ကြီးပြင်းခြင်းဆိုတဲ့ အတောင်ပံ

ချောင်းငယ်လေး တစ်ခုက အတားအဆီး၊ အခက်အခဲ အမျိုးမျိုးကို ဖြတ်ကျော်ပြီးမှ ပင်လယ်ထဲ စီးဝင်နိုင်ခဲ့တယ်။

မျိုးစေ့လေး တစ်စေ့က အမှောင်ထု အထပ်ထပ်ကို ဖြတ်ကျော်ပြီးမှ အလင်းရဲ့ ဆေးကြောခွင့် ကိုရခဲ့တယ်။

လူတစ်ယောက် ဟာလည်း အမြဲမပြတ် ကြိုးစားအားထုတ်မှ လှပကောင်းမွန်တဲ့ ဘဝသံစဉ်ကို တီးခတ်နိုင်မှာ ဖြစ်ပါတယ်။

ဘဝရဲ့ ခယောင်းလမ်းကို ဖြတ်ကျော်ခဲ့ရလည်း၊ အတားအဆီး အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရလည်း ရာဘန္ဒြာနတ် (သ်) တဂိုးဟာ အညံ့မခံခဲ့ဘူး။ “လောကဟာ နာကျင်ခြင်းနဲ့ ငါ့ကိုနမ်းရှုံ့တယ်၊ ငါက သီချင်းနဲ့ပြန်ပြီးတုန့်ပြန်မယ်” … ဒါဟာ သန်စွမ်းသူ တစ်ယောက်က ဘဝကိုစိန်ခေါ်ခဲ့တဲ့ စစ်ကြေညာချက်ဖြစ်တယ်။

ဘယ်သူလဲ…. သူ့သံစဉ်ကို အထပ်ထပ် ပြင်ဆင်ခဲ့တာ။

ဘယ်သူလဲ …. ဆင်းရဲဒုက္ခကြားကနေ မပြတ်ကြိုးစားအားထုတ်ခဲ့တာ။

သူပါ… Beethoven ပါ။ သူဟာ အကြားအာရုံချွတ်ယွင်းခဲ့ပေမယ့် မလျော့တဲ့ဇွဲလုံ့လနဲ့ ဂီတအပေါ် ချစ်မြတ်နိုးမှု ကိုပေါင်းပြီး စန္ဒယားပေါ်မှာ သူ့တန်ဖိုးကိုပြခဲ့ပါတယ်။ သူ့ရဲ့ဇွဲ၊ သူ့ရဲ့သတ္တိက သူ့ဂီတကို အဓွန့်ရှည် တည်တံ့စေ ခဲ့ပါတယ်။

ဘယ်သူလဲ… အပြစ်နဲ့အရှက်ကိုမတရားခံရရင်း မပြတ်ကြိုးစားအားထုတ်ခဲ့တာ။

သူပါ… Sima Qian (ဟန်ခေတ် သမိုင်းပညာရှင်၊ စာပေပညာရှင်)ပါ။ သူဟာ အချုပ်အနှောင်နဲ့ အေးစက်မှောင် မိုက်တဲ့ အချုပ်ခန်းမှာ ပိတ်လှောင်ခံခဲ့ရတယ်။ သူ့နှုတ်ခမ်းထောင့်မှာ စက်ဆုပ်ရွံ့ရှာတဲ့ အပြုံးနဲ့ မျက်နှာပေါ်မှာ အမှန် တရားအတွက် ပြတ်သားမှုတွေထင်ဟပ်ခဲ့တယ်။ သူဟာ ကလောင်တစ်ချောင်းနဲ့ ဘဝစာပေတွေကိုရေးသားပြီး လူတွေကိုကိုင်လှုပ်ခဲ့တယ်။ ကမ္ဘာ့စာပေလောကမှာ တန်ဖိုးမဖြတ်နိုင်တဲ့ခြေရာတွေကို ထားရစ်ခဲ့ပါတယ်။

ဘယ်သူလဲ… လူတွေရဲ့နားလည်မှုမပေးတဲ့အကြည့်အောက်မှာ ကကြိုးတွေမြူးကြွခဲ့တာ။

ဘယ်သူလဲ… ကြိုးစားအားထုတ်မှုတွေကြောင့် လက်ခုပ်သြဘာသံတွေ ဟိန်းညံစေခဲ့တာ။

ဘယ်သူလဲ… အလင်းနဲ့အရိပ်တွေကြားမှာ ဘဝရဲ့ကောက်ကြောင်းကို လှလှပပပုံဖော်နိုင်ခဲ့တာ။

သူတို့ပါ… ဆွံအနားမကြားတဲ့ကချေသည်တွေပါ။ သူတို့ဟာ ဂီတရဲ့သာယာငြိမ့်ညောင်းသံကို မကြားရ၊ ဂီတထဲ စီးမျောလိုက်ပါခွင့် မရနိုင်ခဲ့ကြပေမယ့် ကိုယ်၊ စိတ်နှလုံးနဲ့ဂီတကိုခံစားပြီး မသန်စွမ်းအိုလံပစ်ရဲ့စတိတ်စင်ပေါ်မှာ သူတို့ရဲ့ကြီးမြတ်သန်စွမ်းမှု၊ ကြံ့ခိုင်မှုကို ပြသခဲ့တယ်။ သူတို့ရဲ့တန်ဖိုးရှိတဲ့ဘဝအဓိပ္ပာယ်ကို ဖော်ထုတ်ခဲ့ ပါတယ်။

၁၉ရာစုခေတ် ပြင်သစ်စာရေးဆရာ Alexandre Dumas(အကြီး)က စာအုပ်တစ်အုပ်ထဲမှာ ဒီလိုသရုပ်ဖော် ရေးသားခဲ့ဖူးပါတယ်။

“နောက်ဆုံးမှာ ကျည်ဆံမိုးတွေကြားကနေ သူထရပ်နိုင်ခဲ့တယ်။ သွေးပေနေတဲ့ ခန္ဓာကိုယ်ကို ပွတ်သပ်ရင်း သူခေါင်းမော့ အော်ရယ်ခဲ့တယ်။ “နာကျင်မှုကို ပြည့်ပြည့်ဝဝ ခံစားခွင့်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူး တင်ပါတယ်။ နာကျင်မှုတွေကို ခံစားရတာကောင်းပါတယ်.. ဒါဟာ ကျွန်တော် အသက်ရှင်နေသေး တယ်..မသေ သေးဘူး.. မျှော်လင့်ချက် ရှိသေးတယ် ဆိုတာကို ဖော်ပြနေပါတယ်””။

ကြီးပြင်းရာ လမ်းတစ်လျှောက်က ဖြောင့်ဖြူးတယ်ဆိုတာမရှိနိုင်ပါဘူး။

ကြီးပြင်း ရှင်သန်နေတဲ့ ဘဝမှာ ဒဏ်ရာဒဏ်ချက်တွေက ရှိစမြဲပါ။

ရှေ့ကိုသတ္တိရှိရှိချီတက်ရင်း ကြိုးစားအားထုတ်မှုတွေ စိုက်ထုတ်မှ အဲဒီဒဏ်ရာ ဒဏ်ချက်တွေကို ဖျောက်ပစ်နိုင်မှာ ဖြစ်ပါတယ်။

ဘဝရဲ့ဆင်းရဲဒုက္ခကို ရင်ဆိုင်မိချိန်မှာ ကျွန်တော်တို့ နောက်ဆုတ်အညံ့ခံလို့ မရပါဘူး။ ခိုင်မြဲတဲ့လုံ့လ၊ အရှုံး မပေးတဲ့ စိတ်ဓာတ်နဲ့ ရင်ဆိုင်မှသာ ဘဝဟာ လှပတဲ့ ရောင်စုံတွေနဲ့ ဖူးပွင့်လာနိုင်မှာဖြစ်ပါတယ်။


မူရင်းရေးသားသူ-- Liu Qin
မူရင်းလင့် -- http://www.85nian.net/qingchun/3554.html

နိုင်းနိုင်းစနေ (Sept. 26.2014)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...