ကိုသောင်းလည်း ရှက်မိပါသည်

ကိုသောင်းသည် ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သည်။ အလုပ်ရှင်သည် ပညာတတ် ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးစစ်စစ် တစ်ဦးဖြစ်ပြီး နေရာတိုင်းတွင် သန့်ရှင်းရေးနှင့် ကျန်းမာရေးကို အထူးအလေးထား (ရူးသွပ် သူ) တစ်ဦးလည်း ဖြစ်ပါသည်။ ကုမ္ပဏီတွင် စက်ရုံဝန်ထမ်း ၁၅၀ ခန့်နှင့် ရုံးဝန်ထမ်း ဦးရေ ၅၀ ခန့်မျှ ရှိပါ သည်။ အလတ်စား ကုမ္ပဏီတစ်ခု ဖြစ်သည်နှင့် အညီ အဆောက်အအုံများ၊ သန့်စင်ခန်းများကို သန့်ရှင်း သပ်ရပ်အောင် အဆင့်မြင့်မြင့် တည်ဆောက်ပေး ထား သည်။
စက်ရုံအတွင်း၌လည်းကောင်း၊ ရုံးခန်းများအနီး၌လည်းကောင်း သန့်ရှင်းသပ်ရပ်မှုရှိစေရန် မဝေးလှ သောနေရာ များ၌ နိုင်ငံခြားမှဝယ်ယူလာသော ပလတ်စတစ်အမှိုက်ပုံးများကို လုံလောက်အောင်စီစဉ် ပေးထားပါ၏။ သို့ရာတွင် သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများ ကွပ်ကဲစိစစ်နေ သည့်ကြားကပင် ဝန်ထမ်းနှင့်လုပ်သား များက ပြီးစလွယ်အမှိုက်ပစ်ခြင်းမျာကို တွေ့နေရပေ၏။ လစ်ရင် လစ်သလိုအမှိုက်များကို အမှိုက်ပုံးထဲသို့ မထည့်ဘဲ ပစ်ချင်ရာပစ်နေ၏။
ကုမ္ပဏီ၌ သန့်ရှင်းရေး ဝန်ထမ်းများကို အလုံအလောက် ခန့်ထားပေးပါ၏။ သို့သော် အမှိုက်သိမ်းဆည်း သူနှင့် စည်းကမ်းမဲ့အမှိုက်ပစ်သူတို့က မညီမျှသဖြင့် သန့်ရှင်းရေး ဝန်ထမ်းများခမျာ နားရသည်မရှိ၊ တစ်နေကုန် တကုပ် ကုပ်နှင့် လုပ်နေရသည်။ ကိုယ်ချင်းစာနာမှု နည်းကြပေသည်။ အထူးသဖြင့်သန့်စင် ခန်းများတွင် သန့်ရှင်းရေး ဝန်ထမ်းများက အလျဉ်မီအောင် မနည်းလုပ်နေကြရ၏။ သန့်စင်ခန်းအတွင်း ၌အိမ်သာသုံးစက္ကူကိုသုံးပြီး စွန့်ပစ်ရန် ပလတ်စတစ်အမှိုက်ပုံးများ ထားပေးသော်လည်း ၎င်းပုံးများထဲ သို့စနစ်တကျမထည့်ကြ၊ အိမ်သာကြွေခွက်များထဲသို့ စွန့်ပစ်ကြသဖြင့် ရေပိုက်များ မကြာခဏပိတ် သည့်အလုပ်က ပိုလာပြန်သည်။
ထိုမှတစ်ဖန် သန့်စင်ခန်းအပြင်ဘက်၌လည်း လက်ကိုဆေးကြောသန့်စင်နိုင်ရန် လက်ဆေးကြွေကန်၊ လက် အခြောက်ခံစက်နှင့် သန့်ရှင်းရေးသုံးစက္ကူများ ထားပေးသည်။ ၎င်းပြင်လက်ဆေးကြွေပန်းကန် အနီးတွင် အမှိုက်ပုံး လည်းထားပေးပြန်သေး၏။ သို့သော်လူတော်တော်များများက စည်းကမ်းမဲ့ကြ သည်။ လက်သုတ်ပြီးသော စက္ကူစများကို လက်တစ်ကမ်းအကွာရှိ အမှိုက်ပုံးထဲသို့ကျအောင်မထည့်၊ သန့်စင်ခန်းရှေ့ကြွေပြားခင်း ကြမ်းပြင်တွင် ပစ်ထားသည်မှာ ပွစာတက်လို့နေသည်။ ကိုသောင်းက အမှိုက်တွေ့လျှင် မနေနိုင်၊ ကိုယ့်ရှေ့တွင် တွေ့နေရသည့် အမှိုက်များကိုကောက်ပြီး နီးစပ်ရာအမှိုက်ပုံး အတွင်းသို့ ထည့်သည့်အလေ့က ရှိနေခဲ့သည်။ ငယ်ဘဝကျောင်း နေစဉ်က သန့်ရှင်းရေးလုပ်ခြင်း၊ အမှိုက်ကောက်ခြင်း အလေ့အထများသည် အကျင့်ကောင်းများအဖြစ် ယနေ့တိုင် ရှိနေခဲ့လေ၏။ တစ်နည်းအားဖြင့် ကုသိုလ်ရသော လုပ်ရပ်တစ်ခုကိုမည်သူကမျှ မခိုင်းစေရဘဲစိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်ခဲ့ပါ၏။
တစ်ရက်တွင် ကိုသောင်းတို့ ကုမ္ပဏီသို့နိုင်ငံခြားဧည့်သည်များ လာရောက်လေ့လာခဲ့ပါ၏။ သူတို့အထဲ တွင် ဂျပန်လူမျိုးလုပ်ငန်းရှင်တစ်ဦးလည်းပါလာပါသည်။ အတန်ကြာသောအခါ အနှီဂျပန်လုပ်ငန်းရှင်သည် ကိုသောင်း ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။ ကိုသောင်းလည်း သန့်စင်ခန်း အပြင်ဘက်မလှမ်းမ ကမ်းနေရာမှနေ၍ ဂျပန် ဧည့်သည် ကို စောင့်နေမိပါသည်။
ငါးမိနစ်ခန့်ကြာပြီးနောက် သန့်စင်ခန်းမှထွက်လာသော ဂျပန်ဧည့်သည်က လက်ဆေးရန်ကြွေကန် အနီးသို့ ရောက်သွားလေသည်။ ဒီအခါတွင် သူသည်လက်မဆေးဘဲ အောက်တွင်ပြန့်ကျဲနေသော စက္ကူ အမှိုက်များကို စိတ်ရှည်လက်ရှည်ဖြင့်ကောက်ပြီး အနီးရှိအမှိုက်ပုံးထဲသို့ ထည့်နေသည်ကို တွေ့ရပါ သည်။ သူ့မျက်နှာသည် ပြုံးပြုံးလေးပင်ဖြစ်သည်။ ငြိုငြင်မှုမရှိ၊ ပြီးမှလက်ကိုစနစ်တကျဆေးပြီး ထွက် လာသည်ကို တွေ့ရလေ၏။
ကိုသောင်းက ဂျပန်ဧည့်သည်အား အမှိုက်ကောက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းပြောပြီး မျက်နှာကို ဘယ်လိုထားရမှန်းပင် မသိတော့ပါ။ ဒီနေ့မှကိုသောင်းကလည်း သန့်စင်ခန်းအနီးသို့မလာမိ၊ လာမိလျှင်လည်း အမှိုက်များကို စောစောကတည်းက ကောက်မိမှာ အမှန်ပင်ဖြစ်ပါသည်။ ယခုတော့ ကိုသောင်းသည် ဂျပန်နိုင်ငံ သား လုပ်ငန်းရှင် ဧည့်သည်ကို အားနာမိသည်။ မကွယ်မဝှက် ဝန်ခံရမည်ဆို ပါကကိုသောင်းလည်း မြန်မာ တစ်ယောက်အနေဖြင့် ရှက်မိပါသည်။
ယနေ့ကမ္ဘာပေါ်တွင် ခေတ်မီအတိုးတက်ဆုံးနှင့် အကြွယ်ဝသော စာရင်းဝင်နိုင်ငံကြီးတစ်နိုင်ငံမှ လုပ် ငန်းရှင်တစ်ဦး က ပရဟိတစိတ်ဖြင့် နိုင်ငံကြီးသားပီသကြောင်းကို သူ၏ပြုမူနေကျ လုပ်ဆောင်ချက်ဖြင့် ပြသသွားခြင်းပင် ဖြစ် သည်။
ဂျပန်နိုင်ငံသားများသည် ပရဟိတစိတ်ဓာတ်နှင့် နိုင်ငံကြီးသားပီသမှုကို အလေးထားကြ သူများဖြစ်ပါသည်။ ယခုနှစ် (၂၀၁၄ ခုနှစ်) ဘရာဇီးနိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၌ ဂျပန်နိုင်ငံအသင်းသည် တစ်ဖက် ယှဉ်ပြိုင်အသင်းကို ရှုံးနိမ့်ခဲ့ပါသည်။ ၎င်းဘောလုံးပွဲသို့လာရောက်ကြည့်ရှုကြ သောပရိသတ်သည် မိမိတို့အသင်း ဆုံးရှုံးမှုကို မကျေနပ်ဟန်မပြ၊ ရှုံးနိမ့်သည့်အတွက် တစ်ဖက်အသင်းကို မလိုလားသည့် သဘောမျိုး ပြောဆိုခြင်းမရှိ၊ ယှဉ်ပြိုင်ပွဲ ပြီးသွားသောအခါ ပွဲကြည့်လာ ဂျပန်လူမျိုး အားလုံးက ပြိုင်ပွဲကျင်းပရာ ကွင်းအတွင်းရှိ အမှိုက်များအားလုံး ကို အားတက်သရော ပျော်ရွှင်စွာ ကောက်သိမ်းပြီး သန့်ရှင်းရေး လုပ်ပေးခဲ့လေသည်။ ဤသို့သော လုပ်ရပ်ကြောင့် ဂျပန်လူမျိုးများအပေါ် တစ်ကမ္ဘာလုံးက လေးစား ဦးညွတ်ခဲ့ရသည်။
၂၇.၈.၂၀၁၄ ရက်ကထုတ်လွှင့်သော MRTV မှ ည ၈ နာရီနိုင်ငံ တကာ သတင်းတွင် ဂျပန်နိုင်ငံ၌ စူပါ မင်း(န်) တစ်ဦး ပေါ်ပေါက်နေသည်ဟု ထူးထူးခြားခြား သတင်းကြေညာခဲ့သည်။ အဆိုပါစူပါမင်း(န်)သည် အမှိုက်ကျုံး ဂေါ်ပြားနှင့် တံမြက်စည်းကိုင်လျက် လမ်းပေါ်ရှိအမှိုက်များ သိမ်းဆည်းပေးနေသည် ကို MRTV မှပြသသည်။ ၎င်းစူပါမင်း(န်)ကို အားကျသဖြင့် ဂျပန်နိုင်ငံသားအချို့ကလည်း စေတနာ့ဝန် ထမ်း အမှိုက်သိမ်းခြင်းလုပ်ငန်းတွင် ပါဝင်လာကြသည်ဟု ဖော်ပြထားသည်။ အတုယူလေးစားထိုက် သောစိတ်ဓာတ်နှင့် လုပ်ရပ်များဖြစ်ပေသည်။
တလောက မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းတစ်ဝိုက်၌ လူထုလှုပ်ရှားမှုအ ဖြစ် စုပေါင်းအမှိုက်ကောက်နေကြပုံ သတင်းနှင့်ဓာတ်ပုံများကို ဖတ်ရှုရသဖြင့် မြန်မာများအဖို့ ဂုဏ်ယူ စရာကောင်း လှပါသည်။ ဤသို့သော အမှိုက်သိမ်း (ကောက်) သည့် ပရဟိတစိတ်ဓာတ်များ တိုးပွား လာစေရန်နှင့် အလေ့အကျင့် ကောင်းများရရှိစေရန် တစ်ဦးချင်း၏စိတ်ဓာတ်နှင့် အမူအကျင့်များကို ပြောင်းလဲရန် လိုအပ်မည်ထင် ပါသည်။
ကိုသောင်းတို့နိုင်ငံတွင် အမှိုက်ကောက်ခြင်းလုပ်ငန်းကို အောက်တန်းကျသည့်အလုပ်ဟု များသော အားဖြင့် ရှုမြင်နေကြပုံရသည်။ တချို့ကျအမှိုက်ကောက်ခြင်းကို ရွံရှာဖွယ်ဟုထင်နေသော်လည်း မိမိတို့ ကိုယ်တိုင်က အရှက်မရှိဘဲ ကိုယ်သုံးစွဲသောအမှိုက်များကို စည်းမဲ့၊ ကမ်းမဲ့ပစ်နေကြသည်ကိုတွေ့နေရ သည်။ ကိုယ့်တာဝန် ကိုယ်မယူခြင်းပင်ဖြစ်သည်။
ယခုအထိ အိမ်နောက်ဖေးလမ်းကြားထဲသို့ အမှိုက်ပစ်နေသူများက တစ်ပုံတစ်ပင်ရှိနေသည်။ အလားတူ ပလက် ဖောင်းများ၊ ကားမှတ်တိုင်များ၊ လူအများအပန်းဖြေရာ ပန်းခြံများ၊ အလှဆင်မြက်ခင်းများပေါ်၌ စားသုံးပြီးသော ပလတ်စတစ်အိတ်ခွံများ၊ စက္ကူစအမှိုက်များက ပေါက်ပေါက်ကြဲထားကြသလို မြင် တွေ့နေရသည်။ မြင့်သည့် အတိုင်း ပြောရလျှင်လှည်းတန်းခုံးကျော်တံတားသစ်ကြီး၏အောက် ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် အမှိုက်များ ပစ်ထားသဖြင့် ထိုင်စရာမရှိအောင်ပင် ညစ်ပတ်နေ၏။ ကို သောင်းရင်ထဲမှာရှိသည့်အတိုင်းပြောရလျှင် စည်းကမ်းမဲ့ အမှိုက်ပစ်သူများသည် နိုင်ငံကြီးသားအဖြစ် ခံယူဖို့မနီးစပ်သူများ ဖြစ်သည်။
အမှိုက်ကောက်ခြင်း၊ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းသည် ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းဖြစ် သကဲ့သို့ ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းလည်း မည်ပါ၏။ အလားတူမိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်၏ သန့်ရှင်း သပ်ရပ်မှုကို ဖြစ်စေနိုင်သဖြင့် စိတ်ကြည်လင်လန်းဆန်းမှုကိုလည်း ဖြစ်စေနိုင် ပါသည်။ တစ်ဦးတစ်ယောက်မှသည် အစုလိုက်၊ အဖွဲ့လိုက်စနစ်တကျ အမှိုက်ပစ်ခြင်း၊ အမှိုက် ကောက်ခြင်းစသော ပရဟိတလုပ်ငန်းများ လုပ်ဆောင် ခြင်းသည် အမျိုးသားရေးလုပ်ငန်းတစ်ရပ်လည်း ဖြစ်သည်။ သို့ဖြစ်၍ ဤကိစ္စကို ပြည်သူလူထုတစ်ရပ်လုံးက နက်နက်ရှိုင်းရှိုင်း ပါဝင်သင့်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါ၏။
စံတော်ချိန်သတင်းစာ
စက်တင်ဘာ (၁၄) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) ဆေးဖက်လည်းဝင် ဈေးကွက်သွင် ချဉ်စော်ခါးသီး အစွမ်း အံ့မခန်း လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) အသန်မာဆုံး လူသားအဖြစ် သတ်မှတ်ခံ ထားရတဲ့ ကနေဒါနိုင်ငံသား လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)