ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ မျှတသော ခန္ဓာကိုယ် ရရှိစေဖို့ ဘယ်လိုစားသောက် နေထိုင်ရမလဲ

ကိုယ်လက် လှုပ်ရှားခြင်းနှင့် အာဟာရ ပြည့်ဝစွာ စားသောက်ခြင်းကို မျှတအောင် ဆောင်ရွက်ခြင်းဖြင့် ကျန်းမာသော ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းနိုင်ပြီး ကင်ဆာရောဂါ အပါအဝင် အခြားသော ရောဂါ များပါ ကင်းရှင်းသည့် ဘဝကို ပိုင်ဆိုင်နိုင် မည်ဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရ မျှတဖို့ဆိုတာက လူတစ်ယောက်အတွက် လိုအပ်တဲ့ အာဟာရ ဓာတ်တွေ အမျိုးအမည်အားဖြင့် ပြည့်စုံလုံလောက်ပြီး စွမ်းအင် (ကယ်လိုရီ) ပမာဏအားဖြင့် လုံ လောက်ရ မယ်။ အဲဒါအပြင် အချိုးအစားအားဖြင့်လဲ မှန်ကန်စွာ ပါဝင်နေတဲ့ အစာကိုဆိုလိုတာပါ” ဟု ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဇီဝကမ္မဗေဒပညာရှင် ဒေါက်တာ ရဲတင့်လွင်က ပြောသည်။

လိုအပ်သော အာဟာရဓာတ်တွေ

ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရဓာတ်ခြောက်မျိုးမှာ ရေ၊ ကစီဓာတ် (ကာဗိုဟိုက်ဒရိတ်)၊ အသား (ပရိုတင်း) ဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်တို့ဖြစ်ပြီး ခန္ဓာကိုယ်အတွက် အာဟာ ရဓာတ်စွမ်းအင် (ကယ်လိုရီ) လိုအပ်မှုသည် အသက်အရွယ် ကျား၊ မ ကွဲပြားမှု၊ ခန္ဓာကိုယ်လေးချိန်၊ ခန္ဓာကိုယ်လှုပ်ရှားမှု အတိုင်း အတာ၊ အရပ်အနိမ့်အမြင့်၊ အလုပ်အကိုင်နှင့် ကျန်းမာရေးအခြေအနေတို့ အပေါ်တွင်မူတည်ကြောင်း သိရသည်။

“ပျမ်းမျှအားဖြင့်တော့ အရွယ်ရောက်ပြီးတဲ့ အမျိုးသားတစ်ယောက်အတွက် တစ်နေ့ကိုကယ်လိုရီ ၂၄၀၀ ခန့် လိုအပ်ပြီး အမျိုးသမီးတစ်ဦးအတွက်ကယ်လိုရီ ၂၀၀၀ ခန့်လိုအပ်ပါတယ်။ အဲဒီစုစုပေါင်းလို အပ်တဲ့ ကယ်လိုရီ ပမာဏမှာ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်တို့ကို အချိုးကျပါဝင်ရမယ်” ဟုဆို သည်။

ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံ


အာဟာရဓာတ်ကြွယ်ဝသည့် အစားအစာမျိုးစုံကို စားသုံးခြင်း၊ စားသုံးသောအစားအစာ ပမာဏကို ကိုယ်လက် လှုပ်ရှားမှုနှင့် မျှတစေခြင်းဖြင့် ကိုယ်အလေးချိန်ကိုထိန်းထားခြင်း (သို့မဟုတ်) အသက်နှင့် လိင်အလိုက် ရှိသင့် ရှိထိုက်သည့် ကိုယ်အလေးချိန်ရရှိစေရန်၊ ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက် များနှင့် သစ်သီးဝလံများစွာ ပါဝင်သော အစားအစာများကို ရွေးချယ်စားသုံးရန်နှင့် အချိုဓာတ်ကို သင့် တင့်မျှတရုံ အစားအစာများကို ရွေးချယ် စားသုံးရန်လိုအပ်ကြောင်း သိရသည်။

ကိုယ်လက်လှုပ်ရှားခြင်း

“ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို ယနေ့မှစပြီးစတင်ပါ။ အဲဒီနေ့က အကျိုးစတင်ရရှိတဲ့နေ့ ဖြစ်ပါ တယ်။ စောသေးတယ်။ နောက်ကျနေပြီဆိုပြီးတော့ တွက်ချက်နေဖို့မလိုပါဘူး။ တကယ်တမ်းလုပ် ဆောင်ဖို့က အဓိကပါ” ဟု ယင်းကဆိုသည်။

ကိုယ်လက်လှုပ်ရှားမှုနှင့် ပတ်သက်ပြီးမှားယွင်းသည့် အယူအဆများကိုပယ်ကာ မှန်ကန်သည့်အယူ အဆများသို့ ပြောင်းလဲရန်လိုအပ်ကြောင်း၊ ဥပမာအလုပ်မအားသဖြင့် အချိန်မပေးနိုင်ခြင်း၊ လိုအပ်သည့် အားကစားကွင်း ပစ္စည်းနေရာများမရှိခြင်း၊ ကျန်းမာရေးမကောင်းခြင်းစသည့် အကြောင်းပြချက် များဖြင့် ကိုယ်လက်လှုပ်ရှားမှုကို ဆောင်ရွက်နိုင်ခြင်းမရှိခြင်းဟူ၍ အကြောင်းပြခြင်းတို့ဖြစ်ကြောင်း သိရသည်။

“နေထိုင်မှုအလေ့အကျင့်တွေကို ပြင်ဖို့လိုပါတယ်။ ဓာတ်လှေကားအသုံးပြုမယ့်နေရာမှာ အရမ်းမမြင့် တဲ့နေရာတွေ ကို လှေကားဖြင့်တဖြည်းဖြည်းတက်တာမျိုး၊ တီဗွီလိုင်းပြောင်းတာမျိုးတို့ကို အဝေးထိန်း ခလုတ်တွေအစား ကိုယ်တိုင် လက်နဲ့ဖွင့်တာ၊ ပိတ်တာမျိုးတွေ လုပ်သင့်တယ်။ ကိုယ်ရေသောက်ချင်ရင်၊ အစားစားချင်ရင် ကိုယ်တိုင် ယူတာမျိုးတွေ လုပ်သင့်ပါတယ်။ နောက်တစ်ခုကလမ်းလျှောက်နိုင်တဲ့ အကွာအဝေးရှိတဲ့ခရီးကို လမ်းပဲလျှောက် သွားပါ” ဟုဆိုသည်။

အိမ်မှုကိစ္စများဖြစ်သော အမှိုက်လှဲခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ဖုန်သုတ်ခြင်း၊ ကြမ်းတိုက်ခြင်း၊ သစ်ပင် ပြုပြင် ရေးလောင်းခြင်းစသည်တို့ကို ကိုယ်တိုင် လုပ်ဆောင်သင့်ကြောင်း သိရသည်။

လေ့ကျင့်ခန်းကို တစ်နိုင်တစ်ပိုင်စလုပ်ပါ

လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းဖြင့်စတင်လုပ်ခြင်း၊ မိမိခံစားချက်အရ မောတယ်၊ ချွေးစို့တယ်ဆိုရုံမျှ ဖြင့်စတင် လုပ်ခြင်း၊ သက်လုံကောင်းရန်အတွက် လေ့ကျင့်ခန်းကိုတစ်နေ့နာရီဝက်ခန့်၊ တစ်ပတ်လျှင် သုံးရက်မှ ငါးရက် ပြုလုပ်ပေးသင့်ပြီး ကြွက်သား အင်အားတိုးပွားစေသည့် လေ့ကျင့်ခန်းနှင့် ခန္ဓာကိုယ် ဟန်ချက်ထိန်းသိမ်းသည့် လေ့ကျင့်ခန်းကို တစ်ပတ်နှစ်ရက်ပြုလုပ်ခြင်းနှင့် ခန္ဓာကိုယ်ပျော့ပျောင်းစေ သည့် လေ့ကျင့်ခန်းကိုတစ်ပတ်လျှင် သုံးရက်ခန့် အချိန်ဇယားဆွဲကာ ပြုလုပ်သင့်ကြောင်း သိရသည်။

လေ့ကျင့်ခန်းအတိုင်းအတာကို တိုး၍လုပ်လိုပါက နည်းနည်းချင်းတိုးကာ တစ်ဆင့်ချင်းဆောင်ရွက်သင့် ပြီး အပေါင်း အသင်းမိတ်ဆွေများနှင့် စိတ်ပျော်ရွှင်စွာစုပေါင်းလုပ်ဆောင်ရမည့် လေ့ကျင့်ခန်းများဖြစ်ပါ ကပိုမိုကောင်းမွန်ကြောင်း အဓိကအရေးကြီးသည်မှာ မိမိအတိုင်းအတာနှင့် မိမိပြုလုပ်ရေးဖြစ်သည်။

သတိပြုရန်အချက်များ

လေ့ကျင့်ခန်း လုပ်ကိုင်နေစဉ် အသက်ရှူကျပ်လာခြင်း၊ ရင်ဘတ်အောင့်လာခြင်း၊ အမြင်ဝေဝါးလာခြင်း၊ ခေါင်းမူးခြင်း၊ ပျို့ချင်၊ အန်ချင်ဖြစ်ခြင်း၊ ကြွက်တက်ခြင်းများဖြစ်ပါက ချက်ခြင်းရပ်ပြီးအနားယူသင့် ကြောင်း သက်သာမှုမရှိပါက ဆရာဝန်များနှင့် ပြသကာကျန်းမာရေး စစ်ဆေးမှုများကို ခံယူသင့်ကြောင်း သိရသည်။ 


Democracy Today Daily
စက်တင်ဘာ (၉) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...