းလာရင်ကို နဲနဲလေးထပ်စောင့်ပါတယ်။ အဲဒီအခါ လူတွေဟာ ဈေးတွေ၊ဘာတွေဆစ်မနေတော့ဘဲ အလုအယက်ဝယ်ကြတာကို ကျွန်တော် အကြိမ်ကြိမ် ကြုံ ဖူးပါတယ်။

ဒါတွေဟာ ကျွန်တော့် ယုံကြည်ချက်တွေပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အတွက် ကောင်းကျိုးပြုလို့ ပဲ။ ဆိုးကျိုး ဖြစ်စေတယ်ဆိုရင်တော့ ကျွန်တော့်ယုံကြည်ချက်ကိုလည်း ပြန်ပြောင်းရမှာပဲ။ နောက်ကိုလှည့်ကြည့် လှည့်ကြည့်နဲ့  ပြေးရင်း ခလုပ်တိုက်လဲလိမ့်မယ်။ ရှေ့ ကိုကြည့်ပြီး သွက်သွက်ပြေးတော့ ပန်းတိုင်မြန်မြန်ရောက် တယ်။ မှီတဲ့သူတွေ လိုက်လာလိမ့်မယ်။ မမှီတဲ့သူတွေ ကျန်ခဲ့လိမ့်မယ်။ ဒါကျွန်တော့်ဆင်ခြင်တုံတရားပဲ။ စာဖတ်သူ လည်း ကိုယ့် ယုံ ကြည်ချက်နဲ့  ဆင်ခြင်တုံတရား ဘာတွေလည်းဆိုတာ အခုပဲ တစ်ယောက်ယောက်ကို ပြောပြ လိုက်ပါအုံး။


သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...