ကွန်ပျူတာ သန်း ၅၀၀ ခန့် တိုက်ခိုက် ခံရနိုင်သော Shell Shock လုံခြုံရေး ယိုစိမ့်ပေါက်အကြောင်း အရေးပေါ်သတိ ပေးချက်ထုတ်ပြန်။

Linux System နှင့် Apple ကုမ္ပဏီ၏ Mac OS တို့ ၏ တစ်စိတ် တစ်ဒေသဖြစ်သော Bash ဆော့ဖ်ဝဲတွင် ဆိုးရွားသော လုံခြုံရေး ယိုစိမ့်ပေါက် ရှိနေပြီး သန်းပေါင်း ရာပေါင်း များစွာသော ကွန်ပျူတာနှင့် ဆာဗာ များကို လုံခြုံမှု ကင်းမဲ့စေ နေကြောင်း သုတေသီများက ပြောသည်။

ယင်းလုံခြုံရေး ယိုစိမ့်မှုကို Shell Shock ဟု အမည်ပေး ထားပြီး Bash ပေါင်းစပ်ပါဝင်သော ဆော့ဖ်ဝဲတစ်ခုခုကို အသုံးပြုသော မည်သည့်ကွန်ပျူတာ၊ ဆာဗာကိုမဆို အဝေး မှ လှမ်းထိန်းချုပ်နိုင်ကာ ယခုနှစ် ဧပြီလက တွေ့ ရှိခဲ့ သော Heart Bleed Bug ထက်ပင် ပို၍ ဆိုးရွားပြင်းထန်စွာ ဒုက္ခပေးနိုင်ကြောင်း သိရသည်။

Heart Bleed Bug က ကွန်ပျူတာတွေ ဘာလုပ်နေသလဲဆိုတာကို လျှို့ ဝှက်စောင့်ကြည့်တာလောက်ပဲ လုပ်နိုင်ပေ မယ့် ဒီ Shell Shock ကတော့ System တစ်ခုလုံးကို တိုက်ရိုက်ထိန်းချုပ်လို့ ရတဲ့ လုံခြုံရေးယိုစိမ့်ပေါက် ဖြစ်နေပါ တယ်။ ကွန်ပျူတာလုံခြုံရေးစနစ်မှာ တံခါးကြီးတစ်ချပ် ဟင်းလင်းပွင့်နေတဲ့အတိုင်းပါပဲဟု ဆာရေးတက္ကသိုလ်မှ ကွန်ပျူတာလုံခြုံရေးသုတေသီ ပရော်ဖက်ဆာ အယ်လန်ဝူးဒ်ဝေါ ကပြောပြသည်။

Heart Bleed Bug သည် ကမ္ဘာတ၀န်းရှိ ကွန်ပျူတာအလုံးပေါင်း ၅ သိန်းခန့် ကို ဒုက္ခပေးခဲ့သော်လည်း ယခု Shell Shock သည် ကနဦးတွက်ချက်မှုတွင်ပင် ကွန်ပျူတာအလုံးပေါင်း သန်း ၅၀၀ ကိုဒုက္ခပေးနိုင်ပြီး ဤကိန်းဂဏန်းမှာ ထပ်တက်ရန်သာရှိကြောင်း သိရသည်။

Web Server အများစုသည် Apache System ကိုအသုံးပြုကာ လည်ပတ်ရရာဝယ် Apache ဆော့ဖ်ဝဲတွင်လည်း Bash စနစ်က ပေါင်းစပ်ပါဝင်နေသည်။ Bash သည် Bourne-Again SHell ၏အတိုကောက်ဖြစ်ပြီး Unix ကွန်ပျူတာ များတွင် အသုံးပြုသော command prompt တစ်ခုဖြစ်သည်။ Linux နှင့် Mac OS အပါအ၀င် အခြား system အတော်များများကို Unix OS ပေါ်တွင် တည်ဆောက်ထားသည်။

ထို့ အတွက် အမေရိကန်ပြည်ထောင်စု ကွန်ပျူတာအရေးပေါ်အခြေအနေတုန့် ပြန်ရေးအသင်းက Shell Shock အကြောင်း အရေးပေါ်သတိပေးချက်ထုတ်ပြန်လိုက်ပြီး System Administrator များအနေနှင့် ယင်းလုံခြုံရေးယိုစိမ့် ပေါက်ကို အမြန်ဆုံးပြုပြင်ဖာထေးနိုင်ရန် တိုက်တွန်းလိုက်သည်။

ယခုချက်ခြင်းထုတ်လုပ်လိုက်သော Shell Shock ပိတ်ဆို့ စနစ်သည်လည်း ပြည့်စုံမှုမရှိသေးပဲဖြစ်နေပြီး လုံခြုံရေး အဖွဲ့ အစည်းများ၏ ကွန်ပျူတာများတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေရကြောင်း သိရသည်။


Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...